(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများတွင် ဆက်လက်ကျင်းပသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင် နိုင်ငံများမှ တာဝန် ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

နံနက် ၉ နာရီမှစတင်၍ ကြက်တောင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ဂေါက်၊ မြားပစ်၊ ပီတန်း၊ ပြေးခုန်ပစ်၊ ရေကူးနှင့် ဘောလုံးပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားကြသည်။

ကြက်တောင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့်အားကစားပြိုင်ပွဲများ၏ ဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကြသည့်အတွက် လာရောက်အားပေးကြသော အားကစား ဝါသနာပါသူ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အမျိုးသားဘော်လီဘော ပွဲစဉ်၌ ဖိလစ်ပိုင်အသင်းက ရွှေတံဆိပ်ဆု၊ ထိုင်း အသင်းက ငွေတံဆိပ်ဆုနှင့် မြန်မာအသင်းက ကြေးတံဆိပ်ဆုများရရှိကြသည်။

မြန်မာအမျိုးသား ဘော်လီဘောအသင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား မောင်ခွဲခြားမောင်က “ တတိယဆုရရှိတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ရွှေတံဆိပ်ဆု ရယူမပေးနိုင်တာကို အများကြီး အားနာမိပါတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့အသင်းက ထိုင်းနဲ့တွေ့တယ်။ ကျွန်တော်တို့အသင်း ကစားပုံပျက်တာ တော်တော်များခဲ့တယ်။ ဒါကြောင့် တတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အားပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော်တို့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အမြဲအားပေးတယ် ” ဟုပြောသည်။

(၁၉) အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိခြင်းနှင့်ပတ်သက်၍ “အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတာ ကောင်းတယ်လို့မြင်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံက တက္ကသိုလ်ကစားသမားတွေ အများကြီး ပါဝင်ယှဉ်ပြိုင်နိုင်တယ်။ ဒီလို ပါဝင်ယှဉ်ပြိုင်ရတော့ နိုင်ငံတကာအတွေ့အကြုံ မရှိသေးတဲ့ အားကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မျိုးသူဟိန်း
ဓါတ်ပုံ - ကိုထိန်