၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အင်းစိန် (ဗဟို) အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆို

ရန်ကုန်  ၈  မတ်

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ရန်ကုန်မြို့ရှိ အင်းစိန် (ဗဟို) အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

 

``ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၄ ဦးရှိပါတယ်။ လက်ရှိ ပြစ်ဒဏ် ကျခံနေတဲ့အထဲက ၃၁ ဦးဝင်ရောက်ဖြေဆိုတယ်။ အဲဒီအထဲမှာ အမျိုးသမီးတစ်ဦးပါပါတယ်။ ကျန်တာကတော့ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတစ်ဦးနဲ့ အပြင်ကလာရောက်ဖြေဆိုတဲ့သူနှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦးကတော့ စာမေးပွဲဖြေဆိုခွင့် ဖောင်တွေတင်တဲ့ အချိန်တုန်းက ပြစ်ဒဏ်ကျခံနေရတာကြောင့် အကျအနေနဲ့ ဖောင်တင်ခဲ့ပြီး စာမေးပွဲဖြေဆိုတဲ့အချိန်မှာတော့ ပြစ်ဒဏ်ပြည့်ပြီး လွတ်မြောက်သွားတဲ့ သူတွေဖြစ်လို့ အခုလိုလာရောက်ဖြေဆိုတာဖြစ်ပါတယ်´´ ဟု အဆိုပါ အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက မြန်မာ့သတင်းစဉ် ကိုပြောကြားသည်။

 

အင်းစိန် (ဗဟို) အကျဉ်းထောင် အနေဖြင့် အကျဉ်းသား၊ အကျဉ်သူများနှင့် အမှုရင်ဆိုင်နေရသော အချုပ်သူ၊ အချုပ်သားများကို ယင်းကဲ့သို့ စာပေးပွဲ ဝင်ရောက် ဖြေဆိုနိုင်ရန် အကျဉ်းထောင်အတွင်း၌ ကျောင်းချိန်များအတိုင်း သင်ခန်းစာများကို သင်ကြားပို့ချပေးခြင်း၊ ည ၇ နာရီမှ ၁၀နာရီအထိ ပြန်လည် လေ့ကျင့်သင်ကြားမှုများကို အကျဉ်းသူ၊ အကျဉ်းသား ဘွဲ့ရပညာတတ်များ၊ ဆရာ၊ဆရာမများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ စေတနာရှင် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးခဲ့ သည်။

 

ထို့အပြင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အကျဉ်းသူ၊ အကျဉ်းသားများ ကျန်းမာရေး ကောင်းမွန်နေစေရန်  ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းများ နှင့် အချိန်ပိုင်းအလိုက် မိမိဝါသနာပါရာ အားကစားပြုလုပ်ခြင်းများ ကိုလည်း ပြုလုပ်စေခဲ့ ကြောင်းအဆိုပါ အကျဉ်းထောင်မှသိရသည်။

 

``အခုဖြေဆိုပြီးတဲ့ မြန်မာနဲ့ အင်္ဂလိပ် ဘာသာတွေကိုတော့ ဖြေနိုင်ကြတယ်လို့ သိရပါတယ်။ စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ဖို့အတွက် ကိုလည်း အားလုံး အဆင်ပြေအောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပေး ထားပါတယ်။ အရင်နှစ်တွေ တုန်းကတော့ ဂုဏ်ထူးထွက်ခဲ့တဲ့ သူတွေရှိပါတယ်။ မနှစ်တုန်းက ဂုဏ်ထူးနဲ့အောင်မြင် သွားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကိုတော့ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပြု ခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ ကျွန်တော်တို့အနေနဲ့ မသိသေးပါဘူး´´ ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

 

အင်းစိန် (ဗဟို) အကျဉ်းထောင်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အကျဉ်းသား၊ အကျဉ်းသူများ၏ အနာဂတ်ဘဝခရီး သာယာဖြောင့်ဖြူးစေရန်ရည်ရွယ်၍ အလှူရှင် မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဦးစိုးသိန်း (ရွှေဓန အောင်ကုမ္ပဏီလီမိတက်) နှင့်ဇနီး ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ချိုအုန်းတို့ကလည်း ပညာရေးစရိတ်ထောက်ပံ့ လှူဒါန်းမှုများအပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုလည်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။

 

``၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကစပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ ထောက်ပံ့လှူဒါန်းပေးခဲ့တာ အခုဆိုရင် လေးနှစ်ရှိပါပြီ။ ပညာရေးစရိတ်အဖြစ် တက္ကသိုလ်ဝင် အောင်မြင်သူတွေကိုလည်း ဂုဏ်ပြုချီးမြှင့် ပေးပါတယ်။ ရိုးရိုးအောင်တဲ့ သူတွေကို  တစ်ဦးလျင် ငွေကျပ် ငါးသောင်းနှုန်းအပြင် ဂုဏ်ထူးတစ်ဘာသာပါရင် တစ်သိန်းနှုန်းနဲ့ ချီးမြှင့်ပေးခဲ့ပါတယ် ။ ဆရာ၊ ဆရာမတွေကိုလည်း တစ်ဦးကို ငွေကျပ် ငါးသောင်းနှုန်း ချီးမြှင့်ပါတယ်´´ ဟု ဒေါက်တာဦးစိုးသိန်း ကပြောသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ အကျဉ်းသား၊ အကျဉ်းသူများ အနေဖြင့် ၄င်းတို့ ဘဝတွင် ပညာတတ် လူကောင်းလူမွန်များဖြစ်လာစေရန် ရည်ရွယ်၍ ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်ဟု လည်း ၄င်း ကဆိုသည်။

 

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အင်းစိန် (ဗဟို) အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၁၉ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၉ ဦးအောင်မြင်ခဲ့ပြီး ယင်းတို့အနက် တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့ကြောင်း အင်းစိန် (ဗဟို) အကျဉ်းထောင်မှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး