၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၅၁) ရွေးကောက်ပွဲအပေါ် ရှုမြင်သုံးသပ်ချက်

မောင်စာဂ

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်အသီးသီးတို့က ပုံစံအမျိုးမျိုးဖြင့် ရှုမြင်သုံးသပ်ရေးကြ၊ ပြောဆိုကြလျက်ရှိသည်။ ရွေးကောက်ပွဲ ကျင်းပခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ရသူ တစ်ဦးအနေဖြင့် ရွေးကောက်ပွဲရှုမြင်သုံးသပ်ချက်ကို အနှစ်ချုပ် မျှဝေပါရစေ။

 

ထူးခြားသည့်ရွေးကောက်ပွဲ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပခြင်း

 

သည် ယခင်ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲကျင်းပပုံ များနှင့် မတူညီပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့ အပြား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေစဉ်ကာလအတွင်း ကျင်းပခဲ့ရသော ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမီက ရွေးကောက်ပွဲကို မကျင်းပဖို့၊ ကိုဗစ်- ၁၉ ရောဂါကင်စင်သည်အထိ ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီ အချို့က တောင်းဆိုမှုများရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပခြင်းဖြစ် သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပထမ အကြိမ် လွှတ်တော်သက်တမ်းကုန်ဆုံးသည်နှင့် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းစတင်နိုင်ရန် အချိန်ကိုက် ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ကုန်ဆုံးပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ အရ လွှတ်တော်သက်တမ်းတစ်ခု၏ ပထမ အကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေး ရမည်ဖြစ်သည်။ ထို့ကြောင့် တတိယ အကြိမ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကိုလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ပထမပတ်တွင် ကျင်းပရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရစဉ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သော နိုင်ငံများရှိသည်။ ယင်းနိုင်ငံ များထဲမှ တောင်ကိုရီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေစဉ် ရွေးကောက်ပွဲများအောင်မြင်အောင် မည်ကဲ့သို့ ကျင်းပခဲ့သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က လေ့လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ရွေးကောက်ပွဲစက်ဝန်းရာသီနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ အမှန်တကယ်လည်း ရွေးကောက်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာစံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ချောမောအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရေး

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စီမံချက်ရေးဆွဲ၍ အခြေခံမဲစာရင်းကို ပြုစုခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ရာ နှစ်ကုန်ပိုင်းလောက်တွင် ပြုစုပြီးစီး ခဲ့သည်။ အကြိမ်ကြိမ်စိစစ်မှုများပြုလုပ်ပြီး ပထမအကြိမ် မဲစာရင်းကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၁၄ -၈-၂၀၂၀ ရက်နေ့ အထိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။

 

မဲစာရင်းတွင် မဲဆန္ဒရှင်များကျန်နေခြင်းနှင့် အမှားအယွင်း များကို ထောက်ပြပြောဆိုခဲ့ကြသည်။ မဲစာရင်းတွင် ထည့်သွင်းပေးရေး ပုံစံ (၃) ဖြင့် လျှောက်ထားသူများရှိခဲ့ သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှန်ကန်လျှင် မဲစာရင်း တွင် ထည့်သွင်းပေးသည်။ အမည်၊ မှတ်ပုံတင် စသည့် လွဲမှားမှုများကိုလည်း စိစစ်ပြင်ဆင်ပေးခဲ့သည်။ တစ်ဖက် တွင်လည်း No Vote လှုပ်ရှားမှုပြုနေကြသူများ ရှိနေခဲ့ သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် မကျန်ရှိစေရေးနှင့် အားလုံးမဲစာရင်းတွင်ပါဝင်ရေးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ အဓိကအချက်တစ်ချက်ဖြစ်လာသည်။

 

ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်။ ယင်းအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မြင့်မားလာသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များ Stay at Home ကန့်သတ်ထားချိန်ဖြစ်သည်။ မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာသည့်အပြင် သက်ဆိုင်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာကြည့်ရှုနိုင်ရေးအတွက် အင်တာနက် အွန်လိုင်းပေါ်တွင်လည်း တင်ပေးခဲ့သည်။ အားလုံးကိုကြည့်ရှုနိုင်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုချင်းအလိုက်လည်း ကြည့်ရှုနိုင်သည်။

