၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်းလင်းတင်ပြချက်

နေပြည်တော် ၁၀ မေ

 

မျက်မှောက်ကာလ ပညာခေတ်တွင် ပညာရည်တိုးတက်မြင့်မားရေးအတွက် အရည်အသွေးမြင့်မားသော သင်ရိုး ညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီရေးဆွဲရန် လိုအပ်ပါသည်။ ထို့ပြင် သင်ရိုးညွှန်းတမ်းများ အရည်အသွေး ပြည့်မီသည့်တိုင် သင်ယူတတ်မြောက်မှုအကဲဖြတ်စနစ်များ ကောင်းမွန်မှန်ကန်မှသာ အာမခံချက်ရှိသော ပညာရေးစနစ်ကို ထူထောင်နိုင်ပြီး ပညာရည်ပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာမည် ဖြစ်ပါသည်။ အရည်အသွေးမြင့်မားပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင် သော ဘောဂဗေဒပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် အခြေခံပညာအထက်တန်းအဆင့်တွင် ဘောဂဗေဒအခြေခံသဘောတရားများကို ပိုမိုနားလည်သဘော ပေါက်စေရန်၊ ပိုမိုလေ့လာနိုင်လာစေရန် လိုအပ်ပါသည်။

 

အခြေခံပညာအထက်တန်းအဆင့်တွင် ဘောဂဗေဒဘာသာရပ်ကို နဝမတန်းနှင့် ဒသမတန်းတို့တွင် သင်ကြားပို့ချလျက်ရှိသည်။ နဝမတန်း ပြဋ္ဌာန်းစာအုပ်တွင် ဘောဂဗေဒဘာသာရပ်၏ အခြေခံများ၊ ဘောဂဗေဒ အသုံးအနှုန်းများနှင့် စီးပွားရေးလုပ်ဆောင်ချက်များ စသည်တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး အဆောက်အအုံပုံစံကို စီးပွားရေးကဏ္ဍအလိုက်လည်းကောင်း ထည့်သွင်းရေးသားပြုစုထားပါသည်။ ဒသမတန်း ပြဋ္ဌာန်းစာအုပ်တွင် ဘောဂဗေဒဘာသာရပ်၏ အခြေခံသဘောတရားများကို မိုက်ခရိုဘောဂဗေဒ၊ မက်ခရိုဘောဂဗေဒ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ပြည်သူ့ဘဏ္ဍာရေး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး စသည့်ဘောဂဗေဒဘာသာရပ်ခွဲများ၏ အခြေခံသဘောတရားများ၊ သီအိုရီအခြေခံများကို အခန်း(၆)ခန်း ရေးသားပြုစုထားသည်။

 

ထို့ကြောင့် ပြဋ္ဌာန်းစာအုပ်ပါ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ခြုံငုံသုံးသပ်ရပါက တက္ကသိုလ်ဝင် အဆင့် ဘောဂဗေဒဘာသာရပ်ကို သင်ယူကြမည့် ကျောင်းသား ကျောင်းသူများအတွက် အခြေခံအုတ်မြစ်ချ နိုင်သည့် အခြေခံသင်ရိုး (Foundation course)ဖြစ်ပြီး လေ့လာသူ ကျောင်းသား ကျောင်းသူများကို သိသင့် သိထိုက်သည်များ ပြည့်စုံစွာပါဝင်ကာ နိုင်ငံတကာအဆင့်မီ ရေးသားထားကြောင်း လေ့လာတွေ့ရှိရသည်။ 

 

ဘောဂဗေဒဘာသာရပ် ပြဋ္ဌာန်းစာအုပ်သည်ဘောဂဗေဒဘာသာရပ်၏ အခြေခံသဘောတရားများကို ခြုံငုံမိစေပြီး အာမခံချက်ရှိသော ပညာရပ်ကို အခြေခံတည်ဆောက်ပေးနိုင်သော်လည်း သင်ယူတတ်မြောက်မှု အကဲဖြတ်သည့် စာမေးပွဲစနစ်ကို လေ့လာသုံးသပ်ပါက အလွတ်ကျက်ဖြေဆိုမှု များလွန်းနေခြင်း၊ မေးခွန်းတွင် မေးထားသော မေးခွန်းပုဒ်ရေ များလွန်းနေခြင်းကြောင့် ဖြေဆိုသူများက ဖြေဆိုရန်အတွက် ပြဋ္ဌာန်းစာအုပ်ကို အားလုံးခြုံငုံမိအောင် မလေ့လာတော့ဘဲ အချို့သော သင်ခန်းစာအခန်းများကို ချန်ထားခြင်းများ တွေ့ရှိရသဖြင့် ပြောင်းလဲပြင်ဆင်နိုင်ရန် မေးခွန်းလွှာပုံစံအသစ်ကိုပြင်ဆင်ပြုစုရခြင်း ဖြစ်ပါသည်။

