၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီး လမ်းအရှည်မိုင် (၄၀)ကျော်ကို လမ်းအကျယ် (၁၈)ပေသို့ တိုးချဲ့ခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ

မုံရွာ ၂ ဇွန် 

စစ်ကိုင်းတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးအား လက်ရှိလမ်းအကျယ် (၁၂)ပေ ကတ္တရာလမ်းမှ (၁၈)ပေသို့ တိုးချဲ့ခင်းကျင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

 

32

 

ရွှေဘို-မြစ်ကြီးနား လမ်းမကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၏ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုတွင် အဓိကအသုံးပြုလျက်ရှိသော လမ်းမကြီးဖြစ်ပြီး လက်ရှိလမ်းအကျယ် (၁၂)ပေသည် ခင်းကျင်းသည့် နှစ်ကြာမြင့်လာသဖြင့် ပျက်စီးခြင်း၊ မော်တော်ယာဉ် ကြီးများသွားလာရာတွင် လမ်းကျဉ်းမြောင်းခြင်း စသည့် အခက်အခဲများရှိသဖြင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ခင်းကျင်းပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် လမ်းအရှည် (၄၀)မိုင် (၁)ဖာလုံအား (၁၈)ပေသို့ တိုးချဲ့ခင်းကျင်းခဲ့ရာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၆၂)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေဘို-မြစ်ကြီးနား လမ်းမကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးအပိုင်းတွင် အရှည်(၁၇၄)မိုင် (၁)ဖာလုံရှိပြီး ၁၉၆၂-၆၃ ဘဏ္ဍာနှစ်တွင် စတင်ဖောက်လုပ်ခဲ့ကြောင်း၊ (၁၂)ပေအကျယ် ကတ္တရာလမ်းမကြီးအဖြစ် (၁၈.၉.၁၉၉၆) ရက်နေ့တွင် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်တွင် လမ်းတစ်လျောက် (၁၈)ပေအကျယ်တိုးချဲ့ ခင်းခြင်းကို ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ၎င်းတစ်လျောက်တွင် ကတ္တရာကွန်ကရစ် လမ်း(AC)လမ်း အရှည် (၂)မိုင် (၁)ဖာလုံ၊ ကွန်ကရစ်လမ်းအရှည် (၂၆)မိုင် (၄)ဖာလုံ၊ လမ်းအကျယ် (၁၈)ပေနှင့် အထက် (၆၆)မိုင် (၆.၈)ဖာလုံအား တိုးချဲ့ခင်းကျင်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)