 

မဲစာရင်းကြည့်ရှုစစ်ဆေးခြင်း၊ ဖြည့်သွင်းခြင်းများကို မဲဆန္ဒရှင်ကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဖုန်းဖြင့်ဆက်သွယ် ကြည့်ရှုစေနိုင်သည်။ အွန်လိုင်းပေါ်တွင်လည်းကြည့်ရှုနိုင် သည်။ မဲစာရင်းဖြည့်သွင်းရာတွင် သတ်မှတ်ပုံစံများကို ကိုယ်တိုင်ဖြည့်သွင်း လျှောက်ထားနိုင်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှတစ်ဆင့်လည်း လျှောက်ထားစေနိုင်သည်။ ဤနည်းလမ်းများဖြင့် မဲစာရင်း ကြည့်ရှုစစ်ဆေးခြင်း၊ ဖြည့်သွင်းခြင်းများကို လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းအချိန်ကာလတွင် ပြည်ပမှပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည်များစိစစ် ပြီး မဲစာရင်းတွင်မပါသေးပါက ဖြည့်သွင်းမှုများပြုလုပ်ရ သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၍ ဆေးရုံတွင်

တက်ရောက်ကုသခံနေရသူများ၊ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရန် သတ်မှတ်နေရာများတွင် Quarantine ဝင်ရောက်နေရသူများကိုလည်း မဲစာရင်း၌ မကျန်ရှိစေရေး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉ (က)၊ နည်းဥပဒေ ၁၄ (က) နှင့်အညီ မဲစာရင်းပြုစုရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က စိစစ်ကြပြီး နောက်ဆက်တွဲမဲစာရင်း တွင် ထည့်သွင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိအမည်ကို မဲစာရင်းတွင် ထည့်သွင်းနိုင်ခွင့်ရှိရမည်ဆိုသည့် ဥပဒေကပေးအပ်သည့် အခွင့်အရေးကို မဲဆန္ဒရှင်များကကျင့်သုံးကြ၍ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ မဲဆန္ဒရှင်များ၏အခွင့်အရေးကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြစ်သည်။

 

ဤသို့ဖြင့် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာ

 

စဉ်က မဲဆန္ဒရှင်စုစုပေါင်း ၃၇ သန်းကျော်ရှိသော်လည်း နောက်ဆုံးမဲစာရင်းပြုစုပြီးသည့်အခါ ၃၈ သန်းကျော်ဖြစ် လာသည်။ ဤသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် တို့၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင် နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စွမ်းဆောင် ကြိုးပမ်း အားထုတ်ခဲ့သည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပေသည်။

 

မဲစာရင်းတွင်ပါဝင်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရေးသည် အဓိကကျသကဲ့သို့ မဲစာရင်းတွင် ပါဝင်သူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးဆိုသည်မှာ ပို၍အရေးကြီးသောအချက်ဖြစ် သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေချိန်တွင် ဆန္ဒမဲပေး ကြရမည်။ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ရောဂါကူးစက်ခံရမှုလွယ်ကူသည်ဟု ကျန်းမာရေးနှင့်

အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ရောဂါကူးစက်ခံရ၍ ဆေးရုံတက်ရောက်ကုသနေရသူ

များရှိသည်။ Quarantine ဝင်ရောက်နေသူများ၊ Stay at Home နေရသူများ၊ အသွားအလာကန့်သတ်ခံရသူများ ရှိနေသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက်ပေးသူ နည်းပါးလိမ့်မည်ဟူ၍လည်း ပြောဆိုနေကြသည်။ ဤတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင် ပါဝင်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ရပါသည်။

 

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ပုဒ်မ ၉၀ တွင် ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၅၄ တွင် ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်သည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက် နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ် သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး ဆောင်ရွက်ခဲ့သည်။

 

