(၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်မှုပြခန်း ပြသ

လွိုင်ကော် ၁၃ ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြု စီမံကိန်းကို ကယားပြည်နယ်လုံးကျွတ် မြို့နယ် ခုနစ်မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၁ဝ ရက်မှစတင်၍ ပြခန်းပြသလျက်ရှိကြောင်း သိရသည်။

 

လူထုဗဟိုပြုစီမံကိန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိစေရန်၊ လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများက စီမံကိန်းအကြောင်းကို ပိုမို ထဲထဲဝင်ဝင် သိလာမှုနှင့်အတူ စီမံကိန်း၏တန်ဖိုးကို နားလည်ပြီး စီမံကိန်း၏ မူလအနှစ်သာရဖြစ်သည့် ပြည်သူများကိုယ်တိုင် တာဝန်ခံ၊ တာဝန်ယူသည့် အလေ့အထကို ပိုမိုသိရှိလာရန် ပြခန်းပြသထားခြင်းဖြစ်ကြောင်း ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောကြားသည်။

 

ပြခန်းတွင် စီမံကိန်းစတင်ဆောင်ရွက်သည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အထိ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများကို အချက်အလက်များ၊ ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထားခြင်း၊ စီမံကိန်းတွင်ပါဝင်သော အချက်အလက်များကို လေ့လာလွယ်စေရန် ဗီနိုင်းကားချပ်များဖြင့် ပြသခြင်း၊ ကျေးရွာများတွင် လက်ရှိ လုပ်ဆောင်နေသော စီမံကိန်းလုပ်ငန်းများကို ပုံစံငယ်များဖြင့် ပြသခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ယင်းပြခန်းတွင် နေ့စဉ်ပြည်သူများ ပိုမိုစိတ်ဝင်စားစေရန် မေးခွန်း ၇ဝ စီစဉ်ထားရှိပြီး ပြခန်းအပြင်ဘက်၌ စက်ဝိုင်းပန်းကို ပြုလုပ်ထားကာ ကယားပြည်နယ် တစ်နံတစ်လျားမှ တက်ရောက်လာသော ပြည်သူများထဲမှ စိတ်ဝင်စားသူမည်သူမဆို ယင်း လှုပ်ရှားမှုတွင်ပါဝင်၍ မေးခွန်းသုံးခုကို မှန်ကန်အောင်ဖြေဆိုနိုင်ပါက စီမံကိန်း လက်ဆောင် တီရှပ်၊ ဦးထုပ်၊ ဖောင်တိန်၊ သော့ချိတ်တို့ကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ဆက်လက်ပြောကြားသည်။

 

အဆိုပါပြခန်းကို ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ (၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်ဖြစ်သော ဇန်နဝါရီ ၁ဝ ရက်မှ ၁၉ ရက် အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)