၂၀၁၈ ခုနှစ် မြန်မာနိုင်ငံကျေးရွာသစ်လှုပ်ရှားမှု ခေါင်းဆောင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကိုရီးယားနိုင်ငံ Korea Saemaul Undong Training Center (KSMU)နှင့် သမဝါယမတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းဆောင်ရွက်သော “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ကျေးရွာသစ်လှုပ်ရှားမှု ခေါင်းဆောင်များ အလုပ်ရုံဆွေးနွေးပွဲ” ကို ဒီဇင်ဘာ ၁၅ ရက် နံနက်(၉)နာရီခွဲတွင် သမဝါယမတက္ကသိုလ်(သန်လျင်) ဥတ္တရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (သမဝါယမကဏ္ဍ)နှင့် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သမဝါယမတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျည်း၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာသစ်လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျေးရွာများဖြစ်သည့် ဘော့သပြေကန်ကျေးရွာ၊ ဆေးလုံးကြီးကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ ဘယက်ကျေးရွာနှင့် ငါးပြေမကျေးရွာများမှ မိမိတို့ကျေးရွာအလိုက် ကျေးရွာသစ်လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ကျေးရွာ(၅)ရွာ၏ ကျေးရွာသစ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် အကဲဖြတ်အမှတ်ပေး၍ ဆုများချီးမြှင့်နိုင်ရန်အတွက် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း၊ Mr. Kim Jin Taek (SMU Coordinator)၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် တွဲဖက်ပါမောက္ခဒေါ်လဲ့မွန်သိန်းတို့က ဆောင်ရွက်ခဲ့ကြသည်။

 

အကဲဖြတ်အမှတ်ပေးဒိုင်များက ကျေးရွာများ၏ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အနီးအနားကျေးရွာများအပေါ် အပြုသဘောဆောင်သော လွှမ်းမိုးနိုင်မှု၊ ရေရှည်တည်တံ့အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်မှု၊ စီမံကိန်းတွင် ကျား/မ မရွေးပါဝင်ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စွမ်းရှိသော နည်းစနစ်များနှင့် အကောင်အထည်ဖေါ်ဆောင်ရွက်မှု၊ ကျေးရွာသစ်လှုပ်ရှားမှု (Saemaul) ၏ လက္ခဏာရပ်များအပေါ်မူတည်၍ အကဲဖြတ်အမှတ်ပေးပြီး ဆုများကိုရွေးချယ်ခဲ့ရာ ဆေးလုံးကြီးကျေးရွာ SMU အဖွဲ့က ပထမ၊ ချောင်းစောက်ကျေးရွာ SMU အဖွဲ့က ဒုတိယ၊ ဘယက်ကျေးရွာ SMU အဖွဲ့က တတိယ၊ ငါးပြေမကျေးရွာ SMU အဖွဲ့နှင့် ဘော့သပြေကန်ကျေးရွာ SMU အဖွဲ့က နှစ်သိမ့်ဆုများရရှိခဲ့သည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဆုရရှိသောကျေးရွာများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် (သမဝါယမကဏ္ဍ)နှင့် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာများမှ SMU အဖွဲ့ဝင်များ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)