၂၁ ရာစု စိန်ခေါ်မှုများအတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ

ဒေါက်တာမြတ်မိုး

အရှိန်အဟုန်ဖြင့် ပြောင်းလဲမြန်ဆန်နေသည့် ယနေ့က္ဘာကြီးတွင် စိန်ခေါ်မှုများကို ရင်ဆိုင်အန်တုဖြေရှင်းနိုင်မည့် ခေတ်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုများနှင့် လေ့လာသင်ယူမှု များသည် ၂၁ ရာစုတွင် ကြီးပြင်းလာသော မျိုးဆက်သစ်လူငယ်များအတွက် အဓိကကျလှပါသည်။ မြန်မာ့ပညာရေးစနစ်၏ ရည်ရွယ်ချက်များတွင် “ကျောင်းသူ၊ ကျောင်းသား လူငယ်များအား ၂၁ ရာစုနှင့် ဆီလျော်သော ကျွမ်းကျင်မှုအသိပညာရပ်များ တတ်မြောက်လာစေရန်” ဟူသည့် အချက်တစ်ချက်လည်း ပါဝင်နေသည်ကို လေ့လာမိပါသဖြင့် ၂၁ ရာစုကျွမ်းကျင်မှုများဆိုသည်ကို မိတ်ဆက်လိုခြင်းသည် အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသော နိုင်ငံတိုင်းတွင် ပညာရေးသည် အဓိကစိန်ခေါ်မှု တစ်ရပ်လည်းဖြစ်သလို ကျောင်းသားလူငယ်များသည် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝအသုံးချပြီး စဉ်ဆက်မပြတ် ပညာသင်ယူလိုစိတ်ဖြင့် လက်တွေ့လုပ်ငန်းခွင်တွင်ပါ အသုံးချနိုင်သော အရည်အသွေးရှိသည့် လေ့လာသင်ယူမှုစနစ်များကို တည်ဆောက်နေကြပြီဖြစ်၍ ၎င်းနိုင်ငံများ၏ သင်ရိုးညွှန်းတမ်းများတွင် ၂၁ ရာစု ကျွမ်းကျင်မှုများကို ဦးတည်ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ပညာရေးပြုပြင် ပြောင်းလဲမှုတွင် ပြောင်းလဲမှုနှင့်အညီ တီထွင်ဆန်းသစ်သော ပညာရေးသဘော တရားများကို က္ဘာ့အမြင်နှင့် ထပ်ဟပ်အောင် ကြိုးစားသင်ကြားပေးနေသည် ကိုလည်း တွေ့ရှိရပါသည်။

၂၁ ရာစုကျွမ်းကျင်မှုများသည် တစ်ခုနှင့်တစ်ခုလည်း အမှီသဟဲပြုနေပါသည်။ အရည်အချင်းတစ်ရပ်ကို တည်ဆောက်နိုင်လျှင် ကျန်အရည်အချင်းများကို ရရှိပြီးသား ဖြစ်သွားပါသည်။ ဤအရည်အချင်းများကို လေ့လာသင်ယူ လေ့ကျင့်ပေး နိုင်ပြီဆိုလျှင် နိုင်ငံအတွင်း ငြိမ်းချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် ပညာရေးဖွံ့ ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ ( အခြေခံပညာကဏ္ဍ)၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးကဏ္ဍအရေးကြီးပုံနှင့် သင်ယူမှုနည်းလမ်းအသစ်များ အသုံးပြုပြီး ပြုစုပျိုးထောင်ပေးရာတွင် ၂၁ ရာစု ကျွမ်းကျင်မှု ( 21st Century Skills)  Thinking Skills နှင့် ပတ်သက်၍ သင်ယူမှုနည်းလမ်းအသစ်များ အသုံးပြုလေ့ကျင့်သင်ကြားပေးရန် ထည့်သွင်း ပြောကြားသွားသည်ကို လေ့လာမိပါသည်။