 

ထိုသို့ပြင်ဆင်ရာတွင် မေးခွန်းအားလုံးကို ပြင်ဆင်ခြင်းမဟုတ်ဘဲ အနည်းငယ်သာပြင်ဆင်ခြင်း ဖြစ်ပါသည်။ယခင်ကအတိုင်း အလွတ်ကျက်ဖြေဆိုရသော မေးခွန်းများပါဝင်သကဲ့သို့ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ဖြေဆိုရသော မေးခွန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။ယခင်မေးခွန်းတွင် ရွေးချယ်ရန် ပုဒ်ရေများပြားသဖြင့်သင်ရိုးကုန်လေ့လာမှု အားနည်းခြင်းကိုလည်း လျော့နည်းသွားစေရန် မေးခွန်းပုဒ်ရေကို အနည်းငယ်လျှော့ချမည်ဖြစ်ပါသည်။

 

ယခင် ဘောဂဗေဒမေးခွန်းတွင် အပိုင်း(က)နှင့် အပိုင်း(ခ) ဟူ၍ နှစ်ပိုင်းခွဲကာ အပိုင်း(က)တွင် အမှတ် ၄၀ ဖိုး မဖြေမနေရ မေးခွန်း နှစ်ပုဒ်ပါဝင်ပြီး အပိုင်း(ခ)တွင် ၂၀ မှတ်တန် မေးခွန်း လေးပုဒ်မှ နှစ်သက်ရာသုံးပုဒ်ဖြေဆိုရန် မေးခွန်းများ ပါဝင်ပါသည်။ ၂၀ မှတ်တန်မေးခွန်းတွင်လည်း ထပ်မံ၍ရွေးချယ်ရန် ပေးထားပါသဖြင့် မေးခွန်းပုဒ်ရေ များစွာထဲကမှ နှစ်သက်ရာကိုဖြေဆိုစေသောကြောင့် ဖြေဆိုသူများက သင်ရိုးကုန်လေ့လာခြင်းမပြုတော့ဘဲ ရွေးချယ်ကျက်မှတ်လာကြသည်ကို တွေ့ရှိရပါသည်။

 

ယခင်မေးခွန်းတွင် ရွေးချယ်ဖြေဆိုနိုင်ရန် ပေးထားသည့် ပုဒ်ရေများနေသည့်အတွက် ဖြေဆိုသူများအနေဖြင့် ပြဋ္ဌာန်းစာအုပ်၏တစ်ဝက် (သို့) သုံးပုံနှစ်ပုံခန့်ကိုသာလေ့လာရုံမျှဖြင့် အောင်မှတ်ရနိုင်သည့်အပြင် ဂုဏ်ထူးရနိုင် သည်အထိပင် ဖြေဆိုနိုင်ကြသော်လည်း ဘောဂဗေဒအခြေခံအားလုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ဘာသာရပ်သင်ခန်းစာအနေဖြင့် အခြေခံသဘောတရားများကို ထိထိမိမိ ကွင်းဆက်ကျကျရေးသားပြုစုထားသော်လည်း ပေးလိုသည့်ဗဟုသုတများကိုအပြည့်အဝရရှိခြင်း မရှိသည်ကို တွေ့ရှိလာပါသည်။

 

ယခုပြင်ဆင်သည့် မေးခွန်းတွင် အပိုင်းမခွဲတော့ဘဲ မေးခွန်း ငါးပုဒ်ပါဝင်ပြီး မေးခွန်းအားလုံးကို ဖြေဆိုရမည် ဖြစ်ပါသည်။ မေးခွန်းတစ်ပုဒ်ချင်းစီတွင်မှ ရွေးချယ်ရန် ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ မေးခွန်းတစ်ပုဒ်ချင်းစီကို ရှင်းပြသွားပါမည်။ 

 

