၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်းလင်းတင်ပြချက်

ဒေါက်တာမိုမိုသန့်၊ ပါမောက္ခ(ဌာနမှူး)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်

 

၂၀၁၉ ခုနှစ်မှာ ပြောင်းလဲအသုံးပြုမယ့် သမိုင်းဘာသာရပ် မေးခွန်းပုံစံသစ်ဟာ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူတို့အတွက် ဖတ်စာအုပ်ကို အလွတ်ကျက်မှတ်ဖြေဆိုရမှု လျော့နည်းစေပြီး ပိုင်းခြားဝေဖန်စဉ်းစားတွေးခေါ်နိုင်မှု (Critical Thinking) ကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်တယ်။ မေးခွန်းပုံစံသစ်အရ သင်ခန်းစာတွေကို စ၊ လယ်၊ ဆုံး ကောင်းစွာနားလည်သဘောပေါက်ပြီးမှ ခြုံငုံစဉ်းစား ပိုင်းခြားဝေဖန်ပြီး ဖြေဆိုရမယ့်မေးခွန်းမျိုး ဖြစ်တယ်။ ပဓာနကျတဲ့ သမိုင်းဆိုင်ရာအသိသညာ (Prime Historical Concepts) တွေကို သိမြင်နားလည်စေဖို့ ဦးတည်တဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။

 

သင်ရိုးညွှန်းတမ်းအနေနဲ့ ပြောင်းလဲမှုရှိမှာမဟုတ်ဘဲမူလအတိုင်း မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းဆိုပြီး ဖတ်စာအုပ် နှစ်အုပ် ပြဋ္ဌာန်းမှာဖြစ်တယ်။ ပြောင်းလဲတဲ့ မေးခွန်းပုံစံဟာ အလုံးစုံပြောင်းလဲခြင်းမဟုတ်ဘဲ ကျောင်းသား ကျောင်းသူတို့ရဲ့ သင်ကြား၊ သင်ယူမှုအခြေအနေ၊ စာစစ်အတွေ့အကြုံ၊ ဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ ဘာသာရပ်လိုအပ်ချက်တို့အပေါ် အစစအရာရာချိန်ထိုးပြီးမှ အနည်းငယ်သာ ပြင်ဆင်ပြောင်းလဲထားခြင်း ဖြစ်တယ်။ ကျောင်းသား ကျောင်းသူတို့နဲ့ ဘာသာရပ်တို့အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်ပြီး အပိုင်းကဏ္ဍအချို့ကိုသာ မွမ်းမံပြင်ဆင်ထားတာ ဖြစ်တယ်။

 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ရဲ့မေးခွန်းဟာ အပိုင်း (က)၊ အပိုင်း (ခ)၊ အပိုင်း (ဂ)၊ အပိုင်း (ဃ) ဆိုပြီး အပိုင်းလေးပိုင်း ပါဝင်မှာဖြစ်တယ်။ မေးခွန်း အပိုင်းလေးပိုင်းလုံးကို ဖြေဆိုရမှာ ဖြစ်တယ်။ မေးခွန်းရဲ့ အပိုင်းတစ်ပိုင်းစီ၊ ပုဒ်ခွဲတစ်ခုစီမှာ သင်ရိုးတစ်ခုလုံး လွှမ်းခြုံမိအောင် မေးထားတဲ့ မေးခွန်းဖြစ်တယ်။

 

 မေးခွန်းအပိုင်း (က) မှာ နံပါတ် ၁။ (က)၊ ၁။ (ခ) ဆိုပြီး ပါရှိမှာဖြစ်တယ်။

 

နံပါတ် ၁။ (က) မေးခွန်းက “အောက်ပါကွက်လပ်များ၌ ဖြည့်စွက်ရမည့် အဖြေများကို အဖြေစာအုပ်တွင် ရေးပါ” ဟူ၍ ဖြစ်တယ်။ (၁) မှ (၁၀) အထိ ၁၀ ပုဒ်ပါဝင်တယ်။ မြန်မာ့သမိုင်းမှ ငါးပုဒ်၊ ကမ္ဘာ့သမိုင်းမှငါးပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ တစ်မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၁၀ မှတ် ဖြစ်တယ်။ ဓမ္မဓိဋ္ဌာန် မေးခွန်းများဟာ ကျောင်းသား ကျောင်းသူတွေရဲ့ ဘာသာရပ်တွင် ကျေညက်မှု၊ စဉ်းစားတွေးခေါ်မှုကို အားပေးပြီးဖြတ်ထိုးဉာဏ်ကို ဆန်းစစ်တဲ့မေးခွန်း ဖြစ်ပါတယ်။

 

