၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်

mdn

နေပြည်တော် ၂၄ မေ

 

၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (Myanmar Economic Monitor-MEM) အရ သိရသည်။

 

ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ခန့်မှန်းထားသည်။

 

ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆-၂၀၁၇ ခုနှစ် တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ထိုသို့ တိုးတက်လာခဲ့ခြင်းမှာ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ တည်ငြိမ်ကောင်းမွန်လာသောကြောင့်ဖြစ်သည်ဟုလည်း အစီရင်စာက ဖော်ပြထားသည်။

 

သို့သော် ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် နှေးကွေးမှုရှိနေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ရရှိနေသော်လည်း အနာဂတ် စီးပွားရေးတိုးတက်မှု အလားအလာကို အကျိုးသက်ရောက်မှု ရှိနိုင်သည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

 

မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာနှင့် ပတ်သက်၍ “စီးပွားရေး တိုးတက်မှုနှုန်း ပြန်လည်ကောင်းမွန်လာတာနဲ့ မေခရိုစီးပွားရေး အခြေအနေ တိုးတက်လာတာဟာ အင်မတန် အားတက်ဖွယ် ကောင်းပါတယ်။ မြန်မာနိုင်ငံအစိုးရဟာ မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒါဟာ တိုင်းပြည်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့၊ ငွေကြေးကဏ္ဍကို ခေတ်မီတိုးတက်ဖို့၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးဖို့ကို ခြိမ်းခြောက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လမ်းမြမြေပုံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ညွှန်ကြားရေးမှူး အယ်လင်ဂိုးလ်စတိန်းက ပြောကြားသည်။

 

အဆိုပါအစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားကို ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကာ မေ ၁၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။  

 

ရှင်မင်း