၂၀၂၃ ခုနှစ် တူကီယဲ (ယခင်တူရကီ) သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ 

မယ်ငီး

နိဒါန်း

တူရကီသမ္မတနိုင်ငံကို တူကီယဲသမ္မတနိုင်ငံအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကုန်အမှတ်တံဆိပ်ရေးသားဖော်ပြမှုများ၌ စတင်ပြောင်းလဲအသုံးပြုခဲ့သည်။ ၂၀၂၂ ခုနှစ် မေလတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ၎င်းတို့နိုင်ငံအမည်အား တူကီယဲ သမ္မတနိုင်ငံဟု ပြောင်းလဲအသုံးပြုပေးပါရန် တရားဝင်အကြောင်း ကြားမှုဖြင့် ပြောင်းလဲခေါ်ဝေါ်အသုံးပြုလျက်ရှိသည်။
တူကီယဲနိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ပါလီမန်စနစ်မှ သမ္မတစနစ်သို့ ပြောင်းလဲခဲ့ကာ ဝန်ကြီးချုပ် ရာထူးကိုလည်း ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲများနှင့်အတူ သမ္မတရွေးကောက်ပွဲကို ကျင်းပရန် သတ်မှတ်ခဲ့သည်။

၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို မေ ၁၄ ရက်က ပြုလုပ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ၆၄ သန်း ကျော်အနက် လာရောက်မဲပေးသူ ၅၄ သန်းကျော်ရှိသည့်အတွက် မဲပေးသူရာခိုင်နှုန်း ၈၆ ဒသမ ၉၈ ရာခိုင်နှုန်းရှိသည်။

သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်းသုံးဦးရှိပြီး ပထမအဆင့် ယှဉ်ပြိုင်ချိန်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးမျှ ခိုင်လုံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိခြင်းမရှိသည့်အတွက် ခိုင်လုံမဲအရေအတွက် အများဆုံးရရှိသည့် လက်ရှိသမ္မတ Erdogan နှင့် ၎င်း၏ အဓိကပြိုင်ဘက် Kemal Kilicdaroglu တို့သည် လာမည့် မေ ၂၈ ရက်တွင် ဒုတိယအကျော့ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်သွားရတော့မည်ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီ ၂၆ ပါတီရှိပြီး နိုင်ငံရေးပါတီ ခုနစ်ပါတီမှ  ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ တူကီယဲနိုင်ငံရှိ နိုင်ငံရေးပါတီ များသည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်ငံရေးခံယူချက် တူညီသည့် ပါတီများအချင်းချင်း စုစည်း၍ Alliance ဖွဲ့စည်းဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများအနက် Alliance အဖွဲ့အစည်း ငါးဖွဲ့တွေ့ရှိရပြီး Alliance အဖွဲ့အစည်းတစ်ခုလျှင် အနည်းဆုံး ပါတီလေးပါတီမှ အများဆုံး ခုနစ်ပါတီအထိ ပါဝင်ကြသည်။

ရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၈၇ နယ်တွင် ကိုယ်စားလှယ်လောင်း ၆၀၀ အား အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ရာ လက်ရှိသမ္မတ Erdogan ၏ Justice and Development Party မှ ကိုယ်စားလှယ် ၂၆၈ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့သည်။ ၎င်း၏ Alliance ပါတီများဖြစ်သော Nationalist Movement Party မှ ၅၀ နေရာဖြင့် စတုတ္ထနေရာမှ လည်းကောင်း၊ New Welfare Party မှ ငါးနေရာဖြင့် ဆဋ္ဌမနေရာမှ လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

Nation Alliance ညွန့်ပေါင်းအဖွဲ့အစည်းတွင်ပါဝင်သည့် ပါတီ ခြောက်ပါတီအနက် သမ္မတလောင်း Kemal Kilicdaroglu ၏ Repu-blican People’s Party မှ ကိုယ်စားလှယ် ၁၆၉ ဦးဖြင့် ဒုတိယနေရာတွင် လည်းကောင်း၊ Good Party မှ ကိုယ်စားလှယ် ၄၃ ဦးဖြင့် ပဉ္စမနေရာတွင် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

