နေပြည်တော် မတ် ၁၄

 

(၂၉)ကြိမ်မြောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်း အဝေး (29th ASEAN Senior Level Committee Meeting for Financial Integration) ကို ယမန်နေ့ တွင် မလေးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ အစည်းအဝေး၏ ပူးတွဲသဘာပတိများ ဖြစ်ကြသည့် ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားများ ပြောကြားကြပြီး မလေးရှားနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အကျဉ်းချုပ် အချက်အလက်များကို မလေးရှားနိုင်ငံ ဗဟိုဘဏ် တာဝန်ရှိသူက ရှင်းလင်းတင်ပြကာ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ+၃ မေခရို စီးပွားရေးသုတေသနရုံးတို့မှ တာဝန်ရှိသူများက ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသော မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ လုပ်ငန်းစဉ်များအောက်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ၊ အေအီးစီ မဟာဗျူဟာမြောက်လုပ်ငန်း စီမံချက် (၂၀၂၆-၂၀၃၀) နှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍအလိုက်စီမံချက် (၂၀၂၆-၂၀၃၀) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အနာဂတ်ကာလတွင် ဗဟိုဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနများနှင့် ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုစင်္ကြံများ ထူထောင်ရေးဆိုင်ရာ မူဘောင်အတွက် သဘော တရားစာတမ်းနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့် ကော်မတီ၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များကို မလေးရှားနိုင်ငံဗဟိုဘဏ်မှ ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌများထံမှ အတည်ပြုထောက်ခံ ချက်များ ရယူခဲ့သည်။

 

ယင်းနောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၏ ပူးတွဲသဘာပတိများသည် အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင်၊ ငွေလုံး ငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး၊ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးပါဝင်သော ငွေရေးကြေးရေး ကဏ္ဍ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ကြီးကြပ်ထိန်းကျောင်းမှုကော်မတီတို့နှင့် စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှု အခြေအနေများ ရှင်းလင်းတင်ပြကြသည်။

 

အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေး ပူးတွဲသဘာပတိများသည် အာဆီယံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှ တင်ပြသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အပေါ် စောင့်ကြည့်လေ့လာမှုပုံစံကို အခြေခံ၍ ရေးဆွဲထားသည့် အစီရင်ခံစာကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်း ဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ မလေးရှားနိုင်ငံ ဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံမှုရှိရေး၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးနှင့် သတင်းအချက်အလက် များအား မျှဝေသည့် စင်္ကြံတည်ထောင်ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှု အခြေအနေများကို လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်မှ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ ငွေကြေးဖလှယ်မှု အစီအစဉ်ဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေး အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အာဆီယံဘဏ်လုပ်ငန်းရှင်များအသင်းက အာဆီယံနိုင်ငံများအကြား အချက်အလက်များ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေးမူဘောင်နှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများ ပြုလုပ်ကြသည်။

 

ထို့နောက် ထိုင်းနိုင်ငံဗဟိုဘဏ်က လုံခြုံစိတ်ချရပြီး အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဆိုင်ရာ သဘောတရားနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး (၂၉)ကြိမ်မြောက် အာဆီယံ ငွေရေးကြေးရေးပေါင်းစည်း ရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်နှင့် အင်ဒိုနီးရှား နိုင်ငံဗဟိုဘဏ်တို့မှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်