၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက်ဦးအောင်ကျော်ဦးက ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသည့်လူတစ်ယောက်က ပြစ်မှုတစ်စုံတစ်ရာမှမရှိဘဲ သူများယောင်တိုင်းလိုက်ယောင် သည့်လူဖြစ်ကြောင်း၊ သို့သော် ထိုလူကိုမြို့နယ်ရဲစခန်းကအမှုဖွင့်ထားကြောင်း၊ ထိုလူကပြန်လာနေပြီး မြို့နယ်ရဲစခန်းမှာအဆင်မပြေလျှင် မည်သည့်နေရာကို ဆက်ပြီးအကြောင်းကြားရမည်ကိုသိလိုကြောင်း မေးမြန်း သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်ရဲစခန်းက အဆင်မပြေစရာမရှိကြောင်း၊ မိမိတို့ကလုပ်ငန်းစဉ်များကိုချပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်အတိုင်း သာဆောင်ရွက်ပေးသွားလိမ့်မည်ဖြစ်ကြောင်း၊ ယုံယုံကြည်ကြည်နှင့်သွားပြီးသတင်းပို့ရန်လိုကြောင်း၊ သတင်းစာထဲတွင်လည်း ယုံကြည်စိတ်ချစွာဖြင့် သတင်းပေးပို့နိုင်ပါသည်ဟု ကြေညာထားကြောင်း၊ ထိုအတိုင်းသာသတင်းပေးပို့ဆက်သွယ်သည့်သူများလည်း အများကြီးရှိကြောင်း၊ ၎င်းတို့အားလုံးကိုလည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်ဦးဝင်းနိုင်က မိမိတို့မီဒီယာဆိုသည်မှာ အစိုးရနှင့်ပြည်သူ့အကြား ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူများ၏လိုအပ်ချက်ကို အစိုးရသိအောင်၊ အစိုးရ၏ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ရေးသားဖော်ပြပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ကိစ္စရပ်များကိုမေးမြန်းလိုကြောင်း၊ တိုင်းနှင့်ပြည်နယ်အရပ်ရပ်တွင် မီးရထားလမ်းဘေးကျူးကျော်၊ ကားလမ်းဘေးကျူးကျော်နှင့်စီမံကိန်းနှင့် စည်ပင်ကျူးကျော်များကိုဖယ်ရှား ရှင်းလင်းခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စများကလည်း မြို့တော်စည်ပင်သာယာရေးအတွက် အလွန်ကောင်းမွန်သောကြောင့်ထောက်ခံအားပေးကြောင်း၊ သို့သော် ကျူးကျော်ဆိုသည့် မိသားစုများက မိမိတို့နိုင်ငံသားများဖြစ်ကြောင်း၊ တချို့ပင်လယ်ကမ်းပြိုသည့်အတွက် ရွာပျက်၊ လယ်များ ပျက်စီးသောကြောင့် “ရေကြည်ရာမြက်နုရာ” ဟုဆိုသည့်အတိုင်း မှီတင်းနေထိုင်ရန်အဆင်ပြေ သည့်နေရာသို့ ပြောင်းရွှေ့လာကြခြင်းက နှစ်ပေါင်း ၁၀ နှစ်ကျော်၊ ၁၅ နှစ် ကျော်ရှိခဲ့သည့်မိသားစုများရှိကြောင်း၊ ၎င်းတို့ အခြေတကျဖြစ်မှ ဖယ်ရှားခံရသည့်အတွက် တချို့ဆိုမည်သည့်နေရာတွင် နေရမည်မှန်းမသိကြကြောင်း၊ အိုးမဲ့အိမ်မဲ့မိသားစုလိုက်သူတစ်ပါးအိမ်တွင် ငှားရမ်းနေထိုင်ရကြောင်း၊ ထိုသို့ဖယ်ရှားခံရသည့် အိမ်ထောင်စုဝင်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သို့နေရာချထား၊ ကူညီပေးနိုင်ရန် ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မည်သည့်နေရာကိုပြောပါသလဲဟု ပြန်၍မေးမြန်းရာ သတင်းထောက် ဦးဝင်းနိုင်က ပဲခူးတိုင်းဒေသကြီးအတွင်းတွင် မိမိတွေ့ရကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယခင်တုန်းကတိုင် ထိုမေးခွန်းကို