၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၆

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဂုဏ်ပြုဖျော်ဖြေတင်ဆက်

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြဝတီတေးဂီတအဖွဲ့တို့မှ အနုပညာရှင်များက ခေတ်ပေါ်တေးသီချင်းများ၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ တိုင်းကျိုးပြည်ပြု တေးသီချင်းများ၊ လူငယ်မောင်မယ်များ စိတ်ခွန်အားရရှိစေမည့် တေးသီချင်းနှင့် အကအလှများ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးမှ နိုင်ငံကျော်ဟာသပညာရှင် ဒိန်းဒေါင်နှင့် အဖွဲ့က စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဟာသပျက်လုံးများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ၊ ကင်းထောက်လူငယ်မောင်မယ်များ၊ ကြက်ခြေနီမောင်မယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက စိတ်လက်ပေါ့ပါးတက်ကြွစွာ ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေပေးကြသည့် အနုပညာရှင်များနှင့် အတူ တပျော်တပါး ပါဝင်သီဆိုဆင်နွှဲကြသည်။

တစ်ခဲနက်အားပေး

ထို့ပြင် လူရည်ချွန်မောင်မယ်များကလည်း တေးသီချင်းများဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပေါ့ပါးလွတ်လပ်စွာ ပါဝင်သီဆိုဖျော်ဖြေကြရာ ပရိသတ်များက တစ်ခဲနက်အားပေးကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီတေးဂီတအဖွဲ့တို့မှ အနုပညာရှင်များ၏ “လတ်တီး” နှင့် “တောင်ယာဝင်ချိန်” တေးသီချင်းသီဆိုမှုနှင့်အတူ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကခုန်ကြကာ ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ယမန်နေ့ ညနေပိုင်းကလည်း မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ လူရည် ချွန်ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်” Video Clip နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်းကဏ္ဍ” Video Clip တို့ကို ပြသခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံးရေ ၁၅၀ တို့ကို ကံစမ်းမဲဖောက်ကာ မဲပေါက်ကြသည့် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ၊ ကင်းထောက်လူငယ်မောင်မယ်များနှင့် ကြက်ခြေနီမောင်မယ်များအား ပေးအပ်ခဲ့ကြသည်။

သတင်းစဉ်