Labour and Freedom Alliance တွင်ပါဝင်သည့် ပါတီ ခုနစ်ပါတီ အနက် Party of Greens and the Left Future ပါတီမှ ကိုယ်စားလှယ် ၆၁ ဦးဖြင့် တတိယနေရာတွင် လည်းကောင်း၊ Workers Party of Turkey မှ ကိုယ်စားလှယ် လေးဦးဖြင့် သတ္တမနေရာတွင်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ
လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၆ ပါတီနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံရေးပါတီ ၂၆ ပါတီအနက် ၁၅ ပါတီသည် Alliance အဖွဲ့အစည်း ငါးခုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကျန်ပါတီ ၁၁ ပါတီသည် Alliance ဖွဲ့စည်းခြင်းမရှိဘဲ သီးခြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သမ္မတလောင်းအမည်စာရင်းတင်သွင်းရာတွင် နောက်ဆုံးကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီအစုအဖွဲ့များ၊ နိုင်ငံရေးပါတီများသည် ခိုင်လုံမဲစုစုပေါင်း၏ ငါးရာခိုင်နှုန်း ရရှိလျှင်သော် လည်းကောင်း၊ အနည်းဆုံးမဲဆန္ဒရှင်တစ်သိန်း၏ အဆိုပြုချက်ဖြင့်သော် လည်းကောင်း အမည်စာရင်းတင်သွင်းနိုင်သည်။

သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်း လေးယောက်ရှိသော်လည်း မေ ၁၁ ရက်တွင် Muharrem ince နုတ်ထွက်သွားသည့်အတွက် ကျင်းပချိန်တွင် ကိုယ်စားလှယ်လောင်း သုံးယောက်သာ ကျန်ရှိသည်။

အသက် ၆၉ နှစ်အရွယ်ရှိ သမ္မတလောင်း (လက်ရှိသမ္မတ) Erdo-gan သည် တူကီယဲနိုင်ငံအား နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့သူတစ်ဦး ဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိ၍ ခေတ်သစ် တူကီယဲနိုင်ငံတွင် အရှည်ကြာဆုံးသော နိုင်ငံ့အုပ်စိုးသူအဖြစ် မှတ်တမ်း ဝင်ရန် မျှော်လင့်နေသူဖြစ်ကာ Justice and Development Party (AKP) ပါတီတည်ထောင်ခဲ့သည့် ပါတီခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ် လွှတ်တော်မှ ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင်လည်း ရွေးကောက်ပွဲမှတစ်ဆင့် ဆန္ဒမဲ ၅၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် သမ္မတတင်မြှောက်ခံခဲ့ရသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ဆန္ဒမဲ ၄၉ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည့်အတွက် ဒုတိယအကျော့ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွား ရမည်ဖြစ်သည်။

အသက် ၇၄ နှစ်အရွယ်ရှိ သမ္မတလောင်း Kemal သည် ပါတီ ခြောက်ပါတီပါဝင်သော Nation Alliance မှ တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းဖြစ်ကာ အဓိကအတိုက်အခံပါတီခေါင်းဆောင် အနေဖြင့် ၁၃ နှစ်ကြာ ရပ်တည်လာသူလည်းဖြစ်သည်။ ၎င်းသည် ခေတ်သစ်တူကီယဲနိုင်ငံ၏ ဖခင်ကြီးဖြစ်သော Mustafa Kemal Ataturk တည်ထောင်ခဲ့သည့် Republican People’s Party (CHP) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၄ ဒသမ ၈၉ ရာခိုင်နှုန်း ရရှိခဲ့သည့်အတွက် ဒုတိယအကျော့ ရွေးကောက်ပွဲ၌ သမ္မတ Erdogan နှင့်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

မဲဆန္ဒရှင်စာရင်း

မဲစာရင်းပြုစုရာတွင် အမြဲတမ်းနေရပ်လိပ်စာပေါ်တွင် မူတည်၍ ပြုစုထုတ်ပြန်ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မတ် ၂၀ ရက်မှ ဧပြီ ၂ ရက်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပြင်ဆင်ခွင့်ရရှိခဲ့သည်။

မဲပေးပိုင်ခွင့်ရှိသူ

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၄ သန်းရှိပြီး ပထမအကြိမ်မဲပေးမည့်သူ ခြောက်သန်းကျော်နှင့် ဧပြီ ၂၇ ရက်မှ မေ ၉ ရက်အတွင်း ကြိုတင် မဲပေးရမည့် ကြိုတင်မဲပေးခွင့်ရှိသူ ၃ ဒသမ ၄ သန်းကျော်ရှိသည်။

မဲရုံအရေအတွက်

နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၁၉၀,၇၃၆ ကျော်ရှိသည်။

မဲရုံဖွင့်ချိန်နှင့်ပိတ်ချိန်

မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖွင့်လှစ်၍ ညနေ ၅ နာရီတွင် ပိတ်သိမ်းသည်။

ရွေးကောက်ပွဲဝင်ဆောင်ပုဒ်

သမ္မတလောင်း Erdogan ၏ APK ပါတီ မဲဆွယ်စည်းရုံးသည့် ရွေးကောက်ပွဲဝင်ဆောင်ပုဒ် (Campaign Slogan) မှာ “Right time, right man” ဖြစ်သည်။ 
သမ္မတလောင်း Kemal ၏ CHP ပါတီ မဲဆွယ်စည်းရုံးသည့် ရွေးကောက်ပွဲဝင်ဆောင်ပုဒ်မှာ “Promise you, spring will come again” ဖြစ်သည်။
တူကီယဲနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးအကျပ် အတည်းများနှင့် ဖေဖော်ဝါရီလတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်၏ ပျက်စီးဆုံးရှုံးမှုမြင်ကွင်းများ၊ အခက်အခဲ၊ ပြဿနာများကို ပုံဖော်ကြည့်ပါက CHP ပါတီ၏ Slogan သည် နိုင်ငံ့ပကတိအခြေအနေနှင့် ပိုမိုကိုက်ညီလျက်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ဝေဖန်ထောက်ပြကြသည်။

ဥပဒေပြုအဖွဲ့အစည်း

တူကီယဲနိုင်ငံတွင် ဥပဒေပြုလွှတ်တော်ဖြစ်သည့် Grand Natio-nal Assembly (TBMM) ကို ပြည်သူများမှ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ် ၆၀၀ ဖြင့် ဖွဲ့စည်းထားသည်။ ကိုယ်စားလှယ်များ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

မဲဆန္ဒနယ်

တူယီကဲနိုင်ငံကို ခရိုင် ၈၁ ခရိုင်ဖြင့် ဖွဲ့စည်းထားပြီး ခရိုင်တစ်ခု ချင်းစီအလိုက် မဲဆန္ဒနယ်များ ထပ်မံပိုင်းခြားသတ်မှတ်ရာ မဲဆန္ဒနယ် ၈၇ နယ်ရှိသည်။ မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက်ရရှိမည့် ကိုယ်စား လှယ်အရေအတွက်ကို ယင်းမဲဆန္ဒနယ်တွင် နေထိုက်လျက်ရှိသည့် လူဦးရေအပေါ်တွင် မူတည်၍ တွက်ချက်သတ်မှတ်ပေးသည်။

ရွေးကောက်ပွဲစနစ်

တူကီယဲနိုင်ငံတွင် ၂၀၁၈ ခုနှစ်မတိုင်မီအထိ ပါလီမန်စနစ် ကျင့်သုံးခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် သမ္မတစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။ ထို့အတွက်ကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ငါးနှစ်လျှင် တစ်ကြိမ် တစ်ပြိုင်နက် ကျင်းပဆောင်ရွက်သည်။

သမ္မတရွေးကောက်ပွဲတွင် နှစ်ကျော့ပြိုင်စနစ် ကျင့်သုံးသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနက် ကနဦး (ပထမအကျော့) ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင် မည်သည့်ကိုယ်စား လှယ်လောင်းမျှ ၅၀ ရာခိုင်နှုန်းအထက် ခိုင်လုံမဲမရရှိခဲ့လျှင် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးအား ရွေးချယ်၍ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ရသည့်စနစ်ဖြစ်သည်။

တူကီယဲနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲများကို မဲဆန္ဒနယ်အားလုံးတွင် တစ်ပြိုင်တည်း၊ တစ်ရက်တည်း ကျင်းပဆောင်ရွက်ပြီး လွတ်လပ်၍တရားမျှတသော လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးသည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် ပါတီ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု (Alliance) ကိုသာရွေးချယ်ရခြင်းဖြစ်ပြီး ယင်းပါတီ သို့မဟုတ် Alliance အတွင်းရှိ ၎င်းတို့နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို သီးသန့်ရွေးချယ်မဲပေးခွင့်မရှိသည့် Closed List PR စနစ်အား ကျင့်သုံးခြင်း ဖြစ်သည်။

Alliance ဖွဲ့စည်းထားသည့် ပါတီများအနေဖြင့် ကိုယ်စားလှယ် လောင်းစာရင်း တင်သွင်းရာတွင် ၎င်းတို့အဖွဲ့အစည်းအတွင်းရှိ ပါတီအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းကိုယ်စားလှယ်လောင်းစာရင်း (Common Candidate Lists) ကို တင်သွင်းရခြင်း ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲ အရေအတွက် (Threshold)ကို ခုနစ်ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ဥပဒေပြင်ဆင်ပြောင်းလဲမှုများ

၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် Threshold ကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီလတွင် သတ်မှတ်ချက်ကို ခုနစ်ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ 
ထို့ပြင် Alliance ဖွဲ့စည်းထားသည့် ပါတီများအကြား ကိုယ်စား လှယ်နေရာ ခွဲဝေသတ်မှတ်ပုံကိုလည်း ပြောင်းလဲခဲ့သည်။ မူလက ကိုယ်စားလှယ်နေရာခွဲဝေရာတွင် Alliance ပါတီများရရှိသည့် စုစု ပေါင်း မဲအရေအတွက်ပေါ်တွင် မူတည်တွက်ချက်ခြင်း ဖြစ်သည်။ ပြောင်းလဲလိုက်သည့် ဥပဒေသစ်တွင် ကိုယ်စားလှယ်နေရာကို ပါတီ တစ်ခုချင်းစီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက်ပေါ်တွင်ပါ မူတည် တွက်ချက်နိုင်ခြင်းဖြစ်သည်။

နိဂုံး

တူကီယဲနိုင်ငံတွင် ရွေးကောက်ပွဲများကို ကြီးကြပ်ဆောင်ရွက်ပေးရသည့် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့အစည်းမှာ ဗဟိုရွေးကောက်ပွဲ ကျင်းပရေးကောင်စီ (Supreme Election Council) ဖြစ်ပြီး Website လိပ်စာမှာ https://www.ysk.gov.tr/en/supreme-election-council/1841 ဖြစ်သည်။ ရွေးကောက်ပွဲများကျင်းပရာတွင် Turkey’s Constitution of 1982 with Amendments through 2017 နှင့် Tukey’ Law on Parliamentary Elections တို့နှင့်အညီ ကျင်းပ ဆောင်ရွက်ခြင်းဖြစ်သည်။ မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ Erdogan က ထပ်မံ အနိုင်ရရှိ၍ သမိုင်းမော်ကွန်းရေးထိုးနိုင်မည်လား သို့တည်းမဟုတ် သမ္မတလောင်း Kemal က အနိုင်ရရှိ၍ သမိုင်းသစ် စတင်နိုင်မည် လားဆိုသည်ကို ရင်သပ်ရှုမောဖွယ် စောင့်ကြည့်သွားရတော့မည် ဖြစ်ပေသည်။     ။