၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၈  မေ

၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်သည် “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” " Everywhere for Everyone" ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လက်ရှိဆောင်ရွက်ချက်များနှင့် အလွန်ကိုက်ညီသည့် ဆောင်ပုဒ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနာယက၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

 

ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် နိုင်ငံတော်သမ္မတက ကမ္ဘာ့ကြက်ခြေနီနေ့သည် ကြက်ခြေနီလှုပ်ရှားမှုကို အစပြုပေးခဲ့သည့် ဟင်နရီဒူးနန့်၏ မွေးနေ့ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံသီးသီးတွင်ရှိသည့် ကြက်ခြေနီ စေတနာလုပ်အားရှင်များကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါကြောင်း။

 

၁၈၅၉ ခုနှစ် ဆိုဖာရီနို စစ်မြေပြင်မှအစပြုကာ လူသားများ၏ လူမှုကရုဏာ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနေခဲ့သည့်အတွက် ကြက်ခြေနီ၏ တည်ရှိမှုသက်တမ်းသည် နှစ်ပေါင်း (၁၅၀) ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း (၁၉၀) တွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းပေါင်း (၁၉၀) ရှိနေပြီဖြစ်ပါကြောင်း၊ ထိုအသင်းအဖွဲ့များမှ နှစ်စဉ် စေတနာလုပ်အားရှင် ၁၇ သန်းကျော်သည် ကမ္ဘာတစ်ဝန်းတွင် အကူအညီလို အပ်သူပေါင်း သန်း ၁၆၀ ခန့်ကို လူမှုကရုဏာ အကူအညီများပေးနေသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လေ့ကျင့်သင်ကြားပေးထားသည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄၄၀ဝ၀ ကျော်မှတစ်ဆင့် နှစ်စဉ် ပြည်သူလူထု ပျမ်းမျှ ငါးသိန်းကျော်အား လူမှုကရုဏာ အကူအညီများ ပေးနေသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် သိရှိရပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်း၏ ကမ္ဘာ့ ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာအရ ၂၀ဝ၆ မှ ၂၀၁၅ ခုနှစ်အထိ (၁၀)နှစ် တာ ကာလအတွင်း ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သော ဘေးဒုက္ခမျိုးစုံကြောင့် လူသန်းပေါင်း (၁၉၀ဝ)ကျော် ဘေးဒုက္ခဒဏ်ခံစားခဲ့ရပြီး လူပေါင်း ခုနှစ်သိန်းနီးပါး အသက်ဆုံးရှုံခဲ့ရသည်ဟု သိရှိရပါကြောင်း၊ တစ်ကမ္ဘာလုံး ဘေးဒုက္ခခံစားရသူ စုစုပေါင်း၏ ၇၉ ရာခိုင် နူန်းခန့်သည် အာရှဒေသတွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံတွင် ဘေးဒုက္ခခံစားရ သူပေါင်း (၁၂) သန်းကျော်ရှိပြီး အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီးပါးရှိသည်ကို တွေ့ရှိရပါကြောင်း။

 

မြန်မာနိုင်ငံတွင် လူ ၁၀ဝ ဘေးဒုက္ခခံစားရပါက (၁ ဒသမ ၁၃)ဦးနှုန်း သေဆုံးနေပြီး အရှေ့တောင်အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မိမိတို့နိုင်ငံသည် ဘေးအန္တရာယ် ကျရောက်စဉ်ကာလ သေဆုံးနှုန်းမြင့်မား နေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။

 

ဘေးအန္တရာယ်ဖြစ်ပွားမှုတွင် မြင့်တက်လာသောကြောင့် ကြက်ခြေနီအသင်းအနေနှင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်း၊ ဘေးဒုက္ခကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ လူမှုကရုဏာ လိုအပ်ချက်များ ပြည့်မီရန် ကြက်ခြေနီအသင်း တစ်ခုတည်းနှင့် ဆောင်ရွက်ရန် မဖြစ်နိုင်ပါကြောင်း၊ အာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေး ကရုဏာအဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ အတူလက်တွဲ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။

 

ထို့ပြင် နိုင်ငံတော်သမ္မတက ကြက်ခြေနီအသင်းအနေဖြင့် ပြည်သူလူထုကိုလည်း ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်း(Resilience)ရှိရန်အတွက် ကူညီသင်ကြားလေ့ကျင့် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်သော အကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ပံ့ပိုးကူညီ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူငယ်လူရွယ် အများအပြား လိုအပ်လျက်ရှိပြီး ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များတွင် ကြက်ခြေနီလူငယ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် အားတက်မိပါကြောင်း။

 

ထို့ပြင် မြို့နယ်၊ ကျေးရွာအဆင့်အထိပါ ကြက်ခြေနီအသင်းများ ဖွဲ့စည်းထားရှိပြီး သွားလာရန်ခက်ခဲသည့် ဒေသများတွင်ပါ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း၊ ထိုကဲ့သို့ ကြက်ခြေနီ လုပ်ငန်းများဆောင်ရွက်ရင်း အသက်စွန့်လွှတ်သွားခဲ့ကြသည့် ကျန်းမာရေး ချို့တဲ့ကြ သည့်၊ ထိခိုက်ဒဏ်ရာ ရခဲ့ကြသည့် ၄င်းတို့၏ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် စွမ်းဆောင်မှုများကိုလည်း ယနေ့ အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

 

အသင်းအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် စွမ်းဆောင်ရည်များ၊ အောင်မြင်မှုများကို ထိန်းသိမ်းဆောင်ရွက်ကြရန်၊ ယခုထက်ပိုမို တိုးတက်ကောင်းမွန်အောင် နည်းလမ်းရှာကြံ ကြိုးပမ်းကြရန်၊ အသင်းအနေဖြင့် ပြည်သူလူထု အခြေပြု အဖွဲ့အစည်းအဖြစ် လူမှုကရုဏာလုပ်ငန်းများကို လိုအပ်ချက်နှင့်အညီ နေရာဒေသ မရွေးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀ဝ၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၁ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအတွက် ထူးခြားသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သူ ပါမောက္ခ ဒေါက်တာသာလှရွှေအား ကြက်ခြေနီဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက နိုင်ငံတော်သမ္မတထံ ၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် လက်ဆောင် ကို ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် အခမ်းအနား သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စာပေနှင့် ပန်ချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချု့ပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကြက်ခြေနီးအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ ထူးချွန်ကြက်ခြေနီမောင်မယ်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံအတွင်း ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒုက္ခများကို ရပ်ရွာလူထုကိုယ်တိုင် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေမည့် အစီအစဉ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၄၄၀ဝ၀ ကျော်မှ တစ်ဆင့် နှစ်စဉ်ပြည်သူလူထု ပျမ်းမျှ ၅ သိန်းကျော်ကို လူမှုကရုဏာအကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် လူထုအခြေပြု ကျန်းမာရေးနှင့် ရှေးဦးပြုစုပေးခြင်း၊ ရပ်ရွာလူထု ကြံ့ကြံ့ခံ နိုင်စွမ်းမြှင့်တင်ရေး၊ ခြေတုလက်တု ပြန်လည်သန်းစွမ်းရေး၊ မိသားစုအဆက်အသွယ်ပြန် လည်ရရှိရေး၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။