၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

ဆက်လက်ပြီး တတိယပိုင်းအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်ကို ထည့်သွင်းပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးတည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း တည်ငြိမ်ရေးအတွက် ကဏ္ဍ သုံးပိုင်းခွဲ၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးတည်ငြိမ်ရေးကိုဆောင်ရွက်ရာတွင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးတည်ငြိမ်ရေးဆောင်ရွက်ရာတွင် မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်း ဆောင်ရွက်ရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု နှုန်း ရည်မှန်းချက်၊ သင့်တင့်သည့်ငွေကြေးဖောင်းပွမှုနှုန်းကို ရရှိစေမည့်သီးသန့်ငွေကြေးပမာဏကို ရည်မှန်းချက်သတ်မှတ်ထားရှိသည့် ငွေကြေးမူဝါဒ မူဘောင်ကိုချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေပေါ်တွင် အနိမ့်ဆုံးအတိုးနှုန်းနှင့်ချေးငွေအပေါ် အမြင့်ဆုံးအတိုးနှုန်းတို့ကို စုစုပေါင်း ၃ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ပေးခဲ့ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍအတွင်းငွေကြေးလုံလောက်မှုရှိရန်နှင့် ငွေကြေးလွယ်ကူမှုကို ပိုမိုထောက်ပံ့နိုင်ရန် ဘဏ်များမှမြန်မာကျပ်ငွေနှင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးသတ်မှတ်ချက်ကို ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင် နှုန်းသို့၊ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ အဆင့်ဆင့်လျှော့ချပေးခဲ့ပါကြောင်း။

ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုအခြေအနေကောင်းမွန်လာသည့် အခြေအနေအပေါ်မူတည်ပြီး ဗဟိုဘဏ်မှဖြေလျှော့ပေးနိုင်သည့်ကိစ္စရပ်များကိုစိစစ်ပြီး အများပြည်သူများ ငွေသားထုတ်ယူ ခြင်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ယခင်သတ်မှတ်ပမာဏ ငွေကျပ်သိန်း ၂၀ နှင့် ကျပ်သိန်း ၂၀၀ သတ်မှတ်ချက်ကို ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၊ အဖွဲ့အစည်း များအတွက်တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၁,၀၀၀ အထိ ထုတ်ယူ ခွင့်ကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ လက်ရှိတွင် လည်း ