၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည်

၅ ဇန်နဝါရီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာတွင် ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်ကို ခန့်အပ်ခဲ့ပြီး ၎င်း၏အစီအစဉ်ဖြင့် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။ ယင်းလေးနှစ်အတွင်း မြန်မာ့လက်ရွေးစင် အသင်းအပါအဝင် လူငယ်လက်ရွေးစင် အသင်းများမှာ နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းများနည်းပြ ခန့်အပ်ခြင်းအပါအဝင် လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များကို တစ်ပါတည်း ရေးဆွဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လေးနှစ်တာစီမံကိန်းများကို ဇန်နဝါရီ ၁၆ ရက်တွင် MFF ရုံး၌ ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြညာမည်ဖြစ်သည်။ 

လက်ရှိတွင် MFF သည် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်း အပါအဝင် ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသားအသင်း၊ ယူ-၁၅ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်း၊ ယူ-၁၆ အမျိုးသမီးအသင်းတို့ကို ဖွဲ့စည်းထားသည်။ လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ်ကိုလည်း ယခုလအတွင်း ခန့်အပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မကြာမီ ကြေညာမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်