၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ လာရောက်ကြသူများ၏ ပြောကြားချက်များ

နေပြည်တော် ၂၁ စက်တင်ဘာ

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း၌ ကျင်းပလျက်ရှိရာ ပြည်တွင်းပြည်ပကုန်သည် အများအပြားလာရောက်ကြပြီး ယနေ့အထိ ယူရိုငွေ ဝ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ (၄၀)နှင့် ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်း တန်ဖိုးရှိ ကျောက်စိမ်း အတွဲ (၁၀၉၁)တွဲတို့ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံရှိ ကျောက်မျက်ဈေးကွက်အခြေအနေ၊ ကျောက်မျက်ရောင်းဝယ်မှု အခြေအနေ၊ ပြပွဲအခြေအနေတို့နှင့်စပ်လျဉ်း၍ ပြပွဲသို့ လာရောက်ကြသူများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ပါသည်-

 

mdn

ဦးလှစိုးဦး (ဒုတိယဥက္ကဋ္ဌ-၁၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း)

မြန်မာနိုင်ငံရဲ့ ကျောက်မျက်တွေကို တရုတ်နိုင်ငံကိုပဲ အားထားရောင်းနေရတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လက်က ၉၅ ရာခိုင်နှုန်းရှိနေတယ်။ နိုင်ငံတကာက ရတနာကုန်သည်တွေကိုလည်း ပြပွဲကို ဖိတ်ခေါ်ပေမယ့် တရုတ်ကုန်သည်အများစုပဲ လာကြပါတယ်။ ကျွန်တော်တို့ဆီက ကျောက်စိမ်းကို တရုတ်လူမျိုးတွေက ချစ်မြတ်နိုးတယ်။ သူတို့ရိုးရာ အစဉ်အလာတွေနဲ့ ကိုက်ညီတဲ့အတွက် တရုတ် ကုန်သည်တွေ လာရောက်ဝယ်ယူတာ များပါတယ်။ ကျွန်တော်တို့ တူးဖော်မှုပိုင်းမှာ စနစ်တွေ ပြောင်းမယ့်အနေအထားတွေအရ ဈေးကွက်က တက်မယ့်အလားအလာရှိပါတယ်။ ဈေးကွက်ပိုင်းကတော့ အများကြီးပြောင်းလဲမသွားနိုင်ပါဘူး။

ကျွန်တော်တို့ပြပွဲကို တစ်နှစ်မှာ ယူရိုငွေနဲ့ နှစ်ကြိမ်၊ မြန်မာငွေနဲ့တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ တစ်နှစ်ကို လေးကြိမ်ကျင်းပနိုင်ဖို့ လျာထားဆုံးဖြတ်ထားတာ ရှိပါတယ်။ ဒီလိုပြပွဲတွေလုပ်တာကို လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ကျောက်မျက်ဈေးကွက်ကို ပြည်တွင်းမှာပဲ ဖြစ်စေချင်တယ်။ ဒီလိုဖြစ်မှလည်း အလုပ်အကိုင်အခွင့်အလမ်း တွေရရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဥပဒေမှာလည်း ပြောင်းလဲထားတာတွေ ရှိပါတယ်။ နည်းဥပဒေလည်း ထွက်လာတော့မှာဖြစ်ပါတယ်။ နည်းဥပဒေထွက်လာရင်တော့ တူးဖော်မှုစနစ်ပုံစံတွေက မတူကွဲပြားတဲ့ စနစ်နဲ့သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကထွက်တဲ့ကျောက်က ပိုပြီး တန်ဖိုးရှိလာမယ်လို့လည်း မျှော်မှန်းတယ်။ သားစဉ်မြေးဆက်အထိလည်း သုံးစွဲရမယ်လို့ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ခိုင်မာမှုရှိလာ မယ်လို့ ထင်ပါတယ်။

ဒေါ်အေးအေးမွန် (မန်နေဂျင်းဒါရိုက်တာ၊       Diamond & Pearl Jewellery)

ဒီနှစ်ထွက်တဲ့ ပုလဲတွေက ကာလာတွေကျတယ်။ ဈေးနှုန်းပိုင်းမှာလည်း ကျတယ်။ ပုလဲအရည်အသွေး ကျတယ်ဆိုတာက သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုတွေနဲ့ သက်ဆိုင်ပါတယ်။ ပုလဲမွေးမြူတဲ့နေရာမှာ ရေပြင်သန့်ရှင်းမှုက အဓိကအရေးကြီးပါတယ်။ ပတ်ဝန်းကျင်က အပူချိန်တွေမြင့်လာမယ်။ လူဦးရေထူထပ်လာမယ်။ စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းလာမယ်ဆိုရင် ရေပြင်ပျက်စီးမှု တွေဖြစ်လာတယ်။ ရေပြင်ပျက်စီးမှုကြောင့် ပုလဲအရည်အသွေးက ထိခိုက်တာတွေများလာတယ်။ ဈေးကွက်က ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ဒီအခြေအနေကို ပြန်ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

 

mdn

ဦးသက်မောင်မြင့် (အတွင်းရေးမှူး-၃၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် များအသင်း)

