(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြီးစီး ကျောက်စိမ်းအတွဲ ၅၂၆၃  တွဲ၊ ကျောက်မျက်အတွဲ  ၆၉ တွဲ နှင့် ပုလဲ အတွဲ  ၂၇၄  တွဲ ရောင်းချခဲ့ရ

နေပြည်တော်   ၂၀  မတ် 

 

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာခန်းမ၌ ကျင်းပပြီးစီးခဲ့ရာ ပြပွဲတွင် ယူရိုငွေ ၄၇၄ ဒသမ ၁၄ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၅၂၆၃  တွဲ၊ ယူရိုငွေ  ၁ ဒသမ ဝ၂ သန်း တန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲနှင့် ယူရိုငွေ ၁ ဒသမ ၅၂ သန်း တန်ဖိုးရို ပုလဲအတွဲ ၂၆၉ တွဲ ရောင်းချခဲ့ရသည်။

 

 

ပြပွဲတွင် ကျောက်စိမ်းအတွဲ ၆၉၇၃ တွဲတင်ပြခဲ့ရာ  ၅၂၆၃ တွဲ၊ ကျောက်မျက်အတွဲ ၅၀ဝ တင်ပြခဲ့ရာ အတွဲ ၆၉ တွဲနှင့်  ပုလဲအတွဲ ၂၇၄ တွဲ တင်ပြခဲ့ရာ ၂၆၉ တွဲရောင်းချခဲ့ ရခြင်းဖြစ်သည်။

 

 

ပြပွဲနောက်ဆုံးရက်ကျင်းပသည့် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောက်စိမ်းအရိုင်း ဝယ် ယူခွင့်ရရှိကြသူများ၊ ကျောက်မျက်ရတနာပြသရောင်းချသည့် ဈေးဆိုင်ခန်းများတွင် လေ့လာ ကြည့်ရှုနေကြသူများဖြင့် စည်ကားလျှက်ရှိသည်။

 

 

ပြပွဲအပြီးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ စီမံရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ဦး၊ စီမံရေးရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဇော်ဦး၊ ကျောက်စိမ်းလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးကျော်ဦးလွင်၊ ကျောက်မျက်လုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးလှအောင်နှင့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးသောင်းထွန်း  တို့က (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရ တနာပြပွဲတွင် ပြသရောင်းချရသည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်တွင်း ပြည်ပသတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

 

``  ယခင်ပြပွဲတွေကို ဇွန်လ၊ ဇူလိုင်လ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလ တွေမှာ ကျင်းပလေ့ရှိပါတယ်။ ယခုပွဲကိုတော့ မတ်လ မှာကျင်းပတယ်၊ ဖေဖော်ဝါရီလက တရုတ် နှစ်သစ်ကူးလဖြစ်နေတယ်၊ ဘာဖြစ်လို့ မတ်လမှာကျင်းပတာလဲဆိုရင် မြန်မာ့ကျောက်စိမ်း အရိုင်းတွေကို တရုတ်နိုင်ငံကရတနာကုန်သည်တွေက ဝယ်ယူမှုအများဆုံးဖြစ်နေလို့ပါပဲ။ ပြပွဲကို သြစတေးလျနိုင်ငံ က ၁ ဦး၊ အမေရိကန်ပြည်ထောင်စုက ၂ ဦး၊ အိန္ဒိယနိုင်ငံ က ၆ ဦး၊ ထိုင်းနိုင်ငံ က ၂၃ ဦးနဲ့ တရုတ်နိုင်ငံက ၂၈၇၉ ဦးတက်ရောက်ကြပြီး ပြည်တွင်း ရတနာကုန်သည် ၁၆၄၆ ဦးတက်ရောက်ပါတယ် `` ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦး က ပြောသည်။

 

 

`` ပြပွဲမှာ အားနည်းချက်မရှိအောင် ပြပွဲတိုင်းရဲ့အားနည်းချက်တွေကို ပြပွဲဗဟိုကော် မတီ၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း စတဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြုပြင်မှုတွေဆောင်ရွက်ပါတယ်။ ဒီပြပွဲဟာ အောင်မြင်တဲ့ပြသရောင်းချပွဲလို့ဆိုရ မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝယ်ယူတဲ့ကုန်သည်တွေရဲ့ ဝယ်ယူတဲ့ဈေးနှုန်းတွေ ကြောင့်ပါပဲ၊ ချုံငုံပြောရရင် အောင်မြင်တယ်လို့ဆိုရမှာဖြစ်ပါတယ်´´ဟု ၄င်းကဆက်လက် ပြောပြသည်။

 

 

ဟူးကောင်းရတနာ ကျောက်မျက်ဆိုင်ပိုင်ရှင် ဦးရဲနီ က `` အရောင်းဆိုင်တွေ ဟာ အခြားပြပွဲတွေထက်စာရင် ရောင်းချရမှုအားနည်းတယ်၊ နေပြည်တော်မှာရှိတဲ့ ပြည်သူတွေ နဲ့ဝန်ထမ်းတွေကို ယာယီဝင်ခွင့်ကတ်တွေနဲ့ဝင်ခွင့်ပြုပြီး ကျောက်မျက်ရတနာအချောထည် တွေကို မြန်မာကျပ်ငွေနဲ့ဝယ်ယူခွင့်ပြုပေးစေချင်တယ်၊ ဒါဆိုရင်ဆိုင်ရှင်တွေလည်းရောင်း ကောင်းပြီး နိုင်ငံတော်အတွက်အခွန်ငွေလည်း တစ်ဖက်တစ်လမ်းရရှိစေမှာဖြစ်ပါတယ်၊ နောင်လာမယ့်ပြသပွဲတွေမှာ နိုင်ငံအတွင်းမှာရှိတဲ့ သံရုံးတွေ၊ စစ်သံရုံးတွေကိုလည်းလာရောက် ကြည့်ရှုစေချင်တယ်၊ ကျောက်မျက်အရောင်းဆိုင်တွေ ရောင်းအားတက်စေဖို့ လာရောက် ကြည့်ရှုချင်တဲ့အများပြည်သူတွေနဲ့ နိုင်ငံခြားကနေ အစည်းအဝေးလာတက်တဲ့ သူတွေကို ပြပွဲကာလမှာ ဝင်ခွင့်ပြုကြည့်ရှုစေချင်တယ်´´ ဟုပြောပြသည်။

 

 

၂၀၁၈ ခုနှစ် က ကျင်းပခဲ့သည့် (၅၅) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ယူရိုငွေ ၄၂၃ ဒသမ ၁၁ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၅၂၅၉ တွဲရောင်းချခဲ့ရသော် လည်း အမှန်တကယ်ငွေပေးချေဝယ်ယူမှုတွင် ယူရိုငွေ ၃၃၁ ဒသမ ၉၀ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၄၂၆၀ တွဲအတွက်သာပေးချေခဲ့သည်။ ထို့အတူ ယူရိုငွေ ၁ ဒသမ ၃၈ သန်း တန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကိုလည်းကောင်း၊ ယူရိုငွေ ၂ ဒသမ ၆၀ သန်းတန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကို လည်ကောင်းရောင်းချခဲ့ရသည်။

 

 

(သတင်းစဉ်)