မေးခွန်း အပိုင်း ၁။ (ခ) မှာ (၁) မှ (၁၀) အထိပါဝင်ပြီး အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီအတွက် ပေးထားသောအဖြေ (က)၊ (ခ)၊ (ဂ) တို့အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါ ဖြစ်တယ်။ မြန်မာ့သမိုင်းမှ ငါးပုဒ်၊ ကမ္ဘာ့သမိုင်းမှ ငါးပုဒ် စုစုပေါင်း ၁၀ ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ တစ်မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၁၀ မှတ် ဖြစ်တယ်။ သင်ခန်းစာများကို လေ့လာရာမှာ အရေးကြီးတဲ့ အချက်ဟာ ဘာလဲဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆင်ခြင်တွေးခေါ်မှုနဲ့ စဉ်းစားဉာဏ်ကို ဖော်ထုတ်လေ့လာဆန်းစစ်တာပဲဖြစ်တယ်။ ဒီအပိုင်းမှာတော့ ယခင်နှစ်က မေးခွန်းမှာ ပါခဲ့တဲ့ “မှား” သို့မဟုတ် “မှန်” ရွေးခိုင်းတဲ့ မေးခွန်း (အပုဒ်ငယ် ငါးပုဒ်)ကို ဖြုတ်လိုက်ပြီး (က)၊ (ခ)၊ (ဂ) ထဲမှ အဖြေမှန်တစ်ခု ရွေးခိုင်းတဲ့မေးခွန်းကို (အပုဒ်ငယ် ငါးပုဒ်မှ ၁၀ ပုဒ်သို့) ပုဒ်ရေတိုးပြီး မေးထားတာ ဖြစ်တယ်။

 

မေးခွန်းအပိုင်း (ခ) မှ ပုဒ်ခွဲ (၂) ဟာ အောက်ပါတို့အနက်မှ လေးပုဒ်ကို မှတ်စုတိုရေးပါ ဖြစ်တယ်။ (က)မှ (ဇ) အထိပါပြီး မြန်မာ့သမိုင်း လေးပုဒ်နှင့် ကမ္ဘာ့သမိုင်းလေးပုဒ်တို့ ပါဝင်တယ်။ နှစ်သက်ရာ လေးပုဒ်ကို ဖြေဆိုရန်ဖြစ်ပါတယ်။ တစ်ပုဒ် ရမှတ်မှာ ငါးမှတ် ဖြစ်ပြီး ၂၀ မှတ်ဖိုး ဖြေဆိုရမှာဖြစ်တယ်။ သင်ရိုးပါသင်ခန်းစာများမှ အဓိကမှတ်သားသင့်တဲ့ အချက်များကို နားလည်သိရှိမှု ရှိ၊ မရှိစစ်ဆေးတဲ့ မေးခွန်းဖြစ်ပါတယ်။ အလွတ်ကျက်ထားတဲ့စာကိုပြန်လည်ဖြေဆိုခြင်းမျိုးမဟုတ်ဘဲ အဓိကအချက်ကို စဉ်းစားတွေးခေါ်နိုင်ရန် ဖြစ်ပါတယ်။ အပိုင်း (ခ) အပိုင်းမှာ ပြင်ဆင်မှုမရှိဘဲ ၂၀၁၈ မေးခွန်းပုံစံအတိုင်း ဖြစ်တယ်။

 

အပိုင်း (ဂ) နှင့် (ဃ) ဟာ စာစီစာကုံးပုံစံဖြစ်ပြီးသမိုင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်စပ်တွေးခေါ် တတ်ရန်၊ ကျောင်းသား ကျောင်းသူ၏ ကိုယ်ပိုင်အမြင်ကို တင်ပြဖော်ထုတ်တတ်ရန် မေးထားတာ ဖြစ်တယ်။ မှတ်စုရှည် ရေးရမှာဖြစ်ပြီး သမိုင်းအကြောင်းအရာ၊ အချက်အလက်များကို ဆက်စပ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။

 

 မေးခွန်းအပိုင်း (ဂ) ပုဒ်ခွဲ (၃) မှာ အောက်ပါတို့အနက်မှ နှစ်ပုဒ်ကိုဖြေဆိုပါ ဖြစ်တယ်။ စာစီစာကုံး ပုံစံဖြစ်တယ်။ မြန်မာ့သမိုင်းမေးခွန်းများဖြစ်ပြီး ယခင်က စုစုပေါင်း ငါးပုဒ်ပါရှိခဲ့ပြီး ယခုမေးခွန်းမှာတော့ စုစုပေါင်း လေးပုဒ် ပါရှိမှာဖြစ်တယ်။ ယင်း လေးပုဒ်အနက်မှ ¬ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁၅ မှတ်ဖြစ်ပြီး နှစ်ပုဒ်အတွက် စုစုပေါင်းရမှတ်မှာ ၃၀ မှတ်ဖြစ်တယ်။

