၂၇-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)နှင့် ကယားပြည်နယ်တွင် စစ်ရေးနှင့်မသက်ဆိုင်သော နေရာများကို လာရောက်တိုက်ခိုက်မှု၊  ရခိုင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ဒေသတွင် ဖြစ်ပေါ်နေသောအခြေအနေများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိမှု၊ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု၊ အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသည့် USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများအားအမှီပြု၍  အနောက်နိုင်ငံ မီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများ၊ ၂၇-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)နှင့် ကယားပြည်နယ်တွင် စစ်ရေးနှင့်မသက်ဆိုင်သော ကယားပြည်နယ် ယဉ်ကျေးမှုအဆောက်အအုံနှင့် အကျဉ်းထောင်သို့ လာရောက်တိုက်ခိုက်မှုများ၊  ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ဒေသတွင် ဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးကွာပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။  ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစင်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘော Destroyer အမျိုးအစား သင်္ဘောတစ်စင်း၊ Frigate အမျိုးအစား သင်္ဘောတစ်စင်းနဲ့ ထောက်ပံ့ပို့ဆောင် ရေးယာဉ်တစ်စင်း စုစုပေါင်းသုံးစင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ မြန်မာ့ တပ်မတော်(ရေ) မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့စစ်သံရုံးမှ တာဝန်ရှိသူတွေအနေနဲ့ လှိုက်လှဲစွာကြိုဆိုခဲ့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ချစ်ကြည်ရေးခရီး လည်ပတ်မှု၊ လေ့လာမှု၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြုလုပ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ မနေ့ကကျွန်တော် ပြောခဲ့သလို မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ် ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့တပ်မတော် နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်းပြောကြားလိုပါတယ်။ ဒီနေ့ မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ကျွန်တော်တို့ပြန်လည် အပ်နှံရာမှာ တရုတ်အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦး ပေါင်း ၅၅၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ ပါတယ်။ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ စုစုပေါင်း အမျိုးသား ၈၃၁၂ ဦး၊ အမျိုးသမီး ၈၈၂ ဦး ပေါင်း ၉၁၉၄ ဦး လွှဲပြောင်း ပြီးဖြစ်ပါတယ်။ ဒီနေ့ နောက်ထပ်ထူးထူးခြားခြား သတင်းတစ်ခုကတော့ အမေရိကန်အစိုးရရဲ့ ကျောထောက်နောက်ခံ ပြုထားတဲ့ USIP (United State Institute of Peace) ဆိုတဲ့ အဖွဲ့အစည်းကနေ သူ့ရဲ့သုတေသန စာတမ်းတွေကို အမှီပြုပြီးတော့ အနောက်နိုင်ငံမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုး ရှိပါတယ်။ အဓိကအချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ် နေတဲ့အခြေအနေကြောင့်မလို့ ဒီအခြေအနေတွေကို ပိုပြီးဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုးဖြစ်မှာ မဟုတ်ဘူး။ ဓားပြဆန်ဆန် အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး တစုတစည်းတည်း ရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာတာဖြစ်ပါတယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့ အရိပ်အယောင်မျိုးကို ပြသခြင်းဖြစ်ပါတယ်။ ဒီအနောက်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လက်တွေ့သူတို့ပြောတဲ့အတိုင်း မြေပြင်မှာဖြစ်နေခြင်း ရှိမရှိပါပဲ။ လက်တွေ့လည်း မြင်နေရတာဖြစ်ပါတယ်။ သူတို့ပြောနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်းမှာပဲ သွေးကွဲမှု တွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွင်းမှာပဲ စစ်ကိုင်းဘက်မှာဆိုရင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေတာမျိုးတွေရှိတယ်။ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့ကကိုပဲ တချို့သော လက်နက်ကိုင်အဖွဲ့တွေကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင် ကြေညာခဲ့တာတွေရှိတယ်။ ပြည်သူလူထု အပေါ်မှာ အကြိမ်ကြိမ်သတ်ဖြတ်တာတွေ၊ လုယက်တာတွေလုပ်နေတာ တွေရှိတယ်။ တရားမဲ့ပြုကျင့် နေတာတွေရှိတယ်

 

