၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်းလင်းတင်ပြချက်

ဒေါက်တာထွန်းကို၊ ပါမောက္ခ(ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထိကျင့်သုံးခဲ့သည့် ပထဝီဝင်ဘာသာရပ်၏မေးခွန်းပုံစံသည် ဖတ်စာအုပ်ပါ သင်ခန်းစာများကို အလွတ်ကျက်ပြန်ရေးစနစ်ဟောင်းပုံစံကိုသာ အခြေပြုထားသည့်အတွက် ယခုအခါ မေးခွန်းပုံစံအသစ်ကို ပြောင်းလဲရန် ပြင်ဆင်လာခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးမည့် မေးခွန်းပုံစံတွင်ကျောင်းသား ကျောင်းသူများ ဖတ်စာအုပ်ကို အလွတ်ကျက်မှတ်၍ ဖြေဆိုမှု လျော့နည်း လာစေရန်၊ စဉ်းစားတွေးခေါ်ဖြေဆိုသော ကိုယ်ပိုင်ရေးသားမှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့်ပြောင်းလဲပြင်ဆင်ထားပါသည်။

 

ပြောင်းလဲပြင်ဆင်သည်ဆိုသော်လည်း မေးခွန်းတစ်ခုလုံးအား အလုံးစုံပြင်ဆင်လိုက်ခြင်းကား မဟုတ်ပါ။ အဓိက ပြောင်းလဲပြင်ဆင်ထားသည့် အပိုင်းများမှာ စာစစ်မှူးချုပ်များ၏ စာစစ်အတွေ့အကြုံများအရ ကျောင်းသား ကျောင်းသူများ ဖြေဆိုရာတွင် ရောထွေးမှုဖြစ်သောအပိုင်းများအား ဖြုတ်ခြင်း၊ ပထဝီဝင်ဘာသာ ရပ်၏ သဘောသဘာဝအရ ကိုယ်ပိုင်စွမ်းရည်ဖြင့် စဉ်းစားတွေးခေါ်ဖြေဆိုရမည့် လက်တွေ့ပထဝီဝင် အပိုင်းများ၏ အမှတ်ခွဲဝေမှုအား ပြင်ဆင်ခြင်း စသည့်ပြောင်းလဲပြင်ဆင်မှုများသာ ဆောင်ရွက်ထားသည့် အတွက် ၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သည့် မေးခွန်းပုံစံဟောင်း၏၂၅ ရာခိုင်နှုန်းခန့်သာ ပြောင်းလဲပြင်ဆင် ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအသစ်ကျင့်သုံးမည့် တက္ကသိုလ်ဝင်တန်းပထဝီဝင်ဘာသာရပ် မေးခွန်းပုံစံသစ်သည် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ၏ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည့် အပိုင်းကဏ္ဍအချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်းဖြစ်ပြီး ပထဝီဝင်ဘာသာရပ်ဖြင့် လက်တွေ့အသုံးချနိုင်မှု အပိုင်းကိုလည်း အနည်းငယ် ဖြည့်စွက် ပေးထားပါသည်။

 

အဓိကတင်ပြလိုသည်မှာ ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးမည့် မေးခွန်းပုံစံသစ်အတွက် ပြဋ္ဌာန်း စာအုပ်မှာ ယခင်ပြဋ္ဌာန်းစာအုပ်ကိုသာ ပြန်လည်သုံးစွဲမှာဖြစ်သည့်အတွက် သင်ကြားရမည့် အကြောင်းအရာ အသစ်များမဟုတ်ဘဲ အမှတ်ခွဲဝေမှုအပိုင်းနှင့် ဖြေဆိုရာတွင် စဉ်းစားတွေးခေါ်မှု ဦးစားပေးအနေအထား အနည်းငယ်ပြောင်းလဲထားခြင်းသာ ဖြစ်ပါသည်။

 

ယခုဆက်လက်ပြီး ပထဝီဝင်ဘာသာရပ် မေးခွန်းနံပါတ်အလိုက် ပြောင်းလဲဆောင်ရွက်မှုများကို ဆက်လက်ရှင်းပြလိုပါသည်။

 

၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သောတက္ကသိုလ်ဝင်စာမေးပွဲ၊ ပထဝီဝင်ဘာသာရပ်မေးခွန်းတွင် အပိုင်း(က)မှ အပိုင်း (စ)အထိအပိုင်း ခြောက်ပိုင်းပါဝင်ကာ မေးခွန်းပါပေးထားချက်များအရ မေးခွန်းပေါ်တွင် အမှတ် ၂၈၀ ဖိုး မေးထားပြီး အမှတ် ၁၀ဝ ဖိုးဖြေဆိုရန်ဖြစ်ပါသည်။

 

၂၀၁၉ ခုနှစ် ပထဝီဝင်ဘာသာရပ်မေးခွန်းပုံစံသစ်တွင် အပိုင်း(က)၊ မေးခွန်း၁ (က) မှား မှန်ရွေး၊ မေးခွန်း ၁ (ခ)ကွက်လပ်ဖြည့်၊ မေးခွန်း ၁ (ဂ) တွင်အဖြေမှန် ရွေးများပါဝင်ကာ ပေးမှတ် ၁၅မှတ်ဖြင့် ယခင်အတိုင်းဖြစ်ပြီး ပြောင်းလဲမှုလုံးဝ မပါဝင်ပါ။

 

အပိုင်း(ခ)တွင် ပြဋ္ဌာန်းစာအုပ်မှသဘာဝပထဝီဝင် အပိုင်းအား မေးမှာဖြစ်ပြီးမေးခွန်းအားဖြင့် မေးခွန်းနံပါတ် ၂ နှင့် ၃သည် မေးခွန်းရှည် (Essay Type) အဖြစ်မေးထားမည်ဖြစ်ပြီး မေးခွန်းနံပါတ် ၄ မှာမှတ်စုတို (Add-note Type) နှစ်ပုဒ်မေးကာစုစုပေါင်း သုံးပုဒ်မှ တစ်ပုဒ် ရွေးချယ်ဖြေဆိုရန်ဖြစ်ပြီး ရမှတ်မှာ ၁၅ မှတ် ဖြစ်ပါသည်။ မေးခွန်း၏ အပိုင်း(ခ)တွင် အဓိကပြောင်းလဲမှုတစ်ခုမှာ မေးခွန်းနံပါတ် ၄ မှတ်စုတိုအပိုင်းဖြစ်ပြီး ယခင်က မှတ်စုတို (Add-note Type)လေးပုဒ်မေးထားခဲ့ပြီး ယခု မေးခွန်းပုံစံသစ်တွင် မှတ်စုတိုမှာ နှစ်ပုဒ်သာ မေးထားပါသည်။

 

၂၀၁၈ ခုနှစ်အထိ မေးခွန်း၏ အပိုင်း(ဂ)စီးပွားရေးပထဝီဝင်အပိုင်းတွင် အခန်း(၁)သတ္တုတွင်းထွက် ပစ္စည်းတူးဖော်ခြင်းလုပ်ငန်း၊ အခန်း(၂)သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းတူးဖော်ခြင်းလုပ်ငန်း၊ အခန်း(၃) ရေအား၊ အခန်း(၄)စက်မှုလက်မှုလုပ်ငန်း၊ အခန်း(၅) ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ အခန်း(၆) ကုန်သွယ်ရေးလုပ်ငန်းများ ပါဝင်ပါသည်။
အထက်ဖော်ပြပါ အခန်းအလိုက်အကြောင်းအရာများသည် အပိုင်း(ဂ) မြန်မာ့ပထဝီဝင်အခန်းရှိ အကြောင်းအရာများနှင့်လည်း ဆင်တူနေသည်ကို တွေ့ရနိုင်ပါသည်။ စာရင်းဇယားအချက်အလက်သာ ကမ္ဘာနှင့် မြန်မာကွာခြားနေခြင်း ရှိပါသည်။ ထို့အပြင်ကမ္ဘာ့စီးပွားရေးအနေဖြင့်လည်း အခန်း (ဃ)ကမ္ဘာ့ ပထဝီဝင်အခန်းတွင် နိုင်ငံအလိုက်ပထဝီဝင် အကြောင်းခြင်းရာများ ဖော်ပြသည့်အခါ နိုင်ငံအလိုက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်နေသည်ကို တွေ့ရနိုင်ပါသည်။

