၂၀၁၈ ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ စတုတ္ထနေ့တွင် မြန်မာက ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၄)ခု ထပ်မံရရှိ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲများတွင် အမျိုးသမီး (၄၈)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲ၌ အင်ဒိုနီးရှားမှ ပထမ၊ ထိုင်းမှ ဒုတိယ၊ မြန်မာမှ တတိယကို လည်းကောင်း၊ အမျိုးသမီး (၅၂)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် မြန်မာမှ ပထမ၊ အမျိုးသမီး (၅၆)ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် မြန်မာမှ ပထမ၊ အမျိုးသား (၆၀)ကီလိုတန်း ဆန်းဆိုအတိုက် ပြိုင်ပွဲတွင် လာအိုမှ ပထမ၊ ထိုင်းမှ  ဒုတိယ၊ မြန်မာမှ တတိယကိုလည်းကောင်း၊ အမျိုးသား (၆၅)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် ထိုင်းမှ ပထမ၊ လာအိုမှ ဒုတိယ၊ မြန်မာမှ တတိယကိုလည်းကောင်း၊ အမျိုးသား (၇၀)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် ထိုင်းမှ ပထမ၊ လာအိုမှ ဒုတိယ၊ မြန်မာမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Nandao+Nangun ပြိုင်ပွဲတွင် မလေးရှားမှ ပထမ၊ မြန်မာမှ ဒုတိယ၊ ထိုင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Daoshy+Gunshu ပြိုင်ပွဲတွင် မလေးရှားမှ ပထမ၊ မြန်မာမှ ဒုတိယ၊ အင်ဒိုနိးရှားမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ Event(4) ပြိုင်ပွဲ ပွဲစဉ်များကို အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေးရှား၊ လာအို အသင်း  (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ ပထမ၊ လာအိုအသင်းမှ ဒုတိယ၊ ထိုင်းအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လာအိုနိုင်ငံမှ Associate Professor Dr.Khamphay Sisavanh(Deputy Minister of Education) နှင့် တာဝန်ရှိသူများမှ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းမှ စင်ကာပူအသင်းကို ရမှတ်(၂၅-၁၃) (၂၅-၁၄) (၂၅-၁၁) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ရေကူးပြိုင်ပွဲများပွဲစဉ်များအဖြစ် မီတာ(၄၀ဝ)ကျား/မ အလွတ်တန်း၊ မီတာ(၂၀ဝ)ကျား/မ ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅၀)ကျား/မ လိပ်ပြာကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (AUSC)  အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif နှင့် တာဝန်ရှိသူများမှ  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေး(၅)ခုဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)