(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်သူအချို့၏ စကားသံများ

၁၁ ဒီဇင်ဘာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ပထမနေ့ကို နေပြည်တော်ရှိ MICC-2 တွင် မေ ၂၄ ရက်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်များသည် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းများဖြစ်လာရန် မျှော်လင့်ထားကြသည်။ တက်ရောက်လာသူ အချို့၏ သဘောထား အမြင်များ၊ အယူအဆများ၊ မှတ်ချက်များကို ဖော်ပြလိုက်ပါသည်-

ဦးဆမ်ဆောင်းကား

'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ NCA လက်မှတ်ထိုးတာ၊ မထိုးတာ နဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ပြေလည်အောင်ညှိနှိုင်းပြီး တရားဝင်တဲ့ အစည်းအဝေးတစ်ခု လုပ်ရင် ပိုကောင်းမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုအဖွဲ့ချန်၊ ဒီအဖွဲ့ချန်ဆိုလို့ရှိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ခေါင်းဆောင်တွေ သေချာညှိနှိုင်းပြီး ဘောင်ဝင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ဆောင်ရွက်သွားရင် အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဦးတည်တဲ့အခါ အခုပုံစံက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်အတွင်းထဲမှာ ဆွေးနွေးရတာတို့၊ NCA လက်မှတ်ထိုးမှ ဆွေးနွေးရတာတို့က ကျွန်တော့်အမြင်ရတော့ သိပ်မလွတ်လပ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက လွတ်လွတ်လပ်လပ်တိုင်ပင် ညှိနှိုင်းပြီး အဖြေရှာရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။

ဦးဇော်ဌေး

ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒီညီလာခံကို တက်ရောက်တဲ့ သက်ဆိုင်ရာအစုအဖွဲ့ ခေါင်းဆောင်တွေ၊ အစိုးရအစုအဖွဲ့ ခေါင်းဆောင် ဆိုရင် ဒေါက်တာတင်မျိုးဝင်း၊ တပ်မတော် ဆိုရင် တပ်မတော်ဘက် အစုအဖွဲ့ရှိမယ်။ လွှတ်တော်အစုအဖွဲ့ ရှိမယ်။ နိုင်ငံရေးပါတီအစုအဖွဲ့ ခေါင်းဆောင်တွေ သဘောတူ လက်မှတ် ရေးထိုးကြမယ်။ လက်မှတ်ထိုးတဲ့ သဘောတူ စာချုပ်တစ်ခု ဖြစ်လာမယ်။ ဒီစာချုပ်က ကျွန်တော်တို့ပြောနေတဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ဖြစ်လာမယ်။ ညီလာခံတစ်ခုပြီးတိုင်း ပြီးတိုင်း ရရှိလာတဲ့ သဘောတူညီချက်တွေကို ကျွန်တော်တို့က လက်မှတ် ရေးထိုး စာချုပ်ချုပ်မယ်။ ဒီစာချုပ်တွေ ပေါင်းပြီး ပြည်ထောင်စုစာချုပ်ကြီး ဖြစ်လာမယ်။ ဆိုလိုတာက ကျွန်တော်တို့ (၂၁)ရာစု ပင်လုံညီလာခံရဲ့ သဘောတူ စာချုပ်နောက်ဆုံးကျရင် ဖြစ်လာမယ်။

ဦးမင်းဦး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၆) ဒီနေ့မှာ ဘုံသဘောတူညီချက် ၄၁ ချက် ရထားပြီးပြီလို့ သိရပါတယ်။ ဒီအပေါ်မှာ အမြင်မတူတာတွေ၊ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ သူ့သဘော၊ ကိုယ့်သဘော၊ သဘောတူခြင်း၊ မတူခြင်းတွေ၊ သူ့အမြင်၊ ကိုယ့်အမြင်တွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဆွေးနွေးခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အာမခံချက်ပေးနိုင်မယ့် သဘောတူညီမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဒီညီလာခံ ကနေပြီးတော့ ရလာနိုင်လိမ့်မယ်လို့ မျှော်လင့်သလို NCA လက်မှတ် ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေကလည်း နောင်တစ်ချိန်မှာ ပါဝင်လာလိမ့် မယ်လို့ မျှော်လင့်တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ လေးပုံသုံးပုံလောက်ပါလာပြီဆိုရင် ကျန်တဲ့တစ်ပုံလည်း ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာကတော့ စိတ်ရှည်မှု၊ သည်းခံမှုတွေနဲ့ သွားရမှာဖြစ်တယ်။ ကမ္ဘာနဲ့ အဝှမ်းဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ် ကြီးတောင်မှ လက်နက်နဲ့ ငြိမ်းခဲ့ရတာ မဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲ ငြိမ်းချမ်းရေးကိုယူခဲ့ကြတာ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရရှိနိုင်မယ့် အခြေခံ ရလဒ်ကောင်းတွေ ထပ်ပြီးပေါ်ထွက် လာလိမ့်မယ်။ လက်မှတ်မထိုးဘဲ ကျန်နေခဲ့တဲ့ အစုအဖွဲ့တွေလည်း ပါဝင်ပူးပေါင်းလာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။

ဒေါက်တာစိုင်းကျော်ဦး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဗဟိုကော်မတီဝင်ဒီကနေ့ ပြောသွားတာတွေက မှတ်သားလောက်တဲ့အချက်တွေ အများကြီး ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လိုလားတောင့်တတဲ့ လိုလားချက်တွေရဖို့အတွက် ဒီညီလာခံကနေပြီးတော့ ချက်ချင်းကြီး အဖြေတော့ မထွက်နိုင်သေးဘူး။ ရလဒ်ကောင်းတစ်ခုရဖို့အတွက်ဆိုရင် အချိန်တော့ယူရလိမ့်မယ်။ လက်နက် ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လာမှပဲ အဆင်ပြေမယ်။ အဲလိုမှမဟုတ်ရင် ပြီးဆုံးမှာမဟုတ်ပါဘူး။ အဲဒါဟာ အဓိကအချက်ပါပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ကတော့ တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဒီကနေ့တက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက အဖွဲ့ငါးဖွဲ့လောက်တော့ NCA လက်မှတ်ထိုးနိုင်လိမ့်လို့ကြားပါတယ်။

ဦးခွန်ဥက္ကာ

PNLO ဦးဆောင်နာယက ကဏ္ဍငါးရပ်မှာ ဒေသအလိုက်၊ လူမျိုးအလိုက်လုပ်ထားတဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ်။ ဆွေးနွေးပွဲတွေကရလဒ်တွေကို ပေါင်းလိုက်တော့ ၄၁ ချက် ထွက်လာတယ်။ ကဏ္ဍငါးခုက ၄၁ ချက်ကို ဆွေးနွေးမယ်။ ဖြစ်နိုင်ရင်အတည်ပြုမယ်။ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍတို့မှာ နည်းနည်းစီနဲ့ နိုင်ငံရေးကဏ္ဍမှာ ၇၈ ချက်ဖြစ်ပါတယ်။

UNFC က အဖွဲ့ဝင် အဖွဲ့ကတော့ နှစ်ဖွဲ့ရှိတယ်။ နှစ်ဖွဲ့ လာတက်တယ်။ ဒီတစ်ခါတော့ မြောက်ပိုင်းတပ်ပေါင်းစု ဆိုင်းဘုတ်နဲ့လာတာပါ။ UNFC ဆိုင်းဘုတ်နဲ့ ကျန်ခဲ့တဲ့အဖွဲ့လေးဖွဲ့ကတော့ လာတာမတွေ့ရဘူး။ UNFC မလာဖြစ်တာကတော့ သူတို့တင်ထားတဲ့ ရှစ်ချက် မရသေးလို့ဆိုပြီးကြား တယ်။ တကယ်တော့ ရှစ်ချက်နဲ့မဆိုင်ဘူး။ ရှစ်ချက်ရရင်လက်မှတ်ထိုးတာ။ လက်မှတ်လာထိုးခိုင်းတာ မဟုတ်ဘူး။ အထူးဖိတ်ကြားသူအဖြစ်နဲ့ လာတက် ခိုင်းတာပါ။ လက်မှတ်ထိုးဖို့ အဖွဲ့ အသစ်ကတော့ မရှိသေးပါဘူး။ လက်မှတ်ထိုးရေး၊ မထိုးရေးက ဒီနေရာမှာ စကားပြောမှာမဟုတ်ဘူး။ သဘောတူညီချက်တွေကလည်း NCA နဲ့အညီ ဖြစ်လာတာပါ။ စာချုပ်မှာ ကတိကဝတ် အတူပြုလိုက်ရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်ပါလို့ရတယ်။ မူလ NCA ထဲမှာတော့ ထဲထဲဝင်ဝင်ပါလာဖို့လိုတယ်။ NCA ဆိုတာကတော့ တံတားတစ်စင်းပါပဲ။ အဲဒီတံတားကို ဖြတ်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုအဆင့်ကို ရောက်သွားမှာပါ။

ဒေါ်စောမြရာဇာလင်း

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဒုတိယခေါင်းဆောင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ တိုင်းရင်းသား တစ်ရပ်လုံး မျှော်မှန်းနေတဲ့ မျှော်မှန်းချက် ဖြစ်တယ်။ ဆူကြုံနိမ့်မြင့်မရှိအနေ အထားနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းဖို့ အင်မတန်အရေးကြီး ပါတယ်။ ထိုနည်း၎င်း ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဆန့်ကျင်ကွဲလွဲမှု မရှိတဲ့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံတွေကို ရေးဆွဲရမှာဖြစ်တယ်။ ကိုယ့်ရဲ့ အစိုးရကို ကိုယ်ကိုယ်တိုင်က ရွေးချယ် တင်မြှောက်ဖို့ လိုအပ်တယ်။ အဲဒါ ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကို ဒီညီလာခံမှာ ဆွေးနွေးသွားမှာပါ။ အုပ်စုလိုက် ဆွေးနွေးတဲ့နေရာတွေရှိ တယ်။ ကဏ္ဍအလိုက်ဆွေးနွေးတဲ့ နေရာတွေရှိတယ်။ ကျွန်မတို့မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာဆိုရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဥပဒေပြုခွင့် အာဏာတွေ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ခွင့်တွေ ကျွန်မတို့မှာရှိရမယ်။ ဒါဟာ ကျွန်မတို့ရဲ့ အဓိကရည်မှန်း ချက်တွေဖြစ်ပါတယ်။

အေဝမ်းစိုး၊ နိုင်လင်းကြည်