၂၀၁၈ အတွင်း မန္တလေး မူဆယ် အဝေးပြေးလမ်းမတွင် ယာဉ်မတော်တဆမှုကြောင့်သေဆုံးသူ ၂၅၀ ကျော်ရှိ

မန္တလေး ၁၄ ဇန်နဝါရီ


ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ်အဝေးပြေး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ်ကဖြစ်ပွား ခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူဦးရေ(၂၅၀)ကျော်သေ ဆုံးခဲ့ကြောင်းသိရသည်။


၂၀၁၈ ခုနှစ်အတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ နေ့စဉ်လို ဖြစ်ပွားနေခဲ့ရာ ယာဉ်မတော်တဆမှု(၆၀၅)ခု ရှိခဲ့ကြောင်း သိရသည်။


"ယာဉ်ကြံ့ခိုင်မှု အားနည်းတာ၊ လမ်းပိုင်ဆိုင်ရာ လိုအပ်တာ၊ ရာသီဥတု၊ စည်းကမ်းမဲ့မောင်းတာတွေ၊ အရှိန်မြှင့်မောင်းတာတွေ၊ ကျော်တက်တာ တွေ စတဲ့ အကြောင်းမျိုးစုံကြောင့် ယာဉ်မတော်တဆမှုတွေ အဖြစ်များခဲ့ရတာပါ။ "ဟု ကျောက်မဲယာဉ်ထိန်းရုံးမှဒုရဲမှူး ကျော်ကျော်ထွန်းကပြောသည်။


အဆိုပါ ယာဉ်မတော်တဆမှုများတွင် မော်တော်ယာဉ်ကြောင့်(၉၄)ဦး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်ကြောင့် (၉၁)ဦး၊ ဆိုင်ကယ်ကြောင့် (၆၄)ဦး၊ အခြားအမှုကြောင့်(၈)ဦးသေဆုံးခဲ့ရပြီး စုစုပေါင်း(၂၅၇)ဦးသေဆုံးကာ (၈၀၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။


"နေ့တိုင်းလိုလို ကားတွေတိမ်းမှောက်နေကြတာဟာ လမ်းတွေက မညီညာမှုတွေနဲ့ ဖြစ်နေတယ်။ အဲ့လို မညီညာမှုတွေနဲ့ လမ်းပိုင်းကျဉ်းနေမှုတို့ကြောင့် မှောက်ကြတာ များတယ်။ ဂုတ်တွင်းဘက်မှာဆိုရင် အဖြစ်များတယ်" ဟု မန္တလေး မူဆယ် ကားမောင်းသမားကို မျိုးကျော်ကပြောသည်။


ယင်းလမ်းမကြီးတွင် ယာဉ်သွားယာဉ်လာ များပြားလာမှုကြောင့် လမ်းပိတ်ဆို့မှုများ ၊ စက်ချွတ်ယွင်းမှုများ၊ လမ်းချော်ခြင်းများ ယာဉ်မောင်း အချို့ စည်းကမ်း လိုက်နာမှုအားနည်းခြင်းများကြောင့် မကြာခဏ ယာဉ်တိမ်းမှောက် နေရသည်။


ဂုတ်တွင်းတွင် တွဲကားများ၊ အိမ်စီးကားများ စသည့်ကားများ မကြာခဏဆိုသလို လမ်းပိတ်မှု ဖြစ်ပွားခြင်း၊ ကားတိမ်းမှောက်မှုများကြောင့် သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသည့် အချိန်များတွင် ကားသမားများမှာ ၂ ည ၃ ည ကြာသည်အထိ ဂုတ်တွင်းမှာ အိပ်ရမျိုးရှိကြောင်း သိရသည်။


သူရိန်လင်း