မေးမြန်းပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဖြေအတိုင်းသာမိမိဖြေကြားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာချထားမှု ဆောင်ရွက်လျက်ရှိသည်ဟု တစ်ခွန်းပဲပြောကြောင်း၊ မိမိလည်းထိုအတိုင်းပြောမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှသတင်းထောက်ဦးရဲလင်းထွန်းက လက်ရှိနိုင်ငံတော် အိမ်စောင့်အစိုးရ၏ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့် နိုင်ငံခြားဆက်ဆံရေးကိုင်တွယ် ပုံများသည် ပျော့ပျောင်းလွန်းသည်ဟု ပြည်သူများ၏ဝေဖန်မှုများ မြင့်တက်နေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တို့အစိုးရအနေဖြင့် အမှန်တကယ်ပျော့ပျောင်းနေသည်လား၊ မနိုင်မနင်းဖြစ်နေပြီလား၊ မည်ကဲ့သို့ဖြစ်နေပြီကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတချို့သောမေးခွန်းများက ဖြေသည့်လူသည်လည်း မေးသည့်သူကမည်သည့်အတွက်ကြောင့် မေးသည်ကိုပြန်စဉ်းစားပြီးမှ မိမိဖြေရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့်ပတ်သက်ပြီး တပ်မတော်သည် ၁၉၄၈ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်တွင်းသောင်းကျန်းမှုသည် Internal Factor, External Factor ဟူ၍ရှိကြောင်း၊ ပြည်တွင်းသောင်းကျန်းမှုတစ်ခုဖြစ်ပေါ်လာရန် ၎င်းလူများကိုကျွေးရန်၊ လက်နက်/ခဲယမ်းတပ်ဆင်ရန်၊ ၎င်းတို့မှာ လက်ရှိရှိသည့်ငွေနှင့် မည်သည့်နိုင်ငံမှ ဖြစ်စရာအကြောင်းမရှိကြောင်း၊ ယူကရိန်းကဲ့သို့နိုင်ငံမျိုးပင် အမေရိကန်လိုနိုင်ငံက ဒေါ်လာ ဘီလီယံ ၄၀ ခန့်ထောက်ပံ့နေရကြောင်း၊ မည်သည့်အတွက်ကြောင့်ထောက်ပံ့နေသလဲဆိုလျှင် နိုင်ငံချင်းဖြစ်သည့်စစ်ဖြစ်ကြောင်း၊ ၎င်းသည် EAO အဖွဲ့ဖြစ်ကြောင်း၊ အထောက်အပံ့မရှိဘဲ မည်သည့်အရာမှဖြစ်မလာကြောင်း၊ ရုတ်တရက်ဟုန်းခနဲထတောက်လာခြင်းမဟုတ်ကြောင်း၊ ယခင်ကတည်းကတိုင်ထည့်နေသည့်လောင်စာရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းလူ များသည် မိမိတို့နိုင်ငံသားဖြစ်သည်ကိုသိကြောင်း၊ တပ်မတော်ရှိ လက်နက်များကိုအလှပြ ထားသည့်လက်နက်များ ဖြစ်သည်ဟုတချို့ကပြောကြကြောင်း၊ တချို့နေရာတိုင်းတွင် လုပ်ချင် တိုင်းလုပ်၍မရကြောင်း၊ နောက်ဆက်တွဲများအများကြီးရှိကြောင်း၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးနှင့်ပတ်သက်ပြီး မိမိတို့မလုပ်ချင်သည့်အတွက် ငြိမ်းချမ်းရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သို့သော် တချို့သောနေရာများတွင် လုပ်သင့်လုပ်ထိုက်သည်များကိုလုပ်ရမည်ဖြစ်ကြောင်း။