Stay at Home အဖြစ်သတ်မှတ်ခံရသော မြို့နယ်များနှင့် လူဦးရေထူထပ်သော သတ်မှတ်မြို့နယ်များတွင် နေထိုင် ကြသည့် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ နေထိုင်ရာအိမ်များသို့ ဆန္ဒမဲရယူရေးအဖွဲ့များ ကိုယ်တိုင် သွားရောက်၍ ဆန္ဒမဲရယူစေခဲ့ခြင်း၊ ကျန်ရှိသည့်မြို့နယ်များ တွင် နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးစေခြင်း တို့ကို ရွေးကောက်ပွဲမကျင်းပမီ ၁၀ ရက်အလိုကတည်းက စတင်၍ ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒနယ်ပြင်ပရောက်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များအရ သွားလာမှုကန့်သတ်ခံရသဖြင့် မိမိ၏မဲဆန္ဒနယ်သို့ပြန်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသူများအတွက် သတ်မှတ် ပုံစံဖြင့် လျှောက်ထားစေ၍ မိမိမဲစာရင်း ပါရှိရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲများ ပေးစေခဲ့သည်။

 

ရွေးကောက်ပွဲရက်တွင် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆန္ဒမဲ လာရောက်ပေးနိုင်ရေးကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်များရယူကာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် အပိုင်း (၂) ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မဲရုံအတွင်းနှင့် မဲရုံပြင်ပ စီမံဆောင်ရွက်ထားရှိရမည့်အချက်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လိုက်နာရမည့်အချက်များ၊ မဲဆန္ဒရှင်များ လိုက်နာ ရမည့်အချက်များပါရှိသည်။ လိုအပ်သည့် မျက်နှာဖုံးအကာ အကွယ်များ၊ ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ ဝတ်ဆင်စေသည်။ မဲဆန္ဒရှင်များအတွက် ပါးစပ်နှာခေါင်း စည်းများ အခမဲ့ဝေငှသည်။ ဆန္ဒမဲပေးမည့်မဲရုံများ၊ ကြိုတင် ဆန္ဒမဲပေးမည့်နေရာများတွင် ရေမလိုလက်သန့်ဆေးရည် များ ထားရှိသည်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခန့်အကွာ တန်းစီစေပြီး စနစ်တကျဆန္ဒမဲပေးစေသည်။ မဲရုံအသီး သီးသို့ လာရောက်ဆန္ဒမဲပေးကြသူ နိုင်ငံနှင့်တစ်ဝန်း အများ အပြားရှိခဲ့သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦး ရှိသည့်အနက် ကြိုတင်ဆန္ဒမဲပေးသူများနှင့် မဲရုံသို့လာ ရောက်ဆန္ဒမဲပေးသူ စုစုပေါင်း ၂၇၅၁၂၈၅၅ ဦး ရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်။ ပြည်သူတို့တာဝန်ကျေခဲ့ကြသည်။

 

မဲရလဒ်ကြေညာခြင်း

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါဝင်နိုင်ရေး၊ မဲစာရင်းတွင်ပါဝင်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး တို့ကို ဆောင်ရွက်ရာ၌ ဘက်လိုက်မှုမရှိ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းစွာ ဆောင်ရွက်ခဲ့သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် မဲရလဒ်သည် မဲဆန္ဒရှင်များ၏ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်စေရမည်ဟူသော ဦးတည်ချက်ဖြင့် ရွေးကောက်ပွဲလုပ်ငန်းများကို စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ရွေးကောက်ပွဲကျင်းပပြီးစီး၍ မဲရလဒ်များကြေညာ သည့်အခါ လွှတ်တော်အသီးသီး၌ ရွေးကောက်တင်မြှောက်

ခံရသော လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦးရှိသည့် အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉၂၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၂ ဦး စသည်ဖြင့် နိုင်ငံရေးပါတီစုစုပေါင်း ၁၉ ပါတီက ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခံရသည်။ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လေးဦး ရွေးကောက်တင်မြှောက်ခံရသူများတွင် ပါဝင်သည်။

 

နှုန်းစံမီသည့်ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရ မည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ ရွေးကောက်ပွဲ

ရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်းဖြစ်စေရမည်ဟူသော စံငါးချက်နှင့်အညီဖြစ်စေရေး ကြိုးပမ်းအားထုတ်ဆောင် ရွက်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲကြီးကို စံငါးချက် နှင့်အညီ လွတ်လပ်မျှတစွာ အောင်မြင်အောင်ကျင်းပသွားရန် လိုအပ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေး အတွက်လည်း အထူးအလေးထားရပါမည်။ ရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ပါတီစည်းရုံးရေးနှင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာ၌ အားလုံးတူညီစွာလိုက်နာရမည့် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များနှင့်အညီ ထုတ်ပြန်ခဲ့သည်။

