၂၀၁၆-၁၇ ပညာသင်နှစ် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ဇူလိုင် ၁၆ မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် ( First Global Challenge 2017 Robotics Competition ) ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၅၇) နိုင်ငံမှ ပြိုင်ပွဲဝင် အသင်းပေါင်း(၁၆၃) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့်(၆) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အောက်ပါ ထူးချွန်လူငယ်ကျောင်းသား၊ ကျောင်းသူများကို  တွေ့ဆုံမေးမြန်းခဲ့သည်။

 

မောင်ဝေယျာအောင် (ရန်ကုန်နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်)

 

မယုဇနဝင်း ( သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိ်ုလ်၊ စတုတ္ထနှစ်)

 

မောင်ဝေယံထွန်း (GoetheInstitute Thailand)

 

မမေပြည့်စုံကျော် ( သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ တတိယနှစ်)

 

မောင်ဘုန်းသီဟကျော်( ရန်ကုန်နည်းပညာတက္ကသိုလ် ၊ စတုတ္ထနှစ်)

 

မောင်ကျော်ဇဇော် (ILBC )

 

မေး။   ။သွားရောက်ခဲ့တဲ့ နိုင်ငံနဲ့ ပြိုင်ပွဲအကြောင်းကို သိချင်ပါတယ်။

 

မယုဇနဝင်း ဖြေ။      ။ ကျွန်မတို့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ First Global Challenge 2017 Robotics Competition ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ အသင်း ၁၆၃ သင်းထွက်ပါတယ်။ ကိုယ့်နိုင်ငံမှာ စက်ရုပ်တွေကို ကိုယ့်ဖာသာ လုပ်လာပြီး ပြိုင်ရတာဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲမှာ အဆင့် ၆ ရရှိခဲ့တာဖြစ်ပါတယ်။

 

မေး။   ။ အခုအဖွဲ့မှာ ကျောင်းတွေလည်း မတူကြဘူးဆိုတော့ ဘယ်လိုတွေ စုစည်းဖြစ်တယ်။ ဘယ်အဖွဲ့အစည်းက ရွေးချယ်ခေါ်ယူတယ် ဆိုတာကိုလည်း ပြောပြပေးပါအုံး။

 

မယုဇနဝင်း ဖြေ။   ။ကျွန်မတို့ကို ဖန်တီးရာဆိုတဲ့ နည်းပညာကုမ္ပဏီက ဒီပြိုင်ပွဲရှိတယ်ဆိုတဲ့ အကြောင်းကို ကျောင်းတွေဖြစ်တဲ့ YTU ၊ UIT စတဲ့ နည်းပညာတက္ကသိုလ်တွေမှာ ကြော်ငြာတွေကပ်တယ်။ လျှောက်ကြဖို့  လိုက်ပြီး ဟောပြောတယ်။ အဲဒါကို လျှောက်လိုက်ပြီး အင်တာဗျူးဖြေရပါတယ်။ အဲဒီကတစ်ဆင့် ရွေးချယ်ခံရပြီး အခုလို အသင်းတစ်သင်းအဖြစ် စုစည်းဖြစ်ကြတာပါ။

 

မေး။   ။အသင်းတစ်သင်းဖြစ်လာပြီး သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရတယ် ဆိုတာကိုလည်း သိချင်ပါတယ်။

 

