(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု ထပ်မံရရှိ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲ (ဆန်းဆို၊ ထောက်လု) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသားထောက်လု Taijiquan + Taijijian ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)မှ (၂)ရက်ပေါင်းရမှတ် ၁၉ ဒသမ ၂၂ ဖြင့် ပထမ၊ ခန့်မင်းထက်(မြန်မာ)မှ (၂)ရက်ပေါင်း ရမှတ် ၁၉ ဒသမ ၁၀ ဖြင့် ဒုတိယ၊ Bobie Valentinus Gunawan (အင်ဒိုနီးရှား)မှ (၂)ရက်ပေါင်းရမှတ် ၁၉ ဒသမ ဝ၉ ဖြင့် တတိယကို လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် နိုင်းတန် (မြန်မာ)မှ ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး ထောက်လု Taijijian ပြိုင်ပွဲတွင် မြတ်နိုးအိမ် (မြန်မာ)မှ ရမှတ် ၉ ဒသမ ၆၀ မှတ်ဖြင့် ပထမ၊  Chan Lu Yi (မလေးရှား)မှ ရမှတ် ၉ ဒသမ ၅၄ မှတ်ဖြင့် ဒုတိယ၊ Vera Tan Yan Ning (စင်ကာပူ)မှ ရမှတ် ၉ ဒသမ ၅၃ မှတ်ဖြင့် တတိယရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ Event (1)  ပြိုင်ပွဲ ပွဲစဉ်များကို  အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း  (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာရမှတ် (၃၀၅)မှတ်ဖြင့် ထိုင်းအသင်းမှ ပထမ၊ ရမှတ်(၂၀၉) မှတ်ဖြင့် မလေးရှားအသင်းမှ ဒုတိယ၊ ရမှတ် (၂၀၄) မှတ်ဖြင့် မြန်မာအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများမှ ဆုရရှိသော အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ကျင်းပသော အမျိုးသားထောက်လု Taijiquan + Taiji ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)၊ ဆန်းဆိုပြိုင်ပွဲတွင် နိုင်းတန်(မြန်မာ)၊ အမျိုးသမီးထောက်လု Taijijian ပြိုင်ပွဲတွင်  မြတ်နိုးအိမ် (မြန်မာ)တို့မှ ရွှေတံဆိပ်(၃)ခုကိုလည်းကောင်း၊ အမျိုးသား ထောက်လု Taijiquan+ Taijijian ပြိုင်ပွဲတွင် ခန့်မင်းထက် (မြန်မာ)မှ ငွေတံဆိပ်(၁)ခုနှင့် ခြင်းလုံးပြိုင်ပွဲတွင် မြန်မာမှ ကြေးတံဆိပ်(၁)ခုကိုလည်းကောင်း ထပ်မံဆွတ်ခူး ပေးထားကြောင်း သိရှိရသည်။ ယနေ့အထိ ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေး(၁)ခုဖြင့် ရရှိထားကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)