ကျောက်မျက်ရောင်းအားကတော့ လက်ရှိအချိန်မှာ ပုံမှန်အနေအထားမှာပဲ သွားနေပါတယ်။ နေပြည်တော်မှာပြပွဲက တစ်နှစ်မှာ နှစ်ပွဲ၊ သုံးပွဲ လောက်ပဲပြတယ်။ တရုတ်ပြည်မှာဆိုရင် ဘယ်လမှာဘယ်ပွဲ ဖြစ်မယ်ဆိုတာ နှစ်တိုင်းအစီအစဉ်ဆွဲထားပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ တစ်နှစ်ပတ်လုံးမှာ နေပြည်တော်မှာလုပ်တဲ့ ပြပွဲနှစ်ပွဲ၊ သုံးပွဲလောက်မှာပဲ ကျောက်ဝယ်မယ်။ ပြီးတော့ ပြန်ရောင်းရမယ်ဆိုရင် ငွေကမလည်ပတ်တော့ဘူး။ ဒီပွဲလေးတွေကို စောင့်နေတဲ့အချိန်မှာ ကုမ္ပဏီက ကုန်ကျစရိတ်တွေများပြီး မလည်ပတ်နိုင်ဘူး။ လုပ်ငန်းလည်ပတ်မှုလည်း အားနည်းသွားပါတယ်။ ဒါကြောင့် ကျောက်မျက်ပြပွဲတွေကို ဖြစ်နိုင်ရင် နှစ်လတစ်ကြိမ် ပုံမှန် လုပ်ပြီးတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပြပွဲလုပ်တာကိုလည်း အားပေးစေချင်ပါတယ်။ ကျောက်မျက်လုပ်ငန်းတွေကို စတင်လုပ်နေတဲ့လူတွေအနေနဲ့ ငွေကြေးတွေ၊ ပေါ်လစီတွေ ပြောင်းလဲနေတာဖြစ်တဲ့အတွက် ဂရုစိုက်ပြီးလုပ်စေချင်ပါတယ်။ ငွေကြေးကိုလည်း ရောင်းလိုအား၊ ဝယ်လိုအားကို ပြန်ချင့်ချိန်ပြီးမှ သတိထားပြီး လုပ်စေချင်ပါတယ်။

 

mdn

ကိုကျော်ဆန်းဝင်း (မောင်မောင်ဆန်း ကျောက်မျက်ကုမ္ပဏီ)

ကျွန်တော်တို့ဆိုင်က ရောင်းချတာကတော့ အချောထည်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ကျောက်စိမ်းအရိုင်းတုံးတွေ လာရောက်ရောင်းချတာလည်း ရှိပါတယ်။ ကျွန်တော်တို့ နှစ်စဉ် မပြတ် နေပြည်တော်ပြပွဲမှာ လာရောက်ဖွင့်လှစ်ရောင်းချပါတယ်။ လက်ရှိ အရောင်းအဝယ် အခြေအနေမှာတော့ တရုတ်လူမျိုးတွေက ပတ္တမြား၊ နီလာတွေကို ပိုပြီးဝယ်လက်ရပါတယ်။ သူတို့က တွင်းထွက်ပတ္တမြားတွေ၊ မိုးကုတ်သဘာဝတွေကို ပိုပြီးစိတ်ဝင်စားကြတယ်။ ဒီလို နှစ်စဉ် ပြပွဲတွေလုပ်ပေးတာက အကျိုးကျေးဇူးရှိပါတယ်။ တရုတ်ပြည်ဘက်ကလည်း လာကြတယ်။ ပြည်တွင်းကုန်သည်တွေလည်း အဆင်ပြေကြတယ်ဆိုတော့ ဒီလိုပြပွဲတွေက စီးပွားရေးဈေးကွက် တစ်ခု လည်ပတ်နေတယ်လို့ မြင်မိပါတယ်။ လက်ရှိငါးရက်အတွင်း ရောင်းရတဲ့ အခြေအနေက ပြီးခဲ့တဲ့နှစ်က ရောင်းအားနဲ့ ယှဉ်ကြည့်ရင် ပုံမှန်ရောင်းအားပဲရှိပါတယ်။

 

mdn

ဦးမောင်မြင့် (ဒါရိုက်တာ၊ မြမြင့်မိုရ် ကျောက်မျက်ကုမ္ပဏီ)

ဝယ်လိုအားကတော့ပြီးခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲနဲ့ယှဉ်ရင် အရောင်းအဝယ် တော်တော်အေးတယ်။ ကျောက်မျက်ပြပွဲတွေ ကျင်းပပေးတာ ကောင်းပါတယ်။ အခွန်နှုန်းထားကိုလည်း သင့်လျော်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ အခွန်နှုန်းထား မြင့်ရင်လည်း ကျွန်တော်တို့ ကျောက်မျက်အရောင်း အဝယ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေ ရှိပါတယ်။ မန္တလေးမှာလည်း ပြပွဲတွေလုပ် ပေးရင်ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ ပြပွဲတွေ လုပ်ပေးမယ်လို့လည်း ကြားပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးသူဟိန်းဓာတ်ပုံ-ကျော်ဇင်ထိုက်