လူ့လောကတွင် ရပ်တည်ရှင်သန်နိုင်ရန် အချက်အလက်များကို မှတ်မိရုံသာမက တွေးခေါ်စိစစ်တတ်ပြီး ပြဿနာများကို ဖြေရှင်းတတ်ရန် အရေးကြီးပုံ၊ ကျိုးကြောင်းဆက်စပ်တွေးခေါ် သင်ယူတတ်သောကလေးများအဖြစ် လေ့ကျင့်ပေးရန် အရေးကြီးပုံ၊ အချက်အလက်များကို စုဆောင်းစိစစ်တတ်ပြီး ပြဿနာများကို အဖြေရှာဆွေးနွေးနိုင်သော အရည်အချင်းများ၊ တီထွင်ဖန်တီးခြင်းနှင့် ဆန်းစစ်ဝေဖန် ပိုင်းခြားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိစေရန် လေ့ကျင့်ပေးခြင်းမှတစ်ဆင့် ကလေး များသည် မိမိတို့ကိုယ်တိုင်ဘဝတစ်လျှောက်တွင် အရည်အချင်းများ ကိုယ့်ဘာသာ ကိုယ် ဖြည့်ဆည်းပြီး လျှောက်လှမ်းတတ်စေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်” အရည်အသွေးရှိသည့် ပညာရေးမှတစ်ဆင့် လမ်းòန်သွားသည်ကို ဖတ်ရှုလိုက်ရ ပါသည်။ ဆိုခဲ့သည့် အရည်အသွေးများသည် ယနေ့ခေတ် ၂၁ ရာစု၏ လူငယ်များတွင် ရှိရမည့်အရည်အချင်းများပင် ဖြစ်ပါသည်။

အခက်အခဲများကို ရင်ဆိုင်ကျော်လွှားသွားရန် လိုအပ်မည့် ၂၁ ရာစု Smart Mind များတွင် Critical Thinking  (ဆန်းစစ်ဝေဖန်နှိုင်းချိန် အကဲဖြတ်စွမ်းရည်)၊ Creativity  (တီထွင်ကြံဆမှု) ၊ Communication (ပြောဆိုဆက်ဆံမှု)၊ Collaboration  ( ပူးပေါင်းဆောင်ရွက်တတ်မှု) ၊ Leadership (ခေါင်းဆောင်မှု)၊ Media and Information Literacy (မီဒီယာနှင့် လူထုဆက်သွယ်ရေး သတင်းအချက်အလက်ဆိုင်ရာ ကျွမ်းကျင်မှု) ၊ Mobile Literacy နှင့် Mobile  နည်းပညာ၊ Social Skill နှင့် Flexibility  (လူမှုဆက်ဆံရေးနှင့် လိုက်လျောညီထွေဖြစ်မှု) စသည့် ကျွမ်းကျင်မှုများသည် နိုင်ငံသားကောင်းဖြစ်မည့် ၂၁ ရာစု လူငယ်များအတွက် အနိမ့်ဆုံးလိုအပ်သော ကျွမ်းကျင်မှုများပင် ဖြစ်ပါသည်။ ကျွမ်းကျင်မှုကို အခြေခံသလို ကိုယ်ကျင့်စာရိတ္တကိုပါ မြှင့်တင်နိုင်လျှင် ကိုယ်ရည်ကိုယ်သွေး ပိုမိုပြည့်ဝသည့် လူငယ်လူရွယ်များဖြစ်လာနိုင်ပါသည်။