ဆိုတာ အားလုံးကိုမျက်ကွယ်ပြုပြီးမှ သုံးသပ်ခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်ကိုင်းဘက်မှာဆိုရင် ဒီPDF အမည်ခံ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီး တစ်ယောက်ကို လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တဲ့လုပ်ရပ် ဟိုးလေးတကျော်ကျော်ဖြစ်လာမှ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုး ပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲဒီအဖွဲ့တွေကပါ လွတ်မြောက်သွားတဲ့ကိစ္စတွေ၊ တရားမဲ့ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ ဟာတွေ၊ အမြင်မတူတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေတဲ့ဟာတွေ၊ ဒါတွေဟာလက်တွေ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ပြောပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေ၊ MNDAA အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ သမိုင်းကြောင်းတွေ ပြောပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ မူရင်းအခြေခံ ဇာစ်မြစ်ဟာ၊ စီးပွားရေးလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပါတယ်။ ဘိန်းနဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ထင်ရှားတဲ့သမိုင်းသာဓက တွေရှိပါတယ်။ ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာ ဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေကထွက်ခဲ့တာလဲ။ ဘယ်အမျိုးအနွယ် ကနေလာခဲ့တာလဲဆိုတာ သမိုင်းအထင်အရှား ရှိပြီးဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ဒီနေရာမှာ ဗကပလွှမ်းမိုးလာပြီးတော့မှ သူတို့ပျောက်ကွယ်သွားတယ်။ ပြီးရင် ဗကပအနေနဲ့ ဘိန်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း သူတို့ရဲ့လက်အောက်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေကိုပဲ အသုံးပြုပြီး စေခိုင်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဗကပ ကွပ်ကဲမှုအောက်ကနေလွတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီလုပ်ငန်းတွေကိုပဲ ဆက်လုပ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကမှတစ်ဆင့် ငွေရလာတယ်။ အဲဒီကနေမှတစ်ဆင့် အဲဒီလုပ်ငန်းတွေကို စောင့်ရှောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်း ထူထောင်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းထူထောင်တော့ ဒါ့ထက်တရားမဝင် လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရတယ်။ ဒါတွေကို စောင့်ရှောက်ဖို့အတွက် လက်နက်တွေ၊ ခဲယမ်းတွေဝယ်တယ်။ လက်နက်ကိုင် အဖွဲ့အစည်း ထပ်တိုးချဲ့တယ်။ ဒီဟာနဲ့တင် သံသရာလည်နေတာဖြစ်ပါတယ်။ ဒီလိုသမိုင်းကြောင်းတွေ၊ ဒီလိုထင်ရှား ရှိတဲ့ဟာတွေကို မျက်ကွယ်ပြုပြီး အခုလိုသုံးသပ်ပြီး မီးထိုးပေးနေခြင်းသည် ဒီပဋိပက္ခမှာ အနောက်နိုင်ငံတွေနဲ့ အပေါင်းအပါများ ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီဆိုတာကို သိနိုင်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုအားလုံး၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ အားလုံးက ဂရုစိုက် သတိပြုရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ထိတွေ့တိုက်ပွဲအနေနဲ့ မနေ့ညဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာ နှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲဒီဘက်မှာ ထိတွေ့တိုက်ပွဲ မရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက် အကျအဆုံးများစွာရှိတယ်ဆိုတာ သိရှိရပါတယ်။ ဒီကနေ့မှာတော့ ကုန်းကြမ်း ဘက်မှာ Drop Bomb နဲ့ မြောက်မြားစွာချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ မုန်းစီးဘက်မှာလည်း Drop Bomb တွေချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ စီကောကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ စစ်ရေးနဲ့မဆိုင်တဲ့ နေရာတွေဖြစ်တဲ့ ကယားပြည်နယ် ယဉ်ကျေးမှု အဆောက်အအုံ၊ အကျဉ်းထောင်ဒါတွေကို လာရောက်ပြီးတိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ ရန်သူအနေနဲ့ ထိခိုက်ကျဆုံးမှုများရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပလက်ဝနဲ့ ထရွန်အိုင်ဘက်မှာ တိုက်ခိုက်ခဲ့တာ ရှိပါတယ်။

 

နုန်းဘူးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ပလက်ဝမှာတော့ အဝေးကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်အထူးအလေးအနက်ထားပြီး ပြောကြားလိုတာကတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတာ လုပ်ဆောင်ဖို့အတွက် အချက်ပေးလှုံ့ဆော်မှုတွေ ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါ တယ်။ USIP ဆိုတဲ့ အဖွဲ့အစည်းရဲ့ အစီရင်ခံစာကို သုံးသပ်ပြီး ပြည်ဖျက်မီဒီယာတွေအနေနဲ့ အမျိုးမျိုး သုံးသပ်ပြီး ရေးသားလှုံ့ဆော် နေတာတွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံး၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအားလုံးက အလေးအနက်ထား စောင့်ကြည့်သတိပြုသွား ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။