လစ်ဗျားနိုင်ငံ၏ စုစုပေါင်းရေနံထုတ်လုပ်မှုသည် ဇွန် ၂၁ ရက်တွင် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၄၉ သန်းခန့်အထိရှိလာခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း အမျိုးသား ရေနံကော်ပိုရေးရှင်း (NOC) က ထုတ်ပြန်သည်။
ရေနံစိမ်းထုတ်လုပ်မှုမှာ တစ်ရက်လျှင် စည် ၁ ဒသမ ၄၄ သန်းရှိပြီး သဘာဝဓာတ်ငွေ့ရည်ထုတ်လုပ်မှုမှာ တစ်ရက်လျှင် ၄၉၁၆၃ စည်ရှိကြောင်း သိရသည်။ လစ်ဗျားနိုင်ငံသည် အစိုးရဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းကျော်နှင့် ပို့ကုန်ဝင်ငွေ၏ ၉၅ ရာခိုင်နှုန်းကျော်မှာ ရေနံကဏ္ဍအပေါ် မှီခိုနေရကြောင်း နိုင်ငံတကာခန့်မှန်းချက်များအရ သိရသည်။
ထို့ပြင် အမျိုးသားရေနံကော်ပိုရေးရှင်းသည် ယခုနှစ် မေလအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံ နီးပါး ဝင်ငွေရရှိခဲ့ပြီး ယင်းမှာ ၁၀ နှစ်အတွင်း လစဉ်ဝင်ငွေအများဆုံးရရှိခဲ့သည့်လဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။
ဆင်ဟွာ