 

ရွေးကောက်ပွဲကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်ကြသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စသည့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီ များ၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူ များ အားလုံးပါဝင်ခဲ့ကြသည်။ ယင်းတို့ကြောင့် နှုန်းစံမီ သည့် ရွေးကောက်ပွဲဟု ဆိုရပါမည်။

 

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မဲရုံ များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊

ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မူဝါဒ လုပ်ငန်းစဉ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သော ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ ပြင်ဆင်ခင်းကျင်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ဆန္ဒမဲလာရောက်ပေးသူများသည်လည်း ကျန်းမာရေးစံများနှင့်အညီ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲများပေးနိုင် ခဲ့ကြသည်။ လွတ်လပ်စွာဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒမဲပေးခဲ့ ကြသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲရုံကိုယ်စားလှယ်များသည်လည်း မဲရုံအတွင်းမှာ ရှိနေကြသည်။ မဲရုံပိတ်ချိန် မဲများရေတွက်ရာတွင်လည်း မဲရုံးကိုယ်စားလှယ်များနှင့် အသိသက်သေမဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲလေ့လာသူများရှေ့မှောက်တွင် မဲလက်မှတ် တစ်စောင်စီကို ထောက်ပြ၍ မည်သည့်ကိုယ်စားလှယ် လောင်းကို မဲပေးခဲ့ကြောင်း ကြေညာခဲ့သည်။ ရုပ်မြင်သံကြား မှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်ကို ပြည်သူများ မြင်တွေ့ ခဲ့ရသည်။ ပွင်းလင်းမြင်သာမှုရှိသည်။

 

အသက် ၆၀ နှစ်အထက်ရှိ မဲဆန္ဒရှင်များထံသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ် များတွင်လည်း မဲဆန္ဒရှင်များသည် လွတ်လပ်စွာဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကိုရွေးချယ်ကာ လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြသည်။ ယင်းလုပ်ငန်းဖြစ်စဉ်များ တွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လိုက်ပါကြည့်ရှုခွင့်ရှိသည်။ အချို့နေရာ များ၌ ဆန္ဒမဲလက်မှတ်များ လွဲမှားထုတ်ပေးမိခြင်း၊ ဆန္ဒမဲ လက်မှတ်လွဲမှား၍ ဆန္ဒမဲပေးမိခြင်း၊ UEC အမှတ်အသား မပါသည့် တံဆိပ်တုံးဖြင့်နှိပ်၍ ဆန္ဒပြုခဲ့ခြင်းစသည့်

ချို့ယွင်းချက်အလွဲများတွေ့ရှိရသည့်အခါ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများက မည်သည့်

လွှတ်တော်ကိုယ်စားလှယ်လောင်းကိုမျှ ထိခိုက်နစ်နာမှုမရှိ စေရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။ ယင်းသို့ စီမံဆောင်ရွက်ခြင်းဖြင့် လွတ်လပ်၍တရားမျှတမှုဖြစ်စေသည်။ ကောင်းသောအစဉ်အလာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သင့်သည်။

 

ရွေးကောက်ပွဲတွင် ပြည်တွင်းရွေးကောက်ပွဲလေ့လာရေး အဖွဲ့ ၃၆ ဖွဲ့ဖြင့် ရွေးကောက်ပွဲလေ့လာသူ ၈၂၁၇ ဦး၊

နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော THE CARTER CENTER၊ EU ၊ ANFRE အဖွဲ့များနှင့် ပြည်တွင်းရှိ နိုင်ငံ တကာသံရုံးများကလည်း ရွေးကောက်ပွဲဖြစ်စဉ်များကို လေ့လာခဲ့ကြသည်။ ရွေးကောက်ပွဲလေ့လာသူအဖွဲ့အစည်း များ၏ ကနဦးထုတ်ပြန်ချက်များတွင်လည်း ရွေးကောက်ပွဲ တွင် ချို့ယွင်းအားနည်းမှုအချို့ကို ထောက်ပြကာ ကြီးမား သော ပြဿနာကြီးများ တစ်စုံတစ်ရာမတွေ့ရှိရဘဲ လွတ်လပ်၍ တည်ငြိမ်အေးချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့သော ရွေးကောက်ပွဲ ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

