၂၀၁၈ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ စာရေးဆရာ၊ ဆရာမများ၏ စကားသံများ

ရန်ကုန် ၁၅ နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသော စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ဆုရစာရေးဆရာအချို့နှင့် တွေ့ဆုံမေးမြန်းထားမှုများကို ကြေးမုံက စုစည်းဖော်ပြအပ်ပါသည်-

 

စာရေးဆရာမ ဂျူး (အမျိုးသားစာပေဆု၊ ဝတ္ထုရှည်ဆု)


(သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ ဝတ္ထု)

ဆုရရှိအောင် ကြိုးစားအားထုတ်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ ဘဝမှာ ဘာဆုမှ မမျှော်လင့်ခဲ့ပါဘူး။ ဆုအတွက် ကြိုးစားရေးခဲ့တယ်ဆိုတာလည်းမရှိ ပါဘူး။ ဒါပေမယ့်လည်း စာရေးရင်တော့ ကိုယ်တတ်စွမ်းသမျှကိုတော့ စိတ်ထဲမှာ နှစ်ပြီး ရေးလေ့ရှိပါတယ်။

ဒီဝတ္ထုကိုရေးဖြစ်တာက အဲဒီဝတ္ထုက မြန်မာနိုင်ငံရဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ချည်ထည်ရယ်၊ လက်ရက်ကန်းရယ် ရွာတွေမှာ မရှိတော့ဘူး။ တချို့ ရက်ကန်းစင်တွေဆို ထဘီတန်း၊ အဝတ်တန်းတို့တောင်ဖြစ်နေပြီ။ အဲဒီလို ကန်းသွားတဲ့ ရက်ကန်းစင်လေး‌တွေကိုကြည့်ပြီး နိုင်ငံခြားကနေ တရုတ်တို့၊ အိန္ဒိယတို့၊ ကိုရီးယားတို့၊ ထိုင်းတို့ကနေရောက်လာတဲ့ အဝတ်အထည်တွေကို မက်မက်မောမော ဝတ်နေကြတဲ့အဖြစ်ကို ကြည့်ပြီးတဲ့နောက် အန်တီစိတ်ထဲ မှာ စိတ်မကောင်းတာနဲ့ မြင်တာလေးတွေကို ပြန်လွမ်းတဲ့အနေနဲ့ ရေးလိုက်တာ ဖြစ်ပါတယ်။

စာစရေးတာ ဆေးတက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်လောက်ပါ။ ၁၉၇၈/၇၉ ခုနှစ်လောက်မှာ စာစရေးပါတယ်။ စာပေနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ထွန်းဖောင်ဒေးရှင်းစာပေဆု ''ကျွန်မချစ်သော ကမ္ဘာမြေ '' စာအုပ်နဲ့ ဆောင်းပါး စာအုပ်ဆုရခဲ့ဖူးတယ်။ နောက်တစ်ခါ ပုဂ္ဂလိက ကပေးတာဆိုရင်တော့ မိုးကုတ်မြို့မှာရှိတဲ့ သဟာယစာပေအသင်းကနေ ကျွန်မရဲ့ ''သူမင်းကို ဘယ်တော့မှ'' ဆိုတဲ့ စာအုပ်ကလေးကို ဝတ္ထုရှည်ဆုအဖြစ် ပေးတာ ရှိပါတယ်။

စာရေးနေတဲ့ လူငယ်တွေ၊ စာရေးချင်တဲ့ လူတွေအတွက် စာများများဖတ်ပါ လို့ ပြောချင်ပါတယ်။ ဟိုတုန်းက လူတွေစာရေးတော့မယ်ဆိုရင် သူများရေးတဲ့ စာတွေများများဖတ်ရတယ်လေ။ ပြီးတော့မှ မြန်မာသဒ္ဒါရေးထုံးကိုလည်း လေ့လာ ရတယ်။ ပြီးတော့ မြန်မာစာကို ချစ်ရတယ်လေ။ မြန်မာစာကို ချစ်တယ်ဆိုတာ မြန်မာသဒ္ဒါ အသုံးအနှုန်းလေးပါ။ စကားလုံးလေးတွေ လေ့လာရတယ်။ ကိုယ်ကိုယ်တိုင် ရေးရတယ်။ သူများရေးတာလည်း ဖတ်ရတယ်။ စုတုပြုပေါ့။ စုဆောင်းရတယ်၊ တုပရတယ်၊ ပြုလုပ်ဖန်တီးရတယ်။ စာရေးမယ်ဆိုရင်တော့ မြန်မာစာကောင်းကောင်းရေးနိုင်ရမယ်။ မြန်မာစာကို ကောင်းကောင်းဖတ်နိုင် ရမယ်။တန်ဖိုးသိရမယ်၊ စာဖတ်ခြင်းနိုင်ရင် စာများများရေးနိုင်ပါတယ်။

 

စာရေးဆရာ မင်းချမ်းမွန် (ရသစာတမ်းအက်ဆေး၊ အမျိုးသားစာပေဆု)

(သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှု)

မြန်မာနိုင်ငံမှာ အက်ဆေးဆိုတဲ့ ဘာသာရပ်က ပေါ်လာတာတော့ မြန်မာ ပြည် ရောက်တာတော့ကြာပြီ။ ၁၉၂၈ ခုနှစ် ဩဂုတ်လက စရောက်တာဆိုတော့ ဒီကနေ့ဆိုရင် ၉၁ နှစ်ရှိသွားပြီ။ သို့သော်လည်း အက်ဆေးဘာသာရပ်ဆိုတာ ကျယ်ပြန့်သင့်သလောက် မကျယ်ပြန့်ခဲ့ပါဘူး။

ဆရာဇော်ဂျီတို့လက်ထက် ၁၉၆၄/၆၅/ ၆၇ ခုနှစ်တွေမှာ အက်ဆေးစာအုပ်တွေ တော်တော်များများ ထွက်ခဲ့တယ်။ အဲဒီခေတ်ဝန်းကျင်တွေမှာ အက်ဆေးက တော်တော်ဖွံ့ဖြိုးတိုးတက် ခဲ့တယ်။ နောက်ပိုင်းကျတော့ ပြန်ပြီး တိမ်မြုပ်ပျောက်ကွယ်သွားတာ။ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ဒီဘက်နှစ်ပိုင်းတွေကျတော့ အက်ဆေးပြန်ပြီး လှုပ်လာတယ်။ မြန်မာစာ‌ပေလောကမှာ နေရာပြန်ရလာတယ်။ ရေးတဲ့သူလည်း ပိုများလာတယ်။
ကျွန်တော်က အက်ဆေးကို အသက်အရွယ်ရ ရေးသင့်ပြီလို့ ထင်တဲ့အချိန် ကျတော့ ရေးဖြစ်တာပါ။ မဂ္ဂဇင်းတွေမှာ အက်ဆေးတွေ အများကြီးရေးဖြစ်တယ်။ ရေးဖြစ်တဲ့အချိန်က စာတွေစုစည်းပြီးတော့ စာအုပ်တွေ ထုတ်ဖြစ်တယ်။ ထုတ်ဖြစ်ခဲ့တာ လေးအုပ်ရှိတယ်။ အောက်မေ့ဖွယ် ရေကန် ရသစာတမ်းများ (၂၀၀၉)၊ ကျွန်တော်နှင့် ကာလီဒါသ ခေါင်းလောင်း ရသစာတမ်းများ( ၂၀၁၄)၊ ထောင်ဝင်စာ ရုပ်ပုံလွှာ ရသအက်ဆေး (၂၀၁၈)၊ အခု သစ်ရွက်ပေါ်က ပျားရည် စက်များ ရသအက်ဆေးစုစည်းမှု စာအုပ်ကတော့ စတုတ္ထမြောက်စာအုပ်ပါ။ ဒီစာအုပ်ကို အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပြီး ဆုပေးခဲ့တာပါ။ ဆရာတို့က ကဗျာသမားတွေပါ။ ကဗျာရေးသက်က နှစ်ပေါင်း ၅၀ လောက် ကြာပါပြီ။ ဆုရတဲ့အပေါ်မှာ ခံစားမှု သိပ်ကြီးကြီးမားမားတော့မရှိပါဘူး။ ရင့်ကျက်တဲ့ အသက်အရွယ်တွေဖြစ်နေတဲ့အခါကျတော့ ဆုရတဲ့အပေါ် ကျေနပ် တယ်။ ဂုဏ်ယူတယ်ဆိုတာမျိုးတော့ ရှိပါတယ်။

