(၃၄)ကြိမ်မြောက် အသံမစဲ မဟာအဘိဓမ္မာ(၇)ကျမ်း  (၇) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်

ကျောင်းကုန်း  ၁၁  မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မျက်ရှင်တော်ပြည်လုံးချမ်း သာဘုရားကြီးတွင် (၃၄)ကြိမ်မြောက် မဟာအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန် ဖွင့်ပွဲကျင်းပခဲ့သည်။

 

၁၃၈၀ ခုနှစ် ကဆုန်လဆန်း ၈ ရက်နေ့မှ ကဆုန်လပြည့်နေ့အထိ (၇)ရက်၊ နာရီပေါင်း(၁၆၈)နာရီတိုင်တိုင် ဘာဏကဆရာတော်၊သံဃာတော် အပါး(၃၀)တို့မှ အဘိဓမ္မာ(၇)ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမိုက် နှင့် ပဌာန်း ကျမ်းတော်မြတ်များကို နေ့ည အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်သည်။

 

ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ကြခြင်း ဖြစ်ပြီး၊ အလှူရှင်များမှ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေပိုင်းအချိုရည်၊ ဓမ္မအသံတော်၊ ဓမ္မအလင်းရောင် တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)