မေးခွန်းနံပါတ် ၁(က)တွင် မှား(သို့)မှန် ဖြေဆိုရန် မေးခွန်းကို ယခင်က ၁၀ ခုမေးထားပြီး တစ်ခုလျှင်တစ်မှတ်နှင့် ၁၀ မှတ်ဖြစ်ပါသည်။ ယခု အသစ်ပြင်ဆင်ရာတွင် ငါးခုမေးထားပြီး တစ်ခုလျှင် တစ်မှတ်နှင့် ငါးမှတ်ဖြစ်ပါသည်။ မေးခွန်း နံပါတ် ၁ (ခ)တွင် ဖော်ပြချက်တစ်ခုချင်းစီ၌ အဖြေ သုံးခုထဲမှ အဖြေမှန် တစ်ခုကိုရွေးချယ်ရမည့် မေးခွန်းကို ယခင်က ငါးခုမေးထားပြီးတစ်ခုလျှင် တစ်မှတ်နှင့် ငါးမှတ်ကို အပြောင်းအလဲမလုပ်ဘဲ ယခင်အတိုင်း ဆက်လက်ထားရှိပါသည်။ မေးခွန်းနံပါတ် ၁ (ဂ)တွင် ကွက်လပ်ဖြည့်ရန်မေးခွန်းကို ယခင်က ငါးခု မေးထားပြီး တစ်ခုလျှင် တစ်မှတ်နှင့် ငါးမှတ်ဖြစ်ပါသည်။ ယခုအသစ်ပြင်ဆင်ရာတွင် ၁၀ ခုမေးထားပြီး တစ်ခုလျှင်တစ်မှတ်နှင့် ၁၀ မှတ်ဖြစ်ပါသည်။ စဉ်းစားတွေးခေါ်ပြီးကိုယ်ပိုင်ဉာဏ်ဖြင့် ဖြည့်စွက်စေရန်ရည်ရွယ်ပြီး ပြောင်းလဲ လိုက်ခြင်းဖြစ်ပါသည်။

 

မေးခွန်းနံပါတ် ၂ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်းတွင် ယခင်က ၁၈ ခုပေးထားပြီး ၁၀ ခုဖြေဆိုစေရာမှ ယခုအခါ ၁၂ ခုသာပေးထားပြီး ၁၀ ခုကို ဖြေဆိုရန် ပြောင်းလဲထားပါသည်။ တစ်ခုလျှင် နှစ်မှတ်နှုန်းဖြင့် ၁၀ ခုအတွက်ရရှိမည့် အမှတ်မှာ ၂၀ မှတ်ဖြစ်ပါသည်။ မေးခွန်းတွင် ပေးထားမှုများနေခြင်းက သင်ခန်းစာအချို့ကို ချန်ထားခဲ့ခြင်းကြောင့် ကျောင်းသားများ၏ နားလည်တတ်ကျွမ်းမှုကိုလျော့နည်းစေသဖြင့် ရွေးချယ်ရန် နယ်ပယ်ကို လျှော့ချခြင်းဖြင့် သင်ယူတတ်မြောက်မှု ပိုမိုလာစေရန် ရည်ရွယ်ပါသည်။

 

ယခင်မေးခွန်းပုံစံအဟောင်းတွင် အပိုင်း(ခ)၌ မေးခွန်း လေးပုဒ်ပေးထားပြီး နှစ်သက်ရာ သုံးပုဒ်ကို ဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၃၊ ၄ နှင့် ၅ ကို အမှတ် ၂၀ တန် မေးခွန်းရှည် တစ်ပုဒ်နှင့် ၁၀ မှတ်တန် မှတ်စုတို လေးခုကို သို့မဟုတ်ခံ၍ ပုံစံတူမေးထားပါသည်။ ဖြေဆိုသူက အမှတ် ၂၀ တန် မေးခွန်းရှည် သို့မဟုတ် ၁၀ မှတ်တန်မှတ်စုတို နှစ်ခုကို နှစ်သက်ရာဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၆ တွင် တွက်ချက်မှုနှင့် ဉာဏ်စမ်းမေးခွန်းကို ၁၀ မှတ်တန် သုံးပုဒ်မှ နှစ်ပုဒ်ကို ဖြေဆိုရပါသည်။ ယခုပုံစံသစ်တွင် အပိုင်းမခွဲတော့ဘဲ ဆက်တိုက်ငါးပုဒ်ကိုသာ မေးမည်ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၃ တွင်၁၀ မှတ်တန် မှတ်စုတို လေးခုပေးထားပြီး နှစ်သက်ရာနှစ်ပုဒ်ကို ဖြေဆိုရပါမည်။ ယခင်က အမှတ် ၂၀ မှတ်အတွက် ရွေးချယ်ရန် အမှတ် ၆၀ ဖိုး ပေးထားသော်လည်းယခုအခါ ၄၀ ဖိုးသာ ပေးထားမည်ဖြစ်ပါသည်။ ပြဋ္ဌာန်းစာအုပ်တွင်ပါဝင်သော သင်ခန်းစာ အခန်း(၆)ခန်းစလုံးမှနှစ်စဉ်မေးနေကျ မှတ်စုတိုများအတိုင်း လေးပုဒ်ကို ပေးထားမည်ဖြစ်ပါသည်။ ဖြေဆိုသူက နှစ်သက်ရာ နှစ်ပုဒ်ကိုဖြေဆိုရမည်ဖြစ်ပြီး ရရှိမည့်အမှတ်မှာ ၂၀ မှတ် ဖြစ်ပါသည်။