 

ရွေးကောက်ပွဲနှင့် ဒီမိုကရေစီကျင့်စဉ်

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ဟူ၍ ပြဋ္ဌာန်းထားသည်။ နိုင်ငံသားများက မိမိတို့ထံတွင်ရှိ သော နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မိမိတို့ကိုယ်စား ကျင့်သုံးနိုင်စေရန် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေး၍ မိမိတို့စိတ်ကြိုက်ကိုယ်စားလှယ်များကို ရွေးချယ်ကြသည်။ ဒီမိုကရေစီကျင့်စဉ်ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံ သားများသည် လွတ်လပ်စွာဖြင့် မိမိတို့ကြိုက်နှစ်သက် သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်စွာဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ခဲ့ကြပြီးဖြစ်သည်။ ဒီမိုကရေစီ ကျင့်စဉ်တွင် အများစု၏ဆန္ဒကို အနည်းစုကလေးစား လိုက်နာကြရပါမည်။ သို့ဖြစ်၍ ဒီမိုကရေစီကျင့်စဉ်နှင့် ညီသည့် ရွေးကောက်ပွဲဟု ဆိုရပါမည်။

 

စုပေါင်းအားဖြင့် နိုင်ငံ့တာဝန်ကျေပွန်ခဲ့ကြပါပြီ

 

၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီခရီး၏ တတိယခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ ပုံမှန်အခြေအနေထက် ထူးခြားစွာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေသည့်ကာလတွင် အခက်အခဲများစွာကို စုပေါင်းအားဖြင့် ကျော်လွှားနိုင်ခဲ့ပါ ပြီ။ နိုင်ငံနှင့် ပြည်သူအကျိုးကို တာဝန်ယူဆောင်ရွက်ကြ မည့် ပြည်သူကိုယ်စားလှယ်များကို ပြည်သူတို့က မိမိတို့၏ ယုံကြည်မှုဖြင့် ရွေးချယ်ခဲ့ကြပြီ။

 

ထူးခြားသည့်အခြေနေတွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကြားမှ ကျင်းပခဲ့ရသည့်အားလျော်စွာ အချို့အချို့သော နေရာအနည်းငယ်၌ အဆင်မပြေမှုများ ရှိကောင်းရှိနိုင် သည်။ တစ်ဖက်တွင်လည်း ယခုရွေးကောက်ပွဲကြီးမှ အတွေ့ အကြုံကောင်းများစွာ ရရှိခဲ့ကြသည်။ နောင်ရွေးကောက်ပွဲ များတွင် ယခုထက်ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြ ပါမည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင် ရေးအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလည်းကောင်း၊ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်း အသီးသီးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် တို့မှ တာဝန်ရှိသူများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလည်းကောင်း၊ ပူးပေါင်း ပါဝင် အကူအညီပေးခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို လည်းကောင်း အထူးဂုဏ်ပြုမှတ်တမ်းတင်ရပါမည်။ အဓိကမှာ တစ်ခဲနက်ဆန္ဒပြုမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများသည်သာ အခရာပါ။ အချုပ်အားဖြင့်ဆိုရလျှင် ပြည်သူ၊ အစိုးရ၊ တာဝန်ရှိဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ စုပေါင်း အားဖြင့် တစ်နည်းဆိုရသော် နိုင်ငံသားပြည်သူများအားလုံး ၏ စုပေါင်းအားဖြင့် နိုင်ငံ့တာဝန်ကျေပွန်ခဲ့ကြခြင်းဖြစ်သည် ဟု ရှုမြင်သုံးသပ်ရကြောင်းပါဗျာ။

 

- ၂၀၂၀ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းမှာ ပြည်သူများ၏ စုပေါင်း အင်အားသည်သာ အခရာပါ၊

- ပြည်သူတို့က ယုံကြည်စွာရွေးချယ်လိုက်ကြသည့် ပြည်သူ့ကိုယ်စားလှယ်များအားလုံး နိုင်ငံ နှင့် ပြည်သူအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ကြပါစေ၊

- နိုင်ငံတော်၏ ဒီမိုကရေစီရှေ့ခရီး ချောမော အောင်မြင်ပါစေ။