၁၉၈၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပြန်ပေးဆွဲမှုဖြင့် မှားယွင်းဖမ်းဆီးခံရသူ လက်ဘနွန်နိုင်ငံသားကို ဂရိရဲတပ်ဖွဲ့ပြန်လွှတ်  

အေသင် ၂၄ စက်တင်ဘာ

၁၉၈၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် တီဒဗလျူအေ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား ပြန်ပေးဆွဲမှု၌ ပါဝင်ခဲ့သည်ဟုဆိုကာ လက်ဘနွန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ကြောင်း ဂရိနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက် အစောပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။

အသက် ၆၅ နှစ် အရွယ်ရှိ လက်ဘနွန်နိုင်ငံသားကို တရားစွဲဆိုမှု လုံးဝမပြုလုပ်ဘဲ လွှတ်ပေးလိုက်ကြောင်းနှင့် လွန်ခဲ့သည့်လေးရက်က ၎င်းအား ထိန်းသိမ်းခဲ့သည့် အေဂျီယန် ပင်လယ်အတွင်းရှိ ဆိုင်ရို့စ်ကျွန်းပေါ်ရှိ ဟိုတယ်တစ်လုံးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

ယင်းလက်ဘနွန်နိုင်ငံသားသည် ဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှ ဆင်းလာပြီး မိုင်ကိုနိုးစ်ကျွန်းသို့ အတက်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။ ၎င်း၏ နိုင်ငံကူးလက်မှတ်သည် တီဒဗလျူအေ ခရီးစဉ်အမှတ်-၈၄၇ လေယာဉ်ပြန်ပေးဆွဲမှုနှင့် ဆက်စပ်ပြီး ဂျာမနီနိုင်ငံက တရားစွဲဆိုထားသည့် ဥရောပနိုင်ငံသားတစ်ဦး၏ နိုင်ငံကူး လက်မှတ်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူညီနေခြင်းသာဖြစ်ကြောင်း ဂရိရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်း တီဒဗလျူအေ လေယာဉ်ပြန်ပေးဆွဲခံရမှုတွင် အမေရိကန်နိုင်ငံသားတစ်ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဂျာမနီ အာဏာပိုင်များက သံသယရှိသူကို အတည်ပြုနိုင်ခဲ့ခြင်း မရှိသလို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ အပြီးသတ်လာရောက် စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း ဂရိရဲတပ်ဖွဲ့၏ ထုတ်ပြန်ရက်အရ သိရသည်။ အဆိုပါ အမျိုးသားမှာ သတင်းသမားတစ်ဦးသာဖြစ်ကြောင်း လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန် ဇော်ဝင်း