ဆန်းစစ်ဝေဖန်အကဲဖြတ်စွမ်းရည်

စဉ်းစားဝေဖန်ပြီး ဆန်းစစ်အကဲဖြတ်နှိုင်းချိန်တတ်သော ကျွမ်းကျင်မှုတစ်မျိုးဖြစ်ပြီး အရေးပါသောစွမ်းရည်တစ်ခု ဖြစ်ပါသည်။ မိမိ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ဆင်ခြင်စဉ်းစားကြည့်မြင်သုံးသပ်ကာ အမှားအမှန် ဝေဖန်ခွဲခြားခြင်း၊ မှန်ကန်သော ရွေးချယ်မှုဖြင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လေ့ကျင့်ယူရပါသည်။ အမှား အတွေ့အကြုံက နောက်ထပ်မမှားစေရန်၊ အမှား၏ အကျိုးနှင့် ဆက်စပ်ခါးသီးသော သင်ခန်းစာများကို အခြေပြုပြီး မှန်ကန်မှုအတွက် မည်သူ၏ အကူအညီမျှမယူဘဲ ရယူနိုင်အောင် လေ့ကျင့်ပေးခြင်းဖြင့် လူငယ် ူရွယ်များတွင် ဘယ်အရာကအမှား၊ ဘယ်အရာက အမှန်ဆိုသည်ကို ကွဲကွဲပြားပြားသိရှိနေရမည့် ကျွမ်းကျင်မှုမျိုး ဖြစ်ပါသည်။

တစ်နည်းအားဖြင့် စဉ်းစားတတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်သည်။ မှန်ကန်စွာ စဉ်းစားတတ်ပါက ယနေ့လူငယ်များသည် မည်သည့်စနစ်ပင် ကြုံတွေ့ရစေကာမူ စနစ်၏သားကောင်များ မဖြစ်နိုင်တော့ပါ။ နှိုင်းယှဉ်စဉ်းစားတတ်ပြီဆိုလျှင် အဖြေမှန်ကို မိမိကိုယ်တိုင် လေ့လာသုံးသပ် ဖော်ထုတ်တတ်လာတော့မည်ဖြစ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် မိမိရရှိသော သတင်းအချက်အလက်ကို ပုံစံအမျိုးမျိုးဖြင့် သရုပ်ခွဲတတ်အောင် လေ့ကျင့်ယူရမည်ဖြစ်သည်။ ဘယ်အရာကို ဦးစားပေးရမည်ဆိုသည်နှင့် နောင်ဖြစ်လာနိုင်မည်ကိုလည်း မျှော်မှန်းတတ်သွားပါသည်။

တီထွင်ဖန်တီးနိုင်စွမ်း

ယနေ့ စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများစွာကလည်း တီထွင်ဖန်တီးနိုင်မှု အရည်အချင်းမျိုးကိုသာ လိုလားကြသည်။ ပါဝင်သူတို့၏ စိတ်ကူးစိတ်သန်း စိတ်ကူးဉာဏ်အသစ်များ အယူအဆသစ်များသည် လုပ်ငန်းအောင်မြင်မှုအတွက် သော့ချက် ကျသောကြောင့် ဖြစ်သည်။ ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းများအကြား မူလလမ်းဟောင်းမှ သွေဖည်ပြီး လမ်းသစ်တီထွင်တတ်သူနှင့် အဖွဲ့အစည်းတို့သာ တိုးတက်မှုကို ရှေးရှုနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းစွမ်းရည်ကိုလည်း သင်ကြားလေ့ကျင့်ယူမှသာ ရသည်။ တီထွင်ဖန်တီးမှုဟူသည် အန္တရာယ်များသော၊ စွန့်စားရမှုများသော၊ ဆုံးရှုံးနိုင်ခြေရှိသော၊ သံသယများ၊ စိုးရိမ်မှုများဖြင့် စောင့်ကြည့် ခံရသောကြောင့် ဖြစ်ပါသည်။ တီထွင်ဖန်တီးမှုဟူသည် ဧရိယာမျိုးစုံ နယ်ပယ်စုံတွင် လိုအပ်နေပြီး ကမ္ဘာကြီးသည်ပင် တီထွင်ဆန်းသစ်မှုများနှင့် လှုပ်ရှားရာနေရာတစ်ခု ဖြစ်နေသည်ကို တွေ့ရပေမည်။ တီထွင်ဆန်းသစ်မှုသည် ပင်ကိုအစွမ်းအစရှိမှလည်း အဆင်ပြေနိုင်မည်ဖြစ်ပါသည်။

ပြောဆိုဆက်ဆံနိုင်စွမ်း

ဆက်သွယ်ဆက်ဆံမှု အားကောင်းခြင်းသည် ကိုယ့်အတွက်ရော၊ အဖွဲ့အစည်းအတွက်ပါ အကျိုးအမြတ်များစွာ ဖြစ်စေပါသည်။ မိမိ၏ မှန်ကန်သင့်တော်သည့် အယူအဆတစ်ခုကို ပင်ကိုစရိုက် အမျိုးအမျိုးရှိသောသူများ လက်ခံလာအောင် ပြောဆိုပြသနိုင်စွမ်းရှိသော အရည်အသွေး တစ်ခုဖြစ်သလို ကိုယ့်ဘက်မှလည်း အခြားသူ၏ ပြောဆိုဆက်ဆံမှုကို လက်ခံနိုင်စွမ်းရှိရန် လိုအပ်သည့် အရည်အချင်းတစ်ခု ဖြစ်ပါသည်။ ဆက်ဆံရေး ကောင်းတစ်ရပ်ရရှိရန် စာနာစိတ်ထားမှု၊ ခံစားပေးနိုင်စွမ်းရှိမှု၊ နားလည်ပေးနိုင်စွမ်းရှိမှု အလေ့အကျင့်များစွာ လိုအပ်ပါသည်။ ကွဲပြားခြားနားသော အခြေအနေများကို တန်ဖိုးထားဆက်ဆံတတ်စေရန် လေ့ကျင့်ပေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို ပိုမိုတည်ဆောက်ပေးနိုင်ကြောင်း ကလေးလူငယ်များ နားလည်လက်ခံလာကြစေခြင်းဖြင့် ၎င်းအရည်အချင်းကို တည်ဆောက်နိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်တတ်ခြင်း

ပူးပေါင်းဆောင်ရွက်တတ်ခြင်းတွင် တူညီသောပန်းတိုင်တစ်ခုတော့ ရှိရပေမည်။ ထိုပန်းတိုင်သည် အဖွဲ့သားအားလုံး၏ ဖြစ်စေချင်သော စိတ်ဆန္ဒထဲမှ ဆင်းသက်လာသော ပန်းတိုင်ဖြစ်ရန် ကြိုးစားညှိနှိုင်းနိုင်ရန် လိုအပ်ပါသည်။ တူညီသောပန်းတိုင် တစ်ခု ခိုင်ခိုင်မာမာ ချမှတ်နိုင်ပြီဆိုလျှင် အဖွဲ့အစုလိုက် ညီညာစွာလုပ်ဆောင်ရန်မှာ မခဲယဉ်းတော့ပါ။ ပါဝင်သူများအားလုံးက မတူညီသော အတွေးများ၊ အယူအဆများ၊ အရည်အချင်းများကို အပြန်အလှန် တန်ဖိုးထားတတ်ပြီး ၎င်းမတူညီမှုများက တစ်ဦးအပေါ်တစ်ဦး အားဖြည့် ထောက်ပံ့ပေးနိုင်ပြီဆိုလျှင် အပေါင်းလက္ခဏာအင်အား တစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားစေပါသည်။ ဤတွင်ပါဝင်သူများ၏ အကြံပြုချက်များ ဝေဖန်ချက်များသည် အနုတ်လက္ခဏာ မဆောင်တော့ဘဲ အပြုသဘောဆောင်မှုများစွာ ဖြစ်ပေါ်လာပါတော့သည်။ ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ရာတွင် တာဝန်ယူ တာဝန်ခံမှုနှင့် အချိန်ကို စီမံခန့်ခွဲနိုင်ပုံတို့ကိုပါ ပူးတွဲလေ့ကျင့်ရမည် ဖြစ်ပါသည်။

