၂၀၁၈ ခုနှစ် မေလအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၂၃၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၃၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၁ ဇွန်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ မေလအတွင်း   ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုဖြင့် အစိုးရအလုပ်အကိုင် ၅၁၈ ဦး၊ ပုဂ္ဂလိက အနေဖြင့် ၁၂၅၇၈ ဦး ပေါင်း ၁၃၀၉၆ ဦး ခန့်ထားပေးနိုင်ခဲ့သည်။ 

အလားတူ ၂၀၁၈ ခုနှစ်၊ မေလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်၊ ကာတာ၊ မကာအို နိုင်ငံများသို့ ၂၃၂၀၃ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)