အက်ဆေးစာပေကို အရင်တုန်းက စာပဒေသာဆိုတဲ့ အခန်းကဏ္ဍမှာ ထည့်ထားတာပါ။ အရောရောအနှောနှောဖြစ်နေတယ်။ စာအုပ်အရေ အတွက်များတဲ့ကြားမှာ အက်ဆေးတွေက တိမ်မြုပ်ပြီး အက်ဆေးတွေက ဆုမရ ဘူး။ တချို့ဆုရတဲ့ အက်ဆေးတွေကျတော့လည်း အက်ဆေးအဖြစ် ဖော်ပြလို့ မရဘူး။ မရတဲ့အခါကျတော့ စာပဒေသာပဲဖြစ်နေတယ်။ အက်ဆေးကလည်း အားကောင်းလာပြီ၊ ထွက်တာတွေလည်းများလာပြီ။ အက်ဆေးကို တခုတ်တရ ဖော်ပြနေတဲ့အတွက်ကြောင့် အက်ဆေးကို သီးခြားဘာသာရပ်အဖြစ် ခွဲထုတ် ပေးပါလို့ တင်ပြတောင်းဆိုတဲ့အခါမှာ ဒီအစိုးရသစ်လက်ထက်မှာ မနှစ်ကမှ စတယ်။ ၂၀၁၇ မှာ အက်ဆေးစာပေကို ပထမဆုံးပေးတာ။ ပထမဆုံးနှစ်မှာ မောင်ရင့်မာ (ကျောင်းကုန်း)က ရရှိသွားတယ်။ ၂၀၁၈ မှာကျတော့ အက်ဆေး စာပေဆုကို ဒုတိယပေးတဲ့နှစ်မှာ အခုလို ကျွန်တော်က ရရှိတာပါ။ ဒါ့ကြောင့် အက်ဆေး စာပေသမိုင်းမှာ အမျိုးသားစာပေဆုကို ဒုတိယအကြိမ် ဆွတ်ခူး ရရှိတယ်လို့ ပြောလို့ရပါတယ်။

နိုင်ငံတကာမှာကတော့ စာရေးဆရာမှန်ရင် အက်ဆေးရေးတဲ့သူမှ စာရေး ဆရာတန်းဝင်တယ်လို့ သတ်မှတ်တာလည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ကတော့ အက်ဆေးကို အထင်ကြီးရမှန်းလည်းမသိဘူး။ တန်ဖိုးထားရကောင်း မှန်းလည်းမသိတဲ့သူတွေက တော်တော်များများ ရှိပါတယ်။ ဒီနေ့ မြန်မာပြည်မှာ ပြန်ကြည့်ရင် အက်ဆေးဆိုတဲ့လမ်းကြောင်းက နှစ်ခု ကွဲပြားနေတယ်။ အစဉ် အလာ လမ်းကြောင်းအတိုင်းရေးတဲ့ အက်ဆေးက တစ်မျိုး၊ ခေတ်သစ် လမ်းကြောင်းကိုဖောက်ပြီး ရေးတဲ့အက်ဆေးက တစ်မျိုး။ သို့သော်လည်း ပြောင်းလဲသင့်တဲ့အချိန်ရောက်လာရင် အက်ဆေးက ရွေ့လျားပြီး အားလုံး ပြောင်းလဲသွားမှာပါပဲ။ လောလောဆယ် လမ်းကြောင်းနှစ်ခုကတော့ အထင် အရှားရှိနေတယ်လို့ ပြောပြချင်တာပါ။

လူငယ်တွေအနေနဲ့ အက်ဆေးကို လေ့လာကြည့်ပါ၊ ဖတ်ပါ။ အစဉ်အလာ အက်ဆေးတွေကိုလည်း ခံစားကြည့်ပါ။ ခေတ်ပေါ်လမ်းကြောင်းနဲ့ရေးတဲ့ အက်ဆေးကိုလည်း ခံစားကြည့်ကြပါ။ မိမိကြိုက်နှစ်သက်ရာကို ခံစားရေးသားကြ ဖို့ပြောချင်ပါတယ်။ အက်ဆေးဆိုတာက အများကကြိုက်ပြီး တချို့က ဆဲသော်လည်း အားလုံးတော့ဖတ်ကြသည်ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပါပဲလို့ ပြောချင် ပါတယ်။

 

စာရေးဆရာ ကေ (တောင်တန်းပြာ) (စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည်)