မောင်ဝေယံထွန်း ဖြေ။  ။ ကျွန်တော်တို့ကို ဖန်တီးရာ နည်းပညာကုမ္ပဏီက  အဆင့်ဆင့်ရွေးချယ်ပြီးတဲ့ နောက်မှာ ကျွန်တော်တို့ (၇)ယောက်က အသင်းတစ်သင်းအဖြစ် ပေါင်းသွားကြပါတယ်။ စက်ရုပ် (Robot)ကို စပြီး တည်ဆောက်ဖို့ အချိန် တစ်လခွဲကနေ နှစ်လအထိရတယ်။  ကျွန်တော်တို့ကို စက်ရုပ်ဆောက်ဖို့ (Robot Kits Box) တစ်ခုကို အမေရိကန်ကနေ ပို့ပေးပါတယ်။ စက်ရုပ်မတည်ဆောက်ခင် ပို့လိုက်တဲ့ ပစ္စည်းတွေက အသင်းသားတွေအတွက် အသစ်အဆန်းဖြစ်နေပါတယ်။ ဒီပစ္စည်းတွေနဲ့ ရင်းနှီးလာဖို့စက်ရုပ်အသေးလေး ပုံစံငယ်တစ်ခု ကျွန်တော်တို့ တည်ဆောက်ရပါတယ်။ သစ်သားဝယ် ဖြတ်တောက်ပြီး တကယ့်ပြိုင်ရမယ့် field မျိုး တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပစ္စည်းတွေက ကျွန်တော်တို့နဲ့စိမ်းနေတဲ့အတွက် အဲဒီပစ္စည်း တစ်ခုချင်းစီအကြောင်းကို ပါလာတဲ့ လမ်းညွှန်စာအုပ် (Guide Book) တွေကတစ်ဆင့်ရော အွန်လိုင်းကနေပါ လေ့လာခဲ့ကြတယ်။  ပုံစံငယ်ကိုလည်း အကြိမ်ကြိမ် စမ်းသပ်ဆောင်ရွက်ကြည့်ခဲ့ကြပြီး တကယ့်စက်ရုပ် တည်ဆောက်ဖို့ ဖြစ်လာခဲ့ကြတာပါ။

 

မောင်ဝေယျာအောင် ဖြေ။   ။ ကျွန်တော်တို့ အသင်းတစ်ခုဖြစ်လာပြီးတဲ့နောက်မှာ Hardware သမားနဲ့ Software သမားဆိုပြီး အသင်းကို ခွဲလိုက်ပါတယ်။  ကျွန်တော်က Hardware အပိုင်းမှာ ပါတယ်။  Hardware ဆောက်တဲ့နေရာမှာ ကျွန်တော်တို့စက်ရုပ်ပုံစံငယ်ဆောက်ပြီးသွားပြီ၊ စမ်းသပ်မှုတွေလည်း လုပ်ပြီးသွားပြီ၊ ဂိမ်းဒီဇိုင်းမှာ အကိုက်ညီဆုံး အထိရောက်ဆုံး ဘယ်လိုဆောက်လို့ရမလဲ ၊ ဘယ်လိုဝင်ပြိုင်ကြမလဲဆိုပြီး Hardware သမားတွေ တိုင်ပင်ကြတယ်။ ဒီဇိုင်းတွေ အမျိုးမျိုးထွက်လာတာကို ဒီဇိုင်းတစ်ခုချင်းစီကို တည်ဆောက်ကြည့်တယ်၊ စမ်းသပ်ကြည့်တယ်။  ဒီဇိုင်းတစ်ခုကအဆင်မပြေရင်နောက်ဒီဇိုင်းတစ်ခုကို ပြောင်း တည်ဆောက်ကြည့်ကြတယ်။  အဲဒီလို ဒီဇိုင်းတစ်ခုစီကို ဆောက်ရင်း ၊ ဆောက်ရင်းနဲ့ အခုလို တွေ့နေရတဲ့ အဆင့်ကိုရောက်လာတယ်။  နောက်ဆုံးအဆင့်ရောက်လာတဲ့ ဒီဇိုင်းကိုလည်း ကျွန်တော်တို့ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် အကြိမ်ကြိမ်စမ်းသပ်ပြီးမှ သွားပြိုင်ခဲ့ကြတာပါ။ စက်ရုပ် (Robot)ကို တည်ဆောက်နေတဲ့ အဆင့်တိုင်းမှာလည်း Software သမားနဲ့ ညှိနှိုင်းပြီးတော့ တစ်ဆင့်ချင်း သွားခဲ့ကြပါတယ်။

 

မေး။   ။ Software ပိုင်း တာဝန်ယူမှုအပိုင်းကိုလည်း ရှင်းပြပေးပါအုံး။

 

