၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၃၀ဝ၀ ကျော် ခန့်ထားနိုင်ခဲ့

နေပြည်တော်   ၁၄ ဇန်နဝါရီ 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်တွင်း အလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်း/ပြည်ပ အလုပ်အကိုင်များ ရရှိစေရန် ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ် ၇၀၆ ဦး၊ ပုဂ္ဂလိကအလုပ်  ၁၂၅၉၇ ဦး စုစုပေါင်း ၁၃၃၀၃ ဦးကိုလည်းကောင်း အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့သည်။


အလားတူ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် မလေးရှားနိုင်ငံသို့ ၃၃၈၄ ဦး၊ စင်ကာပူနိုင်ငံသို့ ၃၄ ဦး၊ ကိုရီးယားနိုင်ငံသို့ ၄၄၆ ဦး၊ ထိုင်းနိုင်ငံသို့ ၁၂၂၄၆ ဦး၊  ဂျပန်နိုင်ငံသို့ ၃၉၁ ဦး၊ ယူအေအီးသို့ ၂၆ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၉ ဦး၊ ကာတာနိုင်ငံသို့ ၁၁ ဦး စုစုပေါင်း ၁၆၅၄၇ ဦး စေလွှတ်နိုင်ခဲ့ ကြောင်း သိရသည်။ 


မောင်မင်းနိုင်