 

မေးခွန်းနံပါတ် ၄ တွင် အမှတ် ၂၀ တန်မေးခွန်းရှည်နှစ်ပုဒ်ကို သို့မဟုတ်ခံကာ မေးထားပြီး နှစ်သက်ရာတစ်ပုဒ်ကို ဖြေဆိုရပါမည်။ ယခင်မေးခွန်းတွင် မေးခွန်းနံပါတ် တစ်ခုထဲတွင် ၂၀ မှတ်တန်မေးခွန်းရှည်နှင့် ၁၀မှတ်တန်မှတ်စုတိုကို ရောမေးထားသော်လည်း ယခုပြင်ဆင်သည့်မေးခွန်းတွင် မေးခွန်းရှည်နှင့် မှတ်စုတိုကို သီးခြား တစ်ပုဒ်စီခွဲလိုက်ပါသည်။ မေးခွန်းနံပါတ် ၃ တွင် ၁၀ မှတ်တန်မှတ်စုတိုကိုမေးထားပြီး မေးခွန်းနံပါတ် ၄တွင် အမှတ် ၂၀ တန်မေးခွန်းရှည်ကို မေးမြန်းသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ဖြေဆိုသူများ သတိပြုရန်မှာယခင်က ၁၀ မှတ်တန် မှတ်စုတိုကိုသာ လေ့လာကျက်မှတ်ခြင်းဖြင့် အလွတ်ကျက်ဖြေဆိုရသည့် မေးခွန်းများကိုဖြေဆိုနိုင်မည်ဖြစ်သော်လည်း ယခုမေးခွန်းတွင် မေးခွန်းနံပါတ် ၄ ကို ဖြေဆိုနိုင်ရန်အတွက် အမှတ် ၂၀ တန်မေးခွန်းရှည်ကို လေ့လာကျက်မှတ်ရန် လိုလာပါသည်။

 

မေးခွန်းနံပါတ် ၅ တွင် ယခင်က မေးခွန်းနံပါတ် ၆ တွက်ချက်မှုနှင့် ဉာဏ်စမ်းမေးခွန်းကို ယခင်အတိုင်းမပြောင်းလဲဘဲ ၁၀ မှတ်တန် သုံးပုဒ်မှ နှစ်ပုဒ်ကို ဖြေဆိုရရန်မေးထားမည် ဖြစ်ပါသည်။ မေးခွန်းပုံစံ မပြောင်းသော်လည်း ဤမေးခွန်းသည် တွက်ချက်မှုနှင့် ဉာဏ်စမ်းမေးခွန်းဖြစ်သဖြင့် ဖြေဆိုသူက မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားတွေးခေါ်၊ တွက်ချက်သုံးသပ်ဖြေဆိုရမည် ဖြစ်ပါသည်။ ယခင်က အပိုင်း(ခ)တွင် လေးပုဒ်ထဲမှ သုံးပုဒ်ကို ဖြေဆိုရသဖြင့် ယင်းမေးခွန်းကိုရှောင်၍ ဖြေဆိုနိုင်သော်လည်း ယခုမေးခွန်းပုံစံသစ်တွင် မဖြစ်မနေ ဖြေဆိုရမည့်မေးခွန်း ဖြစ်လာပါသည်။

 

မေးခွန်းပုံစံပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်မှာ အလွတ်ကျက်ဖြေဆိုမှုမှ ကိုယ်တိုင်စဉ်းစားတွေးခေါ် ဖြေဆိုနိုင်သည့် မေးခွန်းမျိုးပြောင်းလဲခြင်းဖြစ်ရာ မေးခွန်းနံပါတ် ၆ ကို ဖြေဆိုနိုင်ရန် ဖြေဆိုသူများအနေဖြင့်သင်ခန်းစာများကို ကျေညက်အောင် လေ့လာထားမှသာစဉ်းစားတွေးခေါ်နိုင်ပြီး အခက်အခဲမရှိ ဖြေဆိုနိုင်ကြမည်ဖြစ်ပါသည်။

 

မေးခွန်းပုံစံသစ်ဟုဆိုသော်လည်း လုံးဝပုံစံပြောင်းလဲခြင်းမဟုတ်ဘဲ သင်ယူလေ့လာမှု ပိုမိုအားကောင်းလာစေရန်၊ ကျောင်းသား ကျောင်းသူများ၏ လေ့လာမှုနယ်ပယ်ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဘောဂဗေဒအခြေခံသဘောတရားများကို ပိုမိုကျယ်ပြန့်စွာ တတ်ကျွမ်းလာစေရန်ရည်ရွယ်ပြီး ပေးထားချက် လျှော့ချခြင်းကိုသာ ဦးစားပေးပြင်ဆင်ထားပါသည်။ ပေးထားချက်ကို လျှော့ချရာတွင်လည်း ပြဋ္ဌာန်းစာအုပ်ပါ သင်ရိုးကို မျှတစွာ ခြုံငုံပါဝင်သော မေးခွန်းဖြစ်စေရန် ညှိနှိုင်းမေးသွားမည်ဖြစ်ပါသည်။ သင်ခန်းစာအခန်းအချို့ကို ဇောင်းပေး၍ များများထည့်မေးခြင်းမျိုး၊ အချို့အခန်းများကို လုံးဝထည့်မမေးခြင်းမျိုးပြုမည် မဟုတ်ကြောင်းကိုလည်း အသိပေးလိုပါသည်။မေးခွန်းနားမလည်လောက်အောင်၊ မေးနေကျပုံစံနှင့် လုံးဝကွဲလွဲသွားအောင် ပြင်ဆင်ထားခြင်းမဟုတ်ကြောင်းကို သိရှိနားလည်စေရန် ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

 

 မေးခွန်းအသစ်ပြင်ဆင်ခြင်းဖြင့် စာဖြေသူများ၏ လေ့လာမှုပိုမိုကျယ်ပြန့်လာပြီး ဘောဂဗေဒဘာသာရပ်၏ အခြေခံသဘောတရားများကို ပိုမိုနားလည်တတ်ကျွမ်း လာနိုင်သည့်အပြင် အလွတ်ကျက်မှတ်ဖြေဆိုသည့် မေးခွန်းများသာမက ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဖြေဆိုရခြင်း၊ တွက်ချက်သုံးသပ်ဖြေဆိုရခြင်းတို့ကြောင့် ဖြေဆိုသူများ၏ ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ဘာသာရပ်အခြေခံ တတ်ကျွမ်းမှုပိုမိုလာခြင်းကြောင့် တက္ကသိုလ်တွင်အဆင့်မြင့်ပညာများ ပိုမိုလွယ်ကူစွာ သင်ယူနိုင်ခြင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပါဝင်ပံ့ပိုးပေးနိုင်သော စီးပွားရေးပညာရှင်များ ပေါ်ထွက်လာနိုင်ခြင်းစသည့် အကျိုးရလဒ်များ ရရှိလာမည်ဖြစ်ပါသည်။

 

ထို့ကြောင့် အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများကို စီးပွားရေးနှင့်ပတ်သက်သော အခြေခံဘောဂဗေဒ အသိပညာများ၊ အခြေခံသဘောတရားများကို ပိုမိုထိရောက်စွာ နားလည် သဘောပေါက်ပြီးပြဋ္ဌာန်းစာအုပ်ကို အပြည့်အဝလေ့လာနိုင်ကြစေရန်နှင့် တတ်ကျွမ်းမှု စိစစ်အကဲဖြတ်ရာတွင် အရည်အသွေးကောင်းမွန်စေရန်ရည်ရွယ်၍ မေးခွန်းပုံစံသစ်ကိုပြောင်းလဲပြင်ဆင်ပါကြောင်း တင်ပြလိုက်ပါသည်။

 

(နမူနာမေးခွန်းပုံစံကို ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mmတွင် မေ ၁၀ ရက်မှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။)