မောင်ဘုန်းသီဟကျော် ဖြေ။   ။ Hardware ပိုင်းပြီးသွားတော့ ကျွန်တော်တို့ Software သမားတွေကလည်း Hardware သမားနဲ့ အတူတူတွဲပြီး လုပ်ဆောင်ရပါတယ်။ Softwareမှာ  Java နဲ့ Block Programming ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်။ ကျွန်တော်တို့ကတော့ Block Programming နဲ့ပဲ ဝင်ပြိုင်ခဲ့ပါတယ်။  အီလက်ထရောနစ်ပိုင်းကိုလည်း သေချာပြင်ဆင်ရတယ်။  Hardware မှာ လိုအပ်တဲ့ နေရာတွေကိုလည်း Software က ပြင်ဆင်ရတယ်။ Software မှာ လိုတာတွေကိုလည်း Hardware နဲ့ ညှိပြီး ပြင်ဆင်ခဲ့ပါတယ်။  စက်ရုပ် (Robot) ကို ကျွန်တော်တို့ ဒီမှာ ခဏခဏလေ့ကျင့်တယ်။  ပြီးတော့ ဝါရှင်တန်ဒီစီကို သွားတယ်။  ဟိုရောက်တဲ့အခါမှာ မပြိုင်ခင် ကျွန်တော်တို့ကို လေ့ကျင့်ဖို့ဆိုပြီး နှစ်ရက် အချိန်ပေးပါတယ်။ အဲဒီလို လေ့ကျင့်ချိန်ပြီးမှာ  စက်ရုပ် (Robot )နဲ့ ပြန်ပြိီး လေ့ကျင့်ကြည့်တဲ့အခါမှာ လိုအပ်တာတွေ ရှိနေတယ်။  Error တွေကို နှစ်ရက်အတွင်းမှာ ပြန်ပြီး ပြင်ဆင်ခဲ့ရတယ်။

 

မေး။   ။ ဘယ်လို ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာကိုလည်း ပြောပြပေးပါအုံး။

 

မောင်ကျော်ဇဇော် ဖြေ။         ။အသင်း (၁၆၃) သင်းလုံးကို တူညီတဲ့ စက်ရုပ် (Robot) အစိတ်အပိုင်းလေးတွေ ပေးပါတယ်။  အသင်းတစ်သင်းစီက ကိုယ့်စဉ်းစားပုံ ၊ စဉ်းစားနည်းနဲ့ ကိုယ်ကြိုက်သလို ဆက်စပ်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။  ပြိုင်ပွဲရောက်တဲ့အခါမှာတော့ (၁၆၃) သင်းစလုံးက (၁၆၃)မျိုး ပုံစံနဲ့ စက်ရုပ် တွေ တည်ဆောက်တာကို တွေ့ရတယ်။  ကျွန်တော်တို့ ပြိုင်ခဲ့ရတာကတော့ ရေကောင်းရေသန့် ရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြိုင်ခဲ့ရတာဖြစ်ပါတယ်။  ရေသန့်နဲ့ရေဆိုးကို ခွဲခြားတဲ့စနစ်ကို မူတည်ပြီး ဂိမ်းကို တည်ဆောက်ထားတာဖြစ်ပါတယ်။  သူတို့ သတ်မှတ်ထားတာက ရေသန့်ဆိုရင် ဘောလုံးအပြာ သတ်မှတ် ထားပြီး  ရေဆိုးဆိုရင် ဘောလုံးလိမ္မော်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ ဘောလုံးအပြာကို သန့်စင်တဲ့  water reserve ထဲကို ထည့်ရမယ်၊ ဘောလုံးလိမ္မော်ကို ပြန်ပြီး ဓါတ်ခွဲခန်းလုပ်မယ့် စင်သတ်မှတ်ပေးထားတဲ့ laboratory အထဲကို ထည့်ပေးရပါတယ်။  ကျွန်တော်တို့ အဲဒီဂိမ်းအတိုင်း စက်ရုပ်ကို တည်ဆောက်ရပါတယ်။  ကျွန်တော်တို့ စက်ရုပ်က ဘောလုံးအပြာ၊ လိမ္မော်တွေ အကုန်လုံးကို သိမ်းနိုင်ပါတယ်။  သန့်စင်တဲ့ရေရရှိဖို့ အပြာနဲ့ လိမ္မော် ဘောလုံးကိုလည်း သပ်သပ်စီခွဲနိုင်တယ်။ သူတို့ရဲ့ ပြိုင်ပွဲစည်းကမ်းက ပြိုင်ပွဲပြီးခါနီးအချိန်မှာ ပြိုင်ပွဲတစ်ခုလုံးကို ရေလွှမ်းလိုက်မယ်လို့ ပြောပါတယ်။  အဲဒီလို ရေလွှမ်းတဲ့အချိန်မှာ ကျွန်တော်တို့ စက်ရုပ်က မြေပြင်မှာ ရှိနေလို့ မရပါဘူး။  မြေပြင်မှာရှိနေရင် ရေမြှုပ်သွားမှာဖြစ်တဲ့အတွက် ဘေးမှာရှိတဲ့ ဘားတန်းမှာ ခိုထားရပါတယ်။  အဲဒါတွေ အကုန်လုပ်နိုင်ရင် ကျွန်တော်တို့ အမှတ်အပြည့်ရပါတယ်။

 

မောင်ဘုန်းသီဟကျော် ဖြေ။  ။ပြိုင်ပွဲကို နှစ်ရက်ပြိုင်ခဲ့ရပါတယ်။  ပထမတစ်ရက်မှာ သုံးပွဲပြိုင်ပါတယ်။  နှစ်ပွဲနိုင်တယ်၊ တစ်ပွဲရှုံးတယ်။  နောက်တစ်ရက်မှာ သုံးပွဲပြိုင်ရတယ်၊ သုံးပွဲနိုင်တယ်။  အမှတ်တွေလည်း အတော်များသွားတယ်၊ အသင်း(၁၆၃) သင်းမှာ အဆင့်(၆) နေရာကို ချိတ်နိုင်ခဲ့ပါတယ်။

 

မေး။   ။ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါအုံး။                         

 

မောင်ကျော်ဇဇော် ဖြေ ။     ။တချို့က ဘောလုံးပစ်တာ၊ တချို့က ဘောလုံးသယ်တာ၊ အမျိုးမျိုး တည်ဆောက် ပုံတွေကို ကြည့်ပြီး ကျွန်တော်တို့ ဗဟုသုတရရှိပါတယ်။  တချို့နိုင်ငံတွေက သူတို့ ဘယ်လိုတည်ဆောက်ခဲ့ရတယ်ဆိုတာ ဗွီဒီယိုမှတ်တမ်းတွေ၊ စာအုပ်တွေနဲ့ ပြောတဲ့အတွက် ကျွန်တော်တို့ ပိုပြီးတော့ လေ့လာသိရှိခဲ့ရပါတယ်။  ပြိုင်ပွဲမှာ စိတ်လှုပ်ရှားစရာကောင်းတာကတော့ ပြိုင်ပွဲမစခင် မိနစ် ၂၀ လောက်အလိုမှာ ဘယ်လို ကစားကွက်တွေထားမယ်၊ ကိုယ့်စက်ရုပ်ကတော့ ဘယ်အပိုင်းတွေမှာ အားသာချက်ရှိတယ်။ ကိုယ်ရဲ့ မဟာမိတ်အသင်းကတော့ ဘယ်လို အားနည်းချက်တွေရှိတယ်ဆိုတာကို ဆွေးနွေးတယ်။  အကောင်းဆုံးပုံစံနဲ့ အချင်းချင်း ဖြည့်စွက်ပြီး ပြိုင်ခဲ့တာဖြစ်ပါတယ်။  အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ကောင်းတဲ့အတွက် ပြိုင်ပွဲမှာ အမှတ်တွေများပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

mdn

 

မောင်ကျော်ဇဇော် ဖြေ ။  ။ပြိုင်ပွဲမှာ (၆) ပွဲပြိုင်ခဲ့ရတယ်။  ကျွန်တော်စက်ရုပ်ကို ကိုယ်တိုင်ထိန်းပြီး တော့မောင်းခဲ့ရပါတယ်။  မပြိုင်ခင် ဟိုဖက် (၃)သင်း၊ ဒီဖက် (၃) သင်း ကွင်းထဲကို ဆင်းပြီး ၅ မိနစ်လောက်ကို နေရတယ်။  အဲဒီအချိန်မှာ စိတ်တွေ လှုပ်ရှားပြီး လက်တွေကလည်း တုန်နေတယ်။ ကြာလာတော့ တဖြည်းဖြည်း ပြန်ပြီးအဆင်ပြေလာပါတယ်။ အဲဒီ ရင်တွေခုန်နေတဲ့ အတွေ့အကြုံကတော့ အခုထိ မမေ့နိုင်ပါဘူး။ အခက်အခဲကတော့ အခုမှစပြီး စီစဉ်တဲ့ ပွဲမျိုးလည်းဖြစ်လို့ ကျွန်တော်တို့ စက်ရုပ်က ပြိုင်နေရင်းနဲ့ ကြားထဲမှာ Connection ပျောက် ပျောက်သွားပါတယ်။ အဲဒါကို သူတို့ Technical Team က ပြန်ဖြေရှင်းပေးပါတယ်။ အဲလို Error လေးတွေရှိလို့ တချို့အမှတ်တွေ လျော့ခဲ့ပါတယ်။

 

မေး။   ။ ပြိုင်ပွဲမှာ ဘယ်နိုင်ငံတွေက ဆုတွေရခဲ့တာလဲ ။                                   

 

မောင်ဝေယံထွန်း ဖြေ။         ။ ကျွန်တော်တို့ မြန်မာအသင်းက လေးပွဲကစားပြီးတဲ့အချိန်မှာ ကမ္ဘာ့အဆင့်တစ်မှာ ရပ်နေတာ။ ကျန်တဲ့ နှစ်ပွဲမှာ သူများတွေက ကျွန်တော်တို့ထက် အမှတ်က ပိုကျော်သွားလို့သာ အဆင့် (၆) ရသွားတာ။ ပွဲပြီးသွားတော့ အဆင့်တွေကို ထုတ်လိုက်တဲ့အခါ ကျွန်တော်တို့ မြန်မာအသင်းရဲ့ အထက်က အသင်းတွေက အကုန်ဥရောပအသင်းတွေချည်းပဲ။ အဆင့် (၁)ဆိုရင် ဥရောပတိုက် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အသင်းကရတယ်။ ဒုတိယဆိုရင်လည်း ပိုလန်၊ တတိယက အာမေးနီးယား၊ စတုတ္တဆိုရင် အစ္စရေး၊ ပဉ္စမက စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီ ။  ကျွန်တော်တို့ မြန်မာက အဆင့်(၆)၊ အာရှတိုက် တစ်တိုက်လုံးမှာ အဆင့်(၁) နေရာကနေတယ်။  ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ စက်မှုဆိုရင် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ စင်ကာပူတို့ဆိုရင်လည်း ကျွန်တော်တို့ အောက်မှာပဲရှိခဲ့တယ်။  ဒါက နောက်ထပ်ပြိုင်မယ့် လူငယ်တွေအတွက် အားတစ်ခုလို့ ကျွန်တော်ထင်တယ်။  ကျွန်တော်တို့က စင်ကာပူ နိုင်ငံလောက်မတိုးတက်ဘူး၊ စက်မှုပညာကို နားမလည်ဘူးလို့ ထင်ရင်မှားနေတယ်လို့ ပြောလို့ရတယ်။

 

မေး။  ။ နောက်နှစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာရှိရင်လည်း ပြောပြပေးပါအုံး။

 

မောင်ဝေယံထွန်း ဖြေ။   ။နောက်နှစ်မှာ ပြိုင်ပွဲဝင်မယ့် ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာက ကျွန်တော်တို့က ပထမဆုံးအကြိမ်ဆိုတော့ အတော့်ကို အသစ်အဆန်းတွေကြုံခဲ့ရတယ်။  ကျွန်တော်တို့ အခုလို အတွေ့အကြုံတွေ ပြန်လည်မျှဝေတာကလည်း နောက်တစ်ကြိမ်သွားပြိုင်မယ့် ညီငယ်၊ ညီမငယ်တွေ အခက်အခဲ မရှိစေချင်လို့ပါ။  ဒီအဖွဲ့ကနေလည်း နောက်နှစ်သွားပြိုင်မယ့်အဖွဲ့တွေလည်း ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။  အဓိက ပြောချင်တာက ကျွန်တော်တို့ ကျောင်းသားတွေသည် အာဆီယံမှာ နိမ့်ကျတယ် လို့တောင် ခံစားစရာမလိုတော့ပါဘူး။  ကျွန်တော်တို့က အာရှမှာ နံပါတ်တစ်ရခဲ့တာပါ။ အဲဒီလိုစိတ်ဓါတ်တွေနဲ့ နောင်နှစ်မှာလည်း ကမ္ဘာမှာ မြန်မာ့အလံကို လွှင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

 

ကျွန်တော်တို့ဆိုရင် မျက်စိမြင်တယ်၊ နားက ကြားရတယ်၊ အားလုံးအဆင်ပြေတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ ကျွန်တော်တို့က သွားပြိုင်ခွင့်ရတာပေါ့။ အဲဒီမှာ ကျွန်တော်တွေ့ခဲ့တာက နိုင်ငံတစ် နိုင်ငံက ညီအစ်ကို နှစ်ယောက်က လာပြိုင်တယ်။  ဒါပေမယ့်နှစ်ယောက်စလုံးက ဆွံအနားမကြားဖြစ်နေတယ်။ သူတို့က အဲဒီလို စိတ်ဓါတ်နဲ့ လာပြိုင်တာ။  အများနည်းတူ စက်ရုပ်လည်း ဆောက်နိုင်တယ်။  Sign Language နဲ့ပဲ သွားပြီးတော့ စက်ရုပ်ကိုလည်း ဆောက်သွားနိုင်တယ်ဆိုတာ လေးစားဖွယ်ရာတွေ့မြင်ရတယ်။ နောက်ပြီး စစ်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယားတို့ အာဖဂန်နစ္စတန်တို့က လာပြိုင်တဲ့သူတွေဆိုရင်လည်း ဆုတွေ အများကြီးရကြတယ်။  အဲဒါကြောင့် ကျွန်တော်တို့က အခြေအနတစ်ခုခုကို အကြောင်းပြမနေဘဲ  ငါဒါကို မလုပ်နိုင်ပါဘူးဆိုတဲ့ စိတ်ဓါတ်တွေရှိနေမယ့်အစား သူတို့ကို ကြည့်ပြီး သူတို့ကမှ တကယ့်ကို ပြိုင်ပွဲရဲ့ သူရဲကောင်းတွေလို့  ပြောလို့ရပါတယ်။  အဖက်ဖက်က ဖိနှိပ်ခံနေရတဲ့ ကြားထဲက သူတို့က ဒီနိုင်ငံကိုလည်း လာတယ်။ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီးလည်း ပြိုင်ပွဲကို ပြိုင်သွားတယ်ဆိုတော့ ဒါက ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး လေးစားရတဲ့အချက် ၊ အတွေ့အကြုံကောင်းတွေပါပဲ။

 

မောင်ဝေယျာအောင် ဖြေ။      ။ဒီပြိုင်ပွဲရဲ့အမှတ်တရအနေနဲ့ မတွေ့ဖူးတဲ့သူတွေ ၊ မရောက်ဖူးတဲ့ နေရာ တွေကို ရောက်ရတယ်။  နောက်အရေးကြီးတာတစ်ခုက Science ၊ Technology ၊ Engineering ၊ Mathematics မှာ  ဘုံဖြစ်တဲ့ Stem Education က ကျွန်တော်တို့ လူငယ်တွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ သိခဲ့ရတယ်။  ကျွန်တော်တို့ ကျောင်းမှာသင်ရတဲ့ Mechanical နဲ့ဆိုင်တဲ့ ပညာရပ်တွေက ဒီပြိုင်ပွဲမှာ လက်တွေ့အသုံးချနိုင်ခဲ့တယ် အဲဒါကတော့ ဒီပြိုင်ပွဲရဲ့ အမှတ်တရပါပဲ။

 

မယုဇနဝင်း ဖြေ။    ။အမျိုးသမီးတွေ၊ မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ယှဉ်ရင် ကိုယ်က မလုပ်နိုင်ဘူး ဆိုပြီး အားငယ်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိသလို ဖြစ်တတ်ကြတယ်။  အဲဒီလို အားမငယ်ပါနဲ့။ မိန်းကလေးတွေလည်း ယောက်ျားလေးတွေနဲ့တန်းတူ  ဘယ်နေရာမှာမဆို၊ ဘယ်ကဏ္ဍမှာမဆို ပါဝင်နိုင်ပါတယ်။ အသစ်ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကို သေချာလေ့လာပြီး  ဖြစ်ချင်တဲ့စိတ်သာရှိမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

 

မေး။   ။အခုလို အောင်မြင်မှုတွေရရှိခဲ့တာက ကိုယ့်အတွက် ကိုယ့်ကျောင်းအတွက်၊ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမယ်လို့ ထင်ပါသလဲ။

 

မမေပြည့်စုံကျော် ဖြေ။          ။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။  အခု ကျွန်မတို့ သွားပြိုင်တာ နိုင်ငံပေါင်း (၁၅၇) နိုင်ငံမှာ အသင်းပေါင်း (၁၆၃) သင်းပေါ့။ အသင်းတွေ အများကြီးထဲကမှ မြန်မာနိုင်ငံအလံကို အဆင့်(၆) နေရာမှာ လွှင့်နိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။  ဒါကနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုပေါ့။  ကိုယ့်ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေအတွက်လည်း အတုယူ ဖွယ်ရာဖြစ်ပါတယ်။  ဒါကတော့ ကျွန်မအတွက် ပထမဆုံးအတွေ့အကြုံတစ်ခုပေါ့။ အရင်တုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုလုပ်နိုင်မယ်လို့ မယုံကြည်ခဲ့ဘူး။  အခုဆိုရင် ယုံကြည်မှုတွေ အများကြီး ရလာခဲ့ပြီ။  နောင်ကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ အားအင်တွေ ဖြစ်စေပါတယ်။

 

ပြိုင်ပွဲမှာ အသင်းတွေရဲ့  ၆၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာ။  အမျိုးသမီးတွေ ဦးဆောင်တာမျိုးတွေလည်း ရှိပါတယ်။  အာဖကန်နစ္စတန်အသင်းတွေဆိုရင် အမျိုးသမီးအသင်းတွေပေါ့။  အဲဒါကြောင့် ကျွန်မတို့နိုင်ငံက အမျိုးသမီးတွေကို ကိုယ်လုပ်နိုင်မယ်လို့ ယုံကြည်ပါလို့ ပြောချင်ပါတယ်။

 

မေး။   ။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အကြံပြုပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါအုံး။

 

မောင်ကျော်ဇဇော် ဖြေ။         ။ဒီပြိုင်ပွဲက ရရှိတဲ့အတွေ့အကြုံတွေကို ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အကုန်လုံးကို ရစေချင်တယ်။  ဒီပြိုင်ပွဲမျိုးကို ပြိုင်ရတဲ့အတွက် ကျောင်းမှာလေ့လာနေတဲ့ ဘာသာတွေမှာလည်း အကျိုးရှိတယ်၊ပြိုင်ပွဲရဲ့ သတ်မှတ်ချက်ဖြစ်တဲ့  ရေကောင်း၊ ရေသန့် ရရှိမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီနိုင်ငံမှာ ဘယ်လိုပြန်ပြီး အသုံးချမယ်ဆိုတာအတွေ့အကြုံလည်း ရခဲ့ပါတယ်။  ကျွန်တော့် အနေနဲ့ ပြောချင်တာကတော့ စက်ရုပ်ပြိုင်ပွဲဆိုပြိီး ကြောက်ရွံ့မသွားကြဖို့ ၊ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်။  ကိုယ်က တစ်ခုခုကို အရည်အချင်း မပြည့်မီသေးလို့ မတတ်မြောက်သေးလို့ဆိုပြီး တွန့်ဆုတ်မနေဘဲ လေ့လာသင်ယူရင်းနဲ့ပဲ ပြိုင်ပွဲကို ယှဉ်ပြိုင်စေချင်ပါတယ်။  လေ့လာသင်ယူကြပါလို့လည်း ပြောချင်ပါတယ်။

 

မေး။   ။ ကျေးဇူးတင်ထိုက်သူတွေ ရှိရင်လည်း ပြောပြပေးပါအုံး။

 

မောင်ဝေယံထွန်း ဖြေ။      ။ကျွန်တော်တို့ကို ပြိုင်ပွဲအကြောင်းကို စပြီးအသိပေးတယ်။ စက်ရုပ်တည် ဆောက်ဖို့ နေရာနဲ့ ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးတဲ့ ဖန်တီးရာ နည်းပညာကုမ္ပဏီ၊ အမေရိကားကိုသွားဖို့ စရိတ်တွေကို ထောက်ပံ့ပေးတဲ့ Nathan Associate၊ အမေရိကားကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ကို  လာရောက်အားပေးနေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အခုလို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခွင့်ပေးတဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာနကိုလည်း  ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။   နောက်လူငယ်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို သိရှိပြီး စိတ်အားထက်သန်မှုတွေနဲ့ နောက်နှစ် မက္ကဆီကိုမှာ သွားပြီး ပြိုင်တဲ့အခါမှာ အခက်အခဲမရှိဖို့  ကျွန်တော်တို့ ဝိုင်းဝန်းပြီး ကူညီပေးချင်ပါတယ်။ 

 

နန္ဒာဝင်း + ဝင်းဝင်းမော်

ဓာတ်ပုံ - လှမိုး

mdn