ခေါင်းဆောင်မှု

ခေါင်းဆောင်မှုသည် ရလဒ်အတိုင်းအတာကို မှန်းမျှော်ကြည့်နိုင်စွမ်းရှိသော၊ လှုံ့ဆော်မှုပေးနိုင်သော ခေါင်းဆောင်မှုမျိုးဖြစ်ပါသည်။ ကျောင်းသားအရွယ်မှာပင် ကျောင်းသားများ၏ အကြံဉာဏ်များကိုရယူပြီးမှ ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် လေ့ကျင့်ပေးထားနိုင်လျှင် အများဆန္ဒသဘောတူမှုကို ဗဟိုပြုထားသော ဆုံးဖြတ်ချက်မျိုးကို ချနိုင်စွမ်းရှိသော ဒီမိုကရက်တစ်ခေါင်းဆောင်မှုများကို မွေးထုတ်ပေးရာ ရောက်ပါသည်။ အပြန်အလှန်တာဝန်ယူ၊ တာဝန်ခံမှုရှိသော အသိစိတ်ဓာတ်ကို လေ့ကျင့်မွေးမြူထားခြင်းဖြင့် အရေးပေါ် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်သော၊ အပြောင်းအလဲ လုပ်နိုင်စွမ်းရှိသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေမည်ဖြစ်ပါသည်။ မိမိအကျိုးထက် အများအကျိုးကို ဦးတည်သောခေါင်းဆောင်မှုပုံစံအမျိုးမျိုးကို အခြေအနေအချိန်အခါနှင့် လျော်ညီစွာ ပေါင်းစပ် ကျင့်သုံးတတ်သော၊ လူသားစွမ်းရည်များကို ဖြည့်ဆည်းပေးနိုင်သော ကျွမ်းကျင်မှုမျိုးကို ဆိုလိုပါသည်။

မီဒီယာနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှု

ယနေ့ခေတ် digital society ခေတ်တွင် တွင်ကျယ်လာသည်က မိုဘိုင်းဖုန်းများ၊ အင်တာနက်များဖြစ်ပါသည်။ လူတိုင်းက လူမှုမီဒီယာတွင် တက်လာသည့် သတင်းများကိုသာ အားကိုးလာကြသည့်ခေတ် ဖြစ်နေသည်။ ပြည်သူလူထုက Online  အသုံးပြုမှု များလာသည်နှင့်အမျှ သတင်းအမှန်နှင့် အမှားကို ဘယ်လို ရှာဖွေကြည့်ရှုပြီး ဘယ်လိုဆုံးဖြတ်ရမည်ဆိုသည်မှာ အရေးကြီးလာပါသည်။ မျိုးဆက်သစ်များအနေဖြင့် မှန်ကန်သေချာသည့် သတင်းအချက်အလက်ကို တိကျသည့် သတင်းအရင်းအမြစ်မှ ရယူနိုင်စွမ်း၊ ချင့်ချိန်နှိုင်းဆ သုံးသပ်နိုင်စွမ်းနှင့် မှန်ကန်သောသတင်းများ ပေးပို့နိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ နှစ်ခုစလုံးတွင် သုံးသပ်ရှုမြင်နိုင်စွမ်းနှင့် အသစ်ကိုတီထွင်ဖန်တီးနိုင်သည့် စွမ်းရည်များ ပါဝင်ပါသည်။

Mobile Literacy

နည်းပညာများက ပညာရပ်နယ်ပယ်အသီးသီးအတွက် လေ့လာသင်ယူလိုသူများကို ဖြည့်ဆည်းပေးလျက် ရှိနေပြီးဖြစ်သည်။ လူငယ်ရော၊ လူကြီးများပါ Mobile  နည်းပညာများကို လက်လှမ်းမီ ကျွမ်းကျင်နှံ့စပ်နေရန် လိုအပ်ပါသည်။ နည်းပညာဖြင့် ပံ့ပိုးပေးထားသော ဆရာ ဆရာမများက လွယ်ကူ၍ သက်သောင့် သက်သာရှိသော အနေအထားမျိုးဖြင့် သင်ယူသူ၏ လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်သော စွမ်းရည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်းဖြင့် သတင်းအချက်အလက်မျှဝေခြင်း၊ ပညာရပ်မျှဝေခြင်းများကို တွင်တွင်ကျယ်ကျယ် အသုံးချနေပြီဖြစ်သလို ယင်းနည်းပညာက ပညာရပ်ကျွမ်းကျင်မှုသာမက သင်ယူသူ၏ အတွေးအခေါ် အယူအဆ ခံယူချက်သဘောထားကိုပါ ပြောင်းလဲစေရန် ဆောင်ကြဉ်း ပေးနိုင်နေပြီ ဖြစ်ပါသည်။

လူမှုဆက်ဆံရေးနှင့် လိုက်လျောညီထွေဖြစ်မှု

၂၁ ရာစုကျွမ်းကျင်မှုများတွင် လူမှုဆက်ဆံရေး အသိဉာဏ်ရင့်သန်စေမည့် လေ့ကျင့်မှုများလည်း ပါဝင်ရပေမည်။ လူမှုဆက်ဆံရေးမြင့်မားမှ မိမိလုပ်ငန်းခွင်တွင် အောင်မြင်မှုများ ရရှိနိုင်ပါမည်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝသော ပညာရှင်များ ဖြစ်လာရန် လူမှုဆက်ဆံရေးကျွမ်းကျင်မှုက အထောက်အကူပြုပါသည်။ မိတ်ဆွေ ကွန်ရက်ဖွဲ့တတ်ရန်နှင့် အချင်းချင်းထားရှိရမည့် လူမှုကျင့်ဝတ်များ၊ လူမှုရေး တာဝန်ဝတ္တရားများ၊ အပြုအမူပုံသ္ဌာန်များ၊ စကားပြောစွမ်းရည်များကို နားလည်ကျင့်သုံးတတ်စေရန် လေ့ကျင့်ယူရမည်ဖြစ်သည်။ မိတ်ဆွေအချင်းချင်း အပြန်အလှန် တန်ဖိုးထားတတ်ပြီး တာဝန်သိ တာဝန်ယူမှုများကို လေ့ကျင့်ပေးရမည်ဖြစ်ပါသည်။ သို့မှသာ မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်သည် အမြင့်ဆုံးသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ရံဖန်ရံခါ ပညာတတ်ခြင်း၊ ပစ္စည်းဥစ္စာရှိခြင်းထက် လူမှုဆက်ဆံရေး ကောင်းမွန် ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦးသည် လူများနှင့် ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေ နေထိုင်တတ်လာပြီး ပိုမိုခရီးရောက်နိုင်သည်ကို လူငယ်များ သတိပြုမိစေချင်သည်။

ထုဆစ်ထားသော မျိုးဆက်သစ်များအင်အားဖြင့် ..

ဖော်ပြပါကျွမ်းကျင်မှု အရည်အသွေးများ ကြိမ်ဖန်များစွာ လက်တွေ့လေ့ကျင့် ပေးနေမှသာလျှင် အရေးပါအရာရောက်သော လူငယ်များဖြစ်လာပါမည်။ ၎င်း Skill  များရှိရန် ပြောနေရုံမျှနှင့်မပြီးပါ။ ၂၁ ရာစုကျွမ်းကျင်မှုများအတွက် အခြေခံအရေးကြီးဆုံးမှာ ကျောင်းသားလူငယ်များတွင် ကိုယ်တိုင်သိလိုစိတ်ပြင်းပြမှု၊ စူးစမ်းလိုစိတ် နိုးကြားလာအောင် လှုံ့ဆော်နိုင်ရန်ပင် ဖြစ်ပါသည်။ ၎င်းကျွမ်းကျင်မှုများ ရှိလာစေမည့် လုပ်ဆောင်ချက်များကို အသက်အရွယ်အလိုက် စနစ်တကျလေ့ကျင့် ပေးနေမှသာ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသည်။ စဉ်းစားတတ်သော ပြည်သူများကို မွေးထုတ်ပေးနိုင်မှသာ ယနေ့ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆပါသည်။ ကိုယ့်အတ္တ ကိုယ့်အရေးသာ ကွက်ကွက်လေး ကြည့်တတ်သော လူအများနေရာတွင် ၂၁ ရာစု ကျွမ်းကျင်မှုများဖြင့်သာ ထုဆစ်ထားသော မျိုးဆက်သစ်များ အင်အားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မည်ဟုခံယူ မျှော်လင့်မိပါသည်။

မြန်မာ့အလင်း