နေပြည်တော် မတ် ၂၆
စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၏ ၂၀၂၅ ခုနှစ် မိုးကြိုရာသီဝါမျိုးနှင့် မျိုးစေ့ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်နှင့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဝါစိုက်တောင်သူများပါဝင်သည့် ရေရှည်တည်တံ့သော ဝါမျိုးစေ့စနစ်နှင့် မျိုးစေ့နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်ရေးဆွဲ၍ မိုးကြိုရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်ရန်၊ အပင်အာဟာရ စီမံခန့်ခွဲရေး လုပ်ငန်းများအပါအဝင် တစ်ဧကဝင်ဆံ့သော ဝါအပင်အရေအတွက် မြှင့်တင်နိုင်ရန်နှင့် အပင် အရွယ်အစား ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို တောင်သူများ လက်တွေ့စနစ်တကျ ဆောင်ရွက်နိုင်ရေး ထိရောက်စွာ နည်းပညာပေး စည်းရုံးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ ပညာရှင်များနှင့်အတူ အမြုတေမျိုးစေ့ (NS) ထိမ်းသိမ်းခြင်း နှင့် မိဘမျိုးစေ့ ထိမ်းသိမ်းခြင်း (BS) လုပ်ငန်းများ၊ အခြားမျိုးစေ့ အဆင့်များ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွှေတောင်-၁၀ ၊ ရွှေတောင်-၈ ၊ ငွေခြည် (၆) ၊ ငွေခြည် (၉)၊ ငွေတောင် (၁၁) မျိုးများ၏ မိဘမျိုးစေ့ ဆောင်ရွက်ထားရှိမှု၊ လက်ရှိတောင်သူများ အများဆုံး စိုက်ပျိုးသည့် မျိုးများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ဝါသီးနှံပညာရှင်တစ်ဦး က ဝါသီးနှံ မျိုးနှစ်မျိုးအား စမ်းသပ်စိုက်ပျိုးမှု နည်းစနစ်နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အလားအလာ ကောင်းသည့် ရွှေတောင် (၁၀) ဝါမျိုးကို အမြုတေမျိုးစေ့ (NS) ထိမ်းသိမ်းခြင်းနှင့် မိဘမျိုးစေ့ ထိမ်းသိမ်းခြင်း (BS) လုပ်ငန်းများကို နည်းပညာခိုင်မာစွာဖြင့် စနစ်တကျဆောင်ရွက်ရေး၊ တစ်ဧက ဝါပင်ဦးရေ မြှင့်တင်ရေးနှင့် အပင်အရွယ်အစားအား ထိန်းသိမ်းရေးကို ဘက်စုံနည်းဖြင့် ဆောင်ရွက်ရေး၊ အပင်အာဟာရ စီမံခန့်ခွဲရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ သုတေသနများ ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်