နိုင်ငံခြားဆက်သွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားဆက်သွယ်ရေး မူဝါဒများအတိုင်း မိမိတို့လိုက်လျောလုပ်ဆောင်ကြောင်း၊ တစ်ဖက်ကပြောသည့်အတွက်ကြောင့် နိုင်ငံခြားသံအမတ်များနှင့်ပတ်သက်ပြီး မည်သို့တုံ့ပြန်စေလိုပါသလဲ၊ နိုင်ငံခြားသံတမန်ဆက်ဆံရေးသည် အင်မတန်မှနက်နဲသည့်ကိစ္စဖြစ်ကြောင်း၊ အပေါ်ယံလေးတွင်တွေ့နေရသည့်သတင်းသာမဟုတ် ကြောင်း၊ မိမိဥပမာတစ်ခုပြောလိုသည်မှာ မြန်မာနိုင်ငံနှင့်စီးပွားရေးအဆက်အသွယ်ဖြတ် လိုသည့်နိုင်ငံများရှိကြောင်း၊ ပါးစပ်ကစီးပွားရေးအဆက်အသွယ်ဖြတ်မည်ဟုပြောပြီး သို့သော် နောက်ကွယ်ကထိတွေ့ဆက်ဆံလိုသည့်အပိုင်းများ အများကြီးရှိကြောင်း၊ ဥပမာ- ယူကရိန်းနှင့် ရုရှားတွင် ရုရှားနိုင်ငံမှ EU နိုင်ငံများသည်ဓာတ်ငွေ့မဝယ်ဘူး၊ ပိတ်မည်ပြောကြောင်း၊ ၎င်းအပြင်နေရာမှ လှည့်ပြီးရှာဖွေဝယ်ယူမည့်ပုံစံများရှိကြောင်း၊ ထိုကိစ္စသည် ၎င်းတို့အပိုင်း ဖြစ်ကြောင်း၊ မိမိတို့အပိုင်းတွင်လည်း ထိုကိစ္စမျိုးများရှိနေကြောင်း၊ တချို့နေရာတွင် ယခုသတင်းစာရှင်းလင်းပွဲများတွင် မိမိတို့ပြောနေရသည့်စကားသည် ဘာလုပ်ပစ်၊ ညာလုပ်ပစ် ဟုပြော၍လည်းမရကြောင်း၊ ပြောစရာလည်းအကြောင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ပြောလို သည်မှာ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးအတွက် နှစ်မျိုးဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ် (၁) ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်(၂) ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါး လာမှုမှန်သမျှကို လုံခြုံရေးနှင့်ကာကွယ်ရေးအရဆောင်ရွက်သင့်သည်များ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်အခါတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်ပြီး အထိမခံဘဲကာကွယ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိမေးလိုသည်များကို ရှေ့တွင်မေးမြန်းသွားကြပြီးဖြစ်၍ ယခုသတင်းစာရှင်းလင်းပွဲသို့လာစဉ် ဆရာမတစ်ယောက်က ဖုန်းဆက်မေးမြန်းချက်နှင့်ပတ်သက်၍မေးလိုကြောင်း၊ တာဝန်မှကင်းကွာသွားသည့် CDM များကို ပြန်လည်ဖိတ်ခေါ်နေသည်ကိုတွေ့ရကြောင်း၊ ယခင်အစိုးရလက်ထက်တွင် နိုင်ငံရေးကိုစိတ်မဝင်စားဘဲ အမျိုးသားအရေးကိုရှေ့တန်းထားသည့် ဆရာ/ဆရာမတချို့ကို အပြစ်အမျိုးမျိုး ရှာပြီးထုတ်ပယ်ခံခဲ့ရသည့်ပုဂ္ဂိုလ်များရှိကြောင်း၊ ၎င်းတို့ကို အပြစ်ရှာခံထားရသည့်ကိစ္စများမှာ လည်းတာဝန်မှလပေါင်းများစွာ ကင်းကွာနေသည့်ပြစ်မှုလောက် မကြီးကျယ်ပါကြောင်း၊ ထို့ကြောင့် ထိုဆရာမများကို ဖိတ်ခေါ်သည့်အထဲတွင်ပါစေလိုကြောင်း၊ ပါ/မပါလည်း မိမိတို့ တိတိကျကျမသိရကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် ငြိစွန်းသည့် ဆရာမများလည်း ပြန်လျှောက်လို့ ရ/မရလည်း သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး၏ဆိုလိုရင်းကိုမသိရှိကြောင်း ပြန်လည်မေးမြန်းရာ ဒေါက်တာစိုးမြင့်ဦးက တာဝန်မှကင်းကွာသွားသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ် ခေါ်သည့်ကိစ္စကိုဆိုလိုကြောင်း၊ ယခင်ကပြစ်မှုကြီးကြီးမားမားမရှိဘဲ ထုတ်ပယ်ခံထားရသည့် ဆရာ/ဆရာမများကိုလည်း ဖိတ်ခေါ်သည့်အထဲတွင် ပါ/မပါ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့ထုတ်ပြန်ထားသည့်အထဲတွင် ထုတ်ပယ်ခံထားရသည့်သူများဟုမပါကြောင်း၊ ကင်းကွာသွားသည့်သူများသာပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ယခင်ကဆရာမတစ်ယောက်လည်းအငြိမ်းစားယူသွားပြီးမှ ပြန်၍အလုပ် ဝင်လိုသူဟုမိမိထင်ကြောင်း၊ ကိစ္စကိုလည်း သက်ဆိုင်ရာကို တင်ပေးလိုက်ကြောင်း၊ ထိုလမ်းကြောင်းအတိုင်းသက်ဆိုင်ရာသို့တင်ပါဟုပြောလိုကြောင်း၊ ထုတ်ပယ်ခံထားရသည့် သူများမပါ ကြောင်းပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာဒေါက်တာစိုးမြင့်ဦးက Social Media တွင် ပညာရေးဝန်ကြီး ဖရဲသီးစသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရကြောင်း၊ တချို့တွင် ပြစ်မှု၊ ပြစ်ဒဏ်မပေါ်လွင်သော်လည်း အတင်းအဓမ္မဆွဲသွင်းပြီးဖြုတ်ချခြင်းမျိုးများရှိကြောင်း၊ ထိုဆရာ မကိုလည်းတရားလွှတ်တော်ချုပ်ရုံးမှ စာချွန်တော်မင်းအာဏာဖြင့် ပြန်ပြီးတရားစွဲသည့်အခါ တွင် အနိုင်ရရှိသော်လည်း ပြန်ပြီးစစ်မည်ဟုဆိုကာ ပြန်လည်ဖြုတ်ထုတ်သည်များလည်းရှိကြောင်း၊ အငြိုးအတေးကြီးပြီးဆရာတစ်ယောက်ကိုလည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ ကာယကံရှင်ကပြစ်မှုမကျူးလွန် ကြောင်းပြောသော်လည်းမရဘဲထုတ်ပယ်လိုက်ကြောင်း၊ နောက်ဆုံးလုပ်ကြံခံရသည်အထိ အငြိုးအတေးကြီးကြောင်း၊ ထိုကိစ္စများသည် တရားမျှတမှုမရှိသကဲ့သို့ဖြစ်နေကြောင်း၊ ယင်းကိစ္စများကို မည်သို့လုပ်၍ရမည်ကိုသိလိုကြောင်း၊ ထုတ်ပယ် လိုက်သည့်အခါမှာလည်း အတော်ပင်မမျှမတဖြစ်နေကြောင်း၊ အကျိုးအကြောင်းခိုင်လုံစွာဖြင့် တင်ပြသော်လည်းထူးခြားမှုမရှိကြောင်း၊ ယခင်လူများဆုံးဖြတ်ထားသည်ကိုသာ ဥပဒေနှင့်ညီ သည်ဖြစ်စေ၊ မညီသည်ဖြစ်စေ ကာကွယ်ပြီးပြောဆိုနေသဖြင့် အချိန်ကုန်နေသောကြောင့် ကာယကံရှင်များအနေဖြင့် နစ်နာနေရကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကိုမိမိအနေဖြင့် ထပ်တင်ပါဟုပြောလိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ထိုကဲ့သို့သောကိစ္စမျိုး အမ်းမြို့အနီးအနားကရွာတစ်ရွာနှင့် ပတ်သက်၍မေးမြန်းဖူးကြောင်း၊ ယင်းရွာနှင့်ပတ်သက်ပြီး မည်သို့နစ်နာနေကြောင်း၊ ရွာသားများ နစ်နာနေကြောင်း၊ ယင်းနှင့်ပတ်သက်၍ အမှန်တကယ်မြေပြင်တွင်စုံစမ်းသည့်အခါ မြေပြင်တွင် သက်သေအထောက်အထားအရ ၂၀၀၇ ခုနှစ် ကတည်းကထိုရွာသည် မြေပြိုသဖြင့်ပြောင်းသွားကြကြောင်း၊ ထိုပြောင်းသွားသည့်နေရာကို တိုင်းစစ်ဌာနချုပ်ကရောက်သည့်အခါ စစ်မှုထမ်း များကိုနေရာချသည့်အချိန်တွင် စစ်မှုထမ်းဟောင်းများသည် ယင်းမြေပြိုသွားသည့်နေရာကို ၎င်းတို့ကနေရာယူကြောင်း၊ စစ်မှုထမ်းဟောင်းများရောက်လာပြီး လမ်းပေါက်သည့်အချိန်မှ တချို့ရွာသားများက ပြန်ရောက်လာသည်ကိုသိရကြောင်း၊ ယခုမိမိပြောလိုသည်မှာ ယင်းကိစ္စနှင့် ပတ်သက်၍စာထပ်တင်ပါဟုပြောလိုကြောင်း၊ တချို့ကိစ္စများသည် ပုဂ္ဂလိကပိုင်းဆိုင်ရာနှင့် ဌာနပိုင်းဆိုင်ရာထိခိုက်နိုင်ကြောင်း၊ ထိုကိစ္စများသည်မှန်၊မမှန်ဆိုသည်ကို မိမိတို့အောက်ခြေအထိလိုက်ပြီးမှသာ သိရမည်ဖြစ်ကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲကိုပြည်သူလူထု တစ်ရပ်လုံးကြည့်နေခြင်းဖြစ်၍ စွပ်စွဲခံရသူနှင့်စွပ်စွဲသူဘက်မှ မျှတရန်လိုကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲကို တချို့ပြည်သူများနားထောင်နေခြင်းကြောင့် ထိုကိစ္စသည် ဖြစ်နိုင်/ မဖြစ်နိုင်ဆင်ခြင်သည်ထက် လူသည်အကြားနှစ်ခုကြားသည့်အခါ ဦးနှောက်နှင့် ဆုံးဖြတ်ခြင်း ထက် နှလုံးသားနှင့်ခံစားတာများကြောင်း၊ နှလုံးသားနှင့်ခံစားတာများသောကြောင့် “မတရားဘူး” ဒါကတော့ ဖြစ်နိုင်တယ်ဆို၍ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Live လွှင့်ပြီး ပြော၍ရတိုင်းအခွင့်အရေးကို အသုံးမချသင့်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိတို့သတင်းစာရှင်းလင်းပွဲတွင် တင်ပြသည့်အခါ တချို့ဝန်ကြီးဌာနများက အရေးတယူဆောင်ရွက်ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်အပတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကဝန်ကြီး ကိုယ်တိုင် ချက်ချင်းချိတ်ဆက်ပြီး လျင်လျင်မြန်မြန်ဆောင်ရွက်ပေးကြောင်း၊ တချို့ဌာနများသည် တင်ပြစာတင်သော်လည်း မည်သို့မျှတုံ့ပြန်ခြင်းမျိုးမရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအားလုံးက အလေးပေးဆောင်ရွက်မှု ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စသည် ဝန်ကြီးဌာန၏လုပ်ဆောင်ရသည့်အလုပ်၊ ဦးစားပေးလုပ်ငန်းများ ပါ/မပါအပေါ်မူတည်လိမ့်မည်ဖြစ်ကြောင်း ဖြေကြားသည်။

အထူးဟစ်တိုင်သတင်းဌာနမှ သတင်းထောက်ဦးတင်နိုင်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုလက်ရှိ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် ပညာရေး၊ စီးပွားရေး ပါမကျန်အစစအရာရာ လုပ်ကိုင်ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ သို့သော် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွင်ဖြစ်ချင်တိုင်းဖြစ်နေကြောင်း၊ တစ်ဆိတ်ရှိရင်တပ်ကိုတိုင်လိုက်မည် စသည် ဖြင့် နေရာတကာ တပ်ကိုအားကိုးပြီးလုပ်ချင်တိုင်းလုပ်နေကြောင်း၊ ပြည်သူများကို မောက် မောက်မာမာဖြင့်ဆက်ဆံကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ပြည်သူများကို ၅၀၅ တပ်ပြီး ဖမ်းဆီးကာပိုက်ဆံများတောင်းကြောင်း၊ ပိုက်ဆံများတောင်းပြီး ပြန်လွှတ်ကြောင်း၊ ယင်းသို့လုပ်သည်များကို ပြည်သူများကမသိကြောင်း၊ နားလည်သူများက သက်ဆိုင်ရာကိုအကြောင်းကြားပြီး တပ်ကိုသတင်းပို့သည့်အခါ လက်ရှိတွင် သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိအောက်ခြေတွင်ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စသည် မည်သည့်နေရာတွင်ဖြစ်ကြောင်း ပြန်လည်မေးမြန်းရာ အထူးဟစ်တိုင်သတင်းထောက်ဦးတင်နိုင်ထွန်းက လက်ရှိဖြစ်နေသည်မှာ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်တွင်ဖြစ်ကြောင်း၊ လက်ရှိတွင်ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကိုတိုင်ပါဟု ပြောလိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရှိလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုတိုင်နိုင်ကြောင်း၊ ယင်းသို့တိုင်သည့်နေရာတွင် လူကိုယ်တိုင်သွားပြီး တိုင်ရန်မဟုတ်ကြောင်း၊ ၎င်းတို့၏ Website ကို လည်းဖွင့်ထားပြီးဖြစ်ကြောင်း၊ မည်သို့တိုင်ရမည်ကိုလည်းပြောထားပြီးဖြစ်ကြောင်း၊ အချက်အလက်များထည့်ပြီးတိုင်နိုင်ကြောင်း၊ တခြားကိုလည်းတိုင်ချင်ပါက သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

အထူးဟစ်တိုင်သတင်းဌာနမှ သတင်းထောက်ဒေါ်ခင်မီမီသက်က လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အဂတိမှုများ၊ မတရားမှုများစစ်ဆေးဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိရကြောင်း၊ သို့သော် ယခုလက်ရှိအွန်လိုင်းပေါ်တွင် တွေ့ရှိနေရသည့် သတင်းတစ်ခုအနေနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်၊ ခုနစ်မိုင်ချမ်းသာကျေးရွာ မိသားစုများ၏ ဆိုင်ခန်း ၆၁ ခန်းကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားစာများအပေါ်မှာ စစ်ဆေး ဆောင်ရွက်ခြင်းမရှိဘူးဟု တွေ့ရှိရကြောင်း၊ အလားတူအဖြစ်မျိုးကိုလည်း နေရာဒေသအများ အပြားတွင်တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးများအနေနှင့် ပြည်သူများ၏တိုင်ကြားစာများအပေါ် အောက်ခြေမှစစ်ဆေးတင်ပြချက်များကိုသာ စစ်ဆေးခြင်းမပြုဘဲ အောက်ခြေအထိကွင်းဆင်းစစ်ဆေးခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရ၏အုပ်ချုပ်မှုယန္တရားများအနေနှင့် အဆင့်ဆင့်အုပ်ချုပ်ရသည်ဖြစ်ကြောင်း၊ အထူးအရေးကြီးသည့်ကိစ္စဆိုလျှင် အထူးအရေးကြီးသည့်အလျောက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် လုပ်ထုံးလုပ်နည်းဘောင်ကိုကျော်ပြီး လုပ်စရာ အကြောင်းမရှိဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Top Phoenix Agency မှ သတင်းထောက်ဦးမင်းထွဋ်ဦးက စက်သုံးဆီဈေးနှုန်းမတည် မငြိမ်ဖြစ်နေသည်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း၊ ယမန်နေ့ကရန်ကုန်တွင် ဈေးနှုန်းတချို့ရှိပါကြောင်း၊ ယနေ့ဈေးနှုန်း တစ်လီတာကို ၃၅ ကျပ်ထိကွာသွားခြင်းရှိပါ ကြောင်း၊ စက်သုံးဆီဆိုင်အချို့ပိတ်နေပါကြောင်း၊ ဒီဇယ်မှအပ 92/ 95ပြတ်လပ်နေသဖြင့် မရောင်းချနိုင်ဟုဆိုပါကြောင်း၊ ယနေ့ ၁၂  နာရီအချိန်ကလှိုင်သာယာက Denko ဆီဆိုင်ကို မိမိတို့အဖွဲ့များ ဆီသွားထည့်သည့်အခါတွင် ယနေ့ဈေးနှုန်းအခြေအနေနှင့် မနက်ဖြန်တွင်လည်း ထပ်တက်မည်ဟုသိရပါကြောင်း၊ အောက်ခြေတွင်ဆိုင်များပိတ်နေသည်ကို ကော်မတီဖွဲ့ထားသည့်အဖွဲ့များ အောက်ခြေအထိဆင်းပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု မည်သို့ဆောင်ရွက် မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ကဖြစ်ပျက်သည်များကို