၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရွေးချယ်ရာတွင် တစ်သက်တာထူးချွန်ဆုတစ်ဆု ထပ်တိုးချီးမြှင့်မည်

ရန်ကုန်  ၂၉  ဒီဇင်ဘာ 

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရွေးချယ်ရာတွင် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုတစ်ဆု ထပ်မံ၍ ချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။ 

 

"အန်တီတို့ ၂၀၁၇ ခုနှစ်အတွက်ကို ဆုပေါင်း ၁၁ ဆုကို အပြည့်အဝပေးသွားမှာပါ။ Best of the year ပေါ့။ ဒီထက်ထူးချွန်တာတွေ တွေ့လာလို့ရှိရင် ထူးချွန်တဲ့အတိုင်း အန်တီတို့ထပ်ပေးပါမယ်။ နောက်တစ်ခုက သက်ကြီးထဲကနေပြီးတော့ သက်ရှိထင်ရှားလည်း ရှိနေရမယ်။ အခုထက်ထိလည်း အနုပညာကို ဆောင်ရွက်နေ တဲ့ပုဂ္ဂိုလ်ဆိုရင် တစ်သက်တာဆုအနေနဲ့ ပေးမယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ်" ဟု အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ က ပြောကြားသည်။  

 

ယခင်နှစ်များက ရုပ်ရှင်ထူးချွန်ဆုများချီးမြှင့်ရာတွင် အကောင်းဆုံးရုပ်ရှင်အသံဆု၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု၊ အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးဒါရိုက်တာ ဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုများ ချီးမြှင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ရာတွင် တစ်သက်တာထူးချွန်ဆု အနေဖြင့် ထပ်မံတိုးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ 

 

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေးအဖွဲ့အနေဖြင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဇာတ်ကားများကို အကဲဖြတ်စိစစ်မည်ဖြစ်ပြီး ထူးချွန်ဆုများကို ၂၀၁၈ ခုနှစ် မတ်လအတွင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)