 

မေးခွန်းအပိုင်း (ဃ) ပုဒ်ခွဲ (၄) မှာ အောက်ပါတို့အနက်မှ နှစ်ပုဒ်ကို ဖြေဆိုပါဖြစ်တယ်။ စာစီစာကုံးပုံစံ ဖြစ်တယ်။ ကမ္ဘာ့သမိုင်းမေးခွန်းများဖြစ်ပြီး ယခင်က စုစုပေါင်း ငါးပုဒ် ပါရှိခဲ့ပြီး ယခု မေးခွန်းမှာတော့ စုစုပေါင်းလေးပုဒ် ပါရှိမှာဖြစ်တယ်။ ယင်း လေးပုဒ်အနက်မှကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ (၁၅) မှတ်ဖြစ်ပြီး (၂) ပုဒ် အတွက်စုစုပေါင်းရမှတ်မှာ (၃၀) မှတ် ဖြစ်တယ်။

 

၂၀၁၈ မေးခွန်းဟောင်းရဲ့ စုစုပေါင်းပေးမှတ်ကတော့၂၁၀ ဖြစ်ပြီး ယခု ၂၀၁၉ မေးခွန်းရဲ့ စုစုပေါင်း ပေးမှတ် မှာ ၁၈၀ မှတ် ဖြစ်တယ်။ မေးခွန်း၏ အမှတ်ပြည့်မှာ အမှတ် ၁၀ဝ ဖြစ်ပြီး အောင်မှတ်မှာ ၄၀ ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် မေးခွန်းလွှာပုံစံဟာ သမားရိုးကျ အလွတ် ကျက်မှတ်ဖြေဆိုတာကိုချည်း အားမပေးဘဲ ကျောင်းသား ကျောင်းသူတွေရဲ့တွေးခေါ်ဆင်ခြင်မှုကိုလည်း အားပေးတဲ့ ဓမ္မဓိဋ္ဌာန်ပုံစံ၊ သင်ရိုးပါ သင်ခန်းစာများမှ အဓိကမှတ်သား သင့်တဲ့အချက်တွေကို နားလည်သိရှိမှု ရှိ၊ မရှိစစ်ဆေးတဲ့ မှတ်စုတိုပုံစံ၊ သမိုင်းအကြောင်းအရာကို ဆက်စပ်ပြနိုင်ပြီး အကြောင်းအရာများကို ဝေဖန်သုံးသပ်ချက်များနှင့် စာစီစာကုံးပုံစံရေးရမယ့် မေးခွန်းရှည်ဆိုပြီး မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ဖြေဆိုတတ်အောင် ပြင်ဆင်ထားတဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။ မေးခွန်းတစ်ခုလုံးဟာ ပြဋ္ဌာန်းစာအုပ်တွေကို လွှမ်းခြုံပြီး ဖြေနိုင်ဖို့ ဦးတည်ထားတဲ့ မေးခွန်းပဲဖြစ်တယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူများကို သမိုင်းရဲ့သဘော အကဲဖြတ်တတ် ခြင်း၊ ကောက်ချက်ချတတ်ခြင်း၊ ဆန်းစစ်ဝေဖန်တတ်ခြင်း၊ သင်ခန်းစာယူတတ်ခြင်း စတဲ့ သမိုင်းအမြင် ရင့်သန်လာစေဖို့ အထောက်အကူပြုတဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေကို အကြံပြုချင်တာကတော့ သမိုင်းဘာသာရပ်ကို လေ့လာရာမှာ ပြဋ္ဌာန်းစာအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ရွေးချယ်လေ့လာကျက်မှတ်တာမျိုးမလုပ်ဘဲ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို ကျေညက်အောင် လေ့လာရမှာဖြစ်တယ်။ ၂၀၁၉ မေးခွန်းဟာ ၂၀၁၈ မေးခွန်းနှင့် သိပ်ကွာခြားတဲ့ ပြောင်းလဲမှုမရှိပါဘူး။ ကျောင်းသား တွေရဲ့ ဆင်ခြင်တွေးခေါ်မှုနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကို ရင့်သန်စေဖို့ ဦးတည်ပြီး အနည်းငယ်သာ ပြောင်းလဲထားတာဖြစ်တယ်။ ဒါ့ကြောင့် ကျောင်းသား ကျောင်းသူတွေအတွက် အခက်အခဲမရှိဘဲ ဖြေဆိုနိုင်မယ့် မေးခွန်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ ။

 

(နမူနာမေးခွန်းပုံစံကို ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mm တွင်၁၀-၅-၂၀၁၈ ရက်နေ့မှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။)