ရန်ကုန်ကမိမိတို့ထံပြောခြင်းများရှိ ကြောင်း၊ တချို့ဓာတ်ပုံရိုက်ပြပါကြောင်း၊ တချို့ဆိုင်များသည် ဆိုင်းဘုတ်များ ရေးထားသည်များရှိကြောင်း၊ မည်သည့်ဆီမှမရတော့ပါဟုမိမိတို့တွေ့ပါကြောင်း၊ မိမိတို့စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စက်သုံးဆီကဏ္ဍနှင့်ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီဈေးနှုန်းဖြစ်ပါကြောင်း၊ စက်သုံးဆီပြည်တွင်းလိုအပ်မှု ပြတ်လပ်မှုမရှိစေရေး ကော်မတီများအနေနှင့် တင်သွင်း/ဖြန့်ဖြူး/ ရောင်းချမှုကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/ ရောင်းချ/ ဖြန့်ဖြူးရေးအသင်းနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်၏ ရက်ပေါင်းများစွာအတွက် နိုင်ငံတော်အရန်ဆီ သိုလှောင်ထားရှိပါ ကြောင်း၊ ဖြန့်ဖြူးနိုင်ပါကြောင်း၊ ဈေးနှုန်းပိုင်းတွင်ပြည်တွင်းသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် ပြည်ပကတင်သွင်းရပါကြောင်း၊ ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေးအပြောင်းအလဲအပေါ်တွင် မိမိတို့ပြည်တွင်းဈေးနှုန်းရိုက်ခတ်မှုရှိပါကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင် ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေးတော်တော်ပြောင်းလဲပါကြောင်း၊ ပြီးခဲ့သည့် မေ ၁ ရက်မှမေ ၁၉ ရက်အထိ ဆီတစ်စည်ကို ဒေါ်လာ ၂၀ ကျော်တက်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တက်သည့်ဈေးပေါ် တွင် လုပ်ငန်းရှင်များဈေးကစားခြင်းမရှိအောင် ဖြစ်သင့်ဖြစ်ထိုက်သည့် လက်လီဈေး၊ လက်ကားဈေးများကို သတင်းစာများတွင် နေ့စဉ်ကြေညာပေးနေပါကြောင်း၊ ဝယ်ယူသုံးစွဲရာတွင် အဆင်မပြေပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များ ထည့်ထားပါကြောင်း၊ မိမိတို့ကော်မတီများအနေဖြင့် ထိုသို့ဆောင်ရွက်နေကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဆက်လက်၍ Top Phoenix Agency မှ သတင်းထောက်ဦးမင်းထွဋ်ဦးက စက်သုံးဆီများ ဝယ်ယူဖြန့်ဖြူးရေးကို အုပ်စုတစ်စုတည်းကကြီးစိုးပြီး တင်သွင်းနေ၍သာ ဆီဈေးများ မတည် မငြိမ်ဖြစ်ရကြောင်း၊ အကယ်၍ အလားတူကုမ္ပဏီအသင်းအဖွဲ့များကို ယှဉ်ပြိုင်၍ ဈေးပြိုင်စနစ်ဖြင့်သွင်းမည်ဆိုပါက ဆီဈေးကျနိုင်သည်ဟုဆိုကြကြောင်း၊ ထိုအခြေအနေကို မည်သို့ဆောင်ရွက်မည်ကိုသိလိုပါကြောင်း မေးမြန်းသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်ကြီးပြောသကဲ့သို့ အသင်းအဖွဲ့ ဆိုသည်မှာအဆိုပါလုပ်ငန်းလုပ်သူအားလုံးသည် အဆိုပါအသင်းအဖွဲ့တွင် ပါဝင်ပါကြောင်း၊ တင်သွင်းနေသည့် လုပ်ငန်းရှင်များစွာရှိပါကြောင်း၊ သင်္ဘောတစ်စင်းကို လုပ်ငန်းရှင်သုံးလေးဦးစပ်၊ သင်္ဘောတစ်စင်းကို တစ်ဦးတည်းတင်သွင်းကြကြောင်း၊ ဈေးကစားမှုမရှိအောင် ကော်မတီအနေဖြင့်ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားသည်။    ။