ကျွန်တော်ရဲ့စာမူကတော့ သစ္စာရင်နှင့်ခြားခဲ့ရသောမြေ ဖြစ်ပါတယ်။ ဒီစာမူနဲ့ ယခုနှစ်အတွက် ဝတ္ထုရှည် ပထမဆုရခဲ့ပါတယ်။ ဆုရတဲ့အတွက် အလွန် ဝမ်းသာမိပါတယ်။ ဒီဝတ္ထုက ၁၉၄၃ ခုနှစ်တုန်းက ဖက်ဆစ်တွေရဲ့ နှိပ်စက်မှုကြောင့် ယောဒေသနဲ့ ချင်းတောင်ဒေသမှာ ပုန်းအောင်းကျန်ရစ်ခဲ့တဲ့ အင်္ဂလိပ်စစ်သားတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတာပါ။ အတော် လေးစိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါ။ ကျွန်တော်က ၂၀၀၂ ခုနှစ်ကလည်း သောင်ရင်းမြစ်ကိုသက်သေတည်၍ စာမူနဲ့ စာပေဗိမာန်စာမူ ဝတ္ထုရှည် တတိယဆုရခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာလည်း မြန်မာလို အိပ်မက် လှလှမက်ပါစေ စာမူနဲ့စာပေဗိမာန်ဝတ္ထုရှည် ဒုတိယဆု၊ ၂၀၁၄ မှာပဲ အောက်ချင်းငှက်တို့ရဲ့ဒဏ္ဍာရီနှင့် အခြားဝတ္ထုတိုများစာမူနဲ့ ဝတ္ထုတိုပေါင်းချုပ် စာပေဗိမာန်စာမူပထမဆုရခဲ့ပါတယ်။ လက်ရှိ ကျောက်ဆည်မြို့မှာ နေထိုင်ပါ တယ်။ လင်းလွန်းခင်စာပေတိုက်က ထုတ်ဝေတဲ့ လုံးချင်းဝတ္ထုကတော့ ရုပ်ရှင် ရိုက်ဖို့စီစဉ်နေပါတယ်။

 

စာရေးဆရာ နေစိုးသော် (စာပေဗိမာန်စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ်)

ကျွန်တော်က အဝိဇ္ဇာဝတ္ထုတိုပေါင်းချုပ်နဲ့ ၂၀၁၈ ခုနှစ်အတွက် ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆုရခဲ့ပါတယ်။ ဝတ္ထုတိုအားလုံးရဲ့ ခေါင်းစဉ်ကတော့ အဝိဇ္ဇာ လို့ အမည်ပေးထားပါတယ်။ အဝိဇ္ဇာ ၁၊ ၂၊ ၃ ဆိုပြီး အမှန်ကတော့ ရပ်ကွက်ထဲမှာ ကျွန်တော်အပါအဝင် အားလုံးက ဘာသာတရားကိုတော့ လေးစားတယ်၊ ကိုင်းရှိုင်းကြတဲ့ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် တကယ်တမ်းမှာ လောဘ၊ ဒေါသ၊ မောဟတွေ မကင်းစင်သေးတဲ့အခါကျတော့ အပြစ်အနာလေးတွေရှိတာပေါ့။ အဲဒီအပြစ်အနာလေးတွေကို ရုတ်တရက်တော့ မမြင်ဘူး။ အဲဒါလေးတွေကို သရော်တဲ့ပုံစံနဲ့ ပညာပေးသဘောရေးသားထားတာပါ။ ဝတ္ထုမှာ အပိုင်း ၁၁ ပိုင်း ပါဝင်ပါတယ်။ အရင်ကလည်း စာပေဗိမာန်ဆု သုံးကြိမ်ရခဲ့ဖူးပါတယ်။ ဝတ္ထုတိုပေါင်းချုပ်က ဒုတိယတစ်ကြိမ်၊ ဝတ္ထုတိုပေါင်းချုပ်နဲ့ ပထမတစ်ကြိမ်၊ ကလေးစာပေနဲ့ ပထမတစ်ကြိမ် ဆုရခဲ့ပါတယ်။ လောလောဆယ်မှာတော့ စာရေးတယ်။ ဝတ္ထုရေးတယ်။ ဇာတ်ညွှန်းရေးတဲ့အလုပ်တွေကို လုပ်ကိုင်လျက် ရှိပါတယ်။

တွေ့ဆုံမေးမြန်း- မြင့်မောင်၊ စိမ်းခက်