 

ထို့ကြောင့် ၂၀၁၉ ခုနှစ် ပထဝီဝင်ဘာသာရပ်မေးခွန်းပုံစံသစ်တွင် အပိုင်း(ခ)စီးပွားရေး ပထဝီဝင် အပိုင်းအား ထည့်သွင်း၍အကဲဖြတ်စစ်ဆေးမှုအတွက် အသုံးပြုတော့မည်မဟုတ်ပါ။

 

မေးခွန်း၏ အပိုင်း (ဂ) တွင် မြန်မာနိုင်ငံပထဝီဝင်အပိုင်းအား မေးမှာဖြစ်ပြီး မေးခွန်းအားဖြင့် မေးခွန်းနံပါတ် ၅ နှင့် ၆ သည်မေးခွန်းရှည် (Essay Type) အဖြစ် မေးထားမည်ဖြစ်ပြီး မေးခွန်းနံပါတ် ၇ မှာ မှတ်စုတို(Add-note Type) နှစ်ပုဒ် မေးကာ စုစုပေါင်းသုံးပုဒ်မှ တစ်ပုဒ် ရွေးချယ်ဖြေဆိုရန်ဖြစ်ပြီးရမှတ်မှာ ၁၅ မှတ်ဖြစ်ပါသည်။ မေးခွန်း၏အပိုင်း(ဂ) တွင် အဓိကပြောင်းလဲမှုတစ်ခုမှာမေးခွန်းနံပါတ် ၇ မှတ်စုတို အပိုင်းဖြစ်ပြီး ယခင်က မှတ်စုတို(Add-note Type) လေးပုဒ်မေးထားခဲ့ပြီး ယခု မေးခွန်းပုံစံသစ်တွင်မှတ်စုတိုမှာ နှစ်ပုဒ်သာ မေးထားပါသည်။

 

မေးခွန်း၏ အပိုင်း(ဃ) ကမ္ဘာ့ပထဝီဝင်အပိုင်းအား မေးမှာဖြစ်ပြီး မေးခွန်းအားဖြင့် မေးခွန်း နံပါတ် ၈ နှင့် ၉ သည် မေးခွန်းရှည်(Essay Type) အဖြစ်မေးထားမည်ဖြစ်ပြီး မေးခွန်းနံပါတ် ၁၀ မှာ မှတ်စုတို (Add-note Type)  နှစ်ပုဒ် မေးကာ စုစုပေါင်း သုံးပုဒ်မှတစ်ပုဒ်ရွေးချယ်ဖြေဆိုရန်ဖြစ်ပြီး ရမှတ်မှာ၁၅ မှတ်ဖြစ်ပါသည်။ မေးခွန်း၏ အပိုင်း(ဃ)တွင် အဓိက ပြောင်းလဲမှုတစ်ခုမှာ မေးခွန်းနံပါတ် ၁၀ မှတ်စုတို အပိုင်းဖြစ်ပြီး ယခင်ကမှတ်စုတို (Add-note Type) လေးပုဒ်မေးထားခဲ့ပြီး ယခု မေးခွန်းပုံစံသစ်တွင် မှတ်စုတိုမှာ နှစ်ပုဒ်သာ မေးထားပါသည်။

 

မေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှုအပိုင်း ပိုမိုအလေးထားနိုင်ရန်အတွက် ဒသမတန်း ပထဝီဝင်ဖတ်စာအုပ်၏ လက်တွေ့ပထဝီဝင်အပိုင်းကို အမှတ်အချိုး ပိုမိုအလေးပေးထားပါသည်။ ထိုကဲ့သို့ လက်တွေ့ပထဝီဝင်အပိုင်းအား မေးခွန်းတွင်အလေးပေးမှု ပိုမိုခြင်းအားဖြင့် ပထဝီဝင်ဘာသာရပ်သည် အလွတ်ကျက်မှတ်လေ့လာရသော ဘာသာရပ်အမြင်မှ လက်တွေ့နယ်ပယ်တွင် အသုံးဝင်သော၊ စဉ်းစား ဆင်ခြင်မှုဖြင့် လေ့လာရသော၊ အချိန်နှင့်နေရာ ဆက်စပ်တွေးခေါ်ပြီး ကောက်ချက်ချရသော ဘာသာရပ်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

 

ထို့ကြောင့် မေးခွန်းပုံစံသစ်တွင်မေးခွန်း နံပါတ် ၁၁ (က) စကေးပုစ္ဆာများ၁၀ မှတ်၊ မေးခွန်းနံပါတ် ၁၁(ခ) ကောင်းကင်ဓာတ်ပုံ ပုစ္ဆာများ ၁၀ မှတ်နှင့် မေးခွန်းနံပါတ်၁၁(ဂ) မြေပြင်လက္ခဏာပြမြေပုံ ဖြေဆိုခြင်း၂၀ မှတ် စုစုပေါင်း ၄၀ မှတ်အဖြစ် အမှတ်ခွဲဝေမှုအား အဓိကပြောင်းလဲထားပါသည်။ဖြေဆိုရာတွင်လည်း အထူးသဖြင့် အမှတ် ၂၀ပေးထားသော မြေပြင်လက္ခဏာပြမြေပုံများဖတ်ရှုပြန်ဆိုခြင်းတွင် ယခင်မေးခွန်းများ တွင်လိုတွေ့ရှိရသည့် အကြောင်းအရာ ဥပမာ- မြစ်ချောင်းများ တွေ့ပါသည်။ ရွာစုရွာဝိုင်းများတွေ့ရသည် စသဖြင့် ဖြေဆိုခြင်းထက် တွေ့ရှိရသော အကြောင်းအရာများကို ဆက်စပ်သုံးသပ်ပြီး ဖြစ်စဉ်များကို ဆန်းစစ်လေ့လာခြင်းများ (relationship between patterns andprocesses) ဖြေဆိုနိုင်စေရန် အဓိကရည်ရွယ်ပါသည်။

 

လက်တွေ့ ပထဝီဝင်မေးခွန်းအပိုင်းသည် ပြဋ္ဌာန်းကျောင်းသုံးဖတ်စာအုပ်မှ တိုက်ရိုက်အလွတ်ကျက် ဖြေဆို၍ ရသောအပိုင်းမဟုတ်ဘဲစဉ်းစားတွေးခေါ်မှုနှင့် အခြေခံပထဝီဝင်အသိသညာများ (Basic Geographic Concepts)၊ အခြေခံပထဝီဝင် သဘောတရားများ (Basic Geographical Principles)ကို ကောင်းစွာ ဆက်စပ်အသုံးချတတ်မှသာ ဖြေဆိုနိုင်မည့်မေးခွန်းမျိုးဖြစ်ပါသည်။

 

ထို့ကြောင့် မေးခွန်း၏အပိုင်း(က) ဓမ္မဓိဋ္ဌာန် မေးခွန်းများ ၁၅ မှတ်နှင့် အပိုင်း(င)လက်တွေ့ပထဝီဝင် (ယခင်က အပိုင်း(စ) အပိုင်းဖြစ်ပြီး မေးခွန်းပုံစံသစ်တွင် စီးပွားရေးပထဝီဝင်အခန်း မပါဝင်တော့သည့်အတွက် ယခုအခါအပိုင်း(င)ဖြစ်လာသည်) အမှတ် ၄၀ ဖြစ်သဖြင့် အပိုင်း(က)နှင့် အပိုင်း(င) နှစ်ခုပေါင်းလျှင်မေးခွန်း၏ စုစုပေါင်းပေးထား အမှတ် ၁၀ဝမှ ၅၅ မှတ် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင်ပထဝီဝင်ဆိုင်ရာ စဉ်းစားတွေးခေါ်မှု အပိုင်းထက် ပထဝီဝင်ဆိုင်ရာအကြောင်းခြင်းရာကို ဦးစားပေးသည့် မေးခွန်း၏ အပိုင်း(ခ)၊ (ဂ)နှင့် (ဃ)တို့၏ အရေးပါမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

 

နောက်ဆုံးအနေဖြင့် အနှစ်ချုပ်တင်ပြရမည်ဆိုပါက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း ပထဝီဝင် ဘာသာရပ် မေးခွန်းပုံစံသစ်သည်၂၀၁၈ ခုနှစ်အထိ အသုံးပြုခဲ့သော မေးခွန်းပုံစံဟောင်းနှင့် အဓိက သုံးနေရာ ကွဲလွဲနေပါမည်။

 

၁။ ၂၀၁၈ ခုနှစ်အထိ အသုံးပြုခဲ့သည့် မေးခွန်းပုံစံဟောင်းတွင် အပိုင်း(ဂ)အဖြစ် မေးခဲ့သည့်စီးပွားရေး ပထဝီဝင်အပိုင်း မေးခွန်းပုံစံသစ်တွင် မပါဝင်တော့ပါ။

 

၂။ တက္ကသိုလ်ဝင်တန်း ပထဝီဝင်ဘာသာရပ်မေးခွန်းတွင်ပါဝင်မည့် သဘာဝပထဝီဝင်၊ ကမ္ဘာ့ ပထဝီဝင်နှင့် မြန်မာ့ပထဝီဝင်အပိုင်းများတွင်မှတ်စုတိုမေးခွန်း (Add-note type question) တစ်ပိုင်းတွင် နှစ်ပုဒ်စီသာ ပါတော့မည်။

 

၃။ လက်တွေ့ပထဝီဝင်အပိုင်းတွင် ယခင်ကမေးခွန်းနံပါတ် ၁၄(က) စကေး(သို့) ကောင်းကင်ဓာတ်ပုံ ဘာသာပြန်ဆိုခြင်းနှင့် သက်ဆိုင်သည့်မေးခွန်းနှင့် မေးခွန်းနံပါတ် ၁၄ (ခ) မြေပြင်လက္ခဏာပြမြေပုံဖတ်ရှု ဘာသာပြန်ဆိုခြင်းအစား ယခုအခါ ၁၁(က) စကေးပုစ္ဆာ၊ ၁၁(ခ) ကောင်းကင်ဓာတ်ပုံ ဘာသာပြန်ဆိုခြင်း လုပ်ငန်းစဉ်များနှင့် ၁၁(ဂ) မြေပြင်လက္ခဏာပြမြေပုံဖတ်ရှု ဘာသာပြန်ဆိုခြင်း အဖြစ်သို့ပြောင်းလဲကာ ပေးမှတ်ကိုလည်း ၂၅ မှတ်မှ၄၀ မှတ်အထိ တိုးမြှင့်ထားပါသည်။

 

ထို့ကြောင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း၊ ပထဝီဝင်ဘာသာရပ်မေးခွန်းသည်အလွတ်ကျက်ခြင်းမှ အထိုက်အလျောက်ကင်းလွတ်ပြီး စဉ်းစားတွေးခေါ်ဖြေဆိုရကာကျောင်းသား ကျောင်းသူအများစု လွယ်လင့် တကူ လေ့လာဖြေဆိုနိုင်သော ဘာသာရပ်အဖြစ် ပြောင်းလဲပေးလိုက်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ နမူနာမေးခွန်းပုံစံကိုပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mm တွင် မေ ၁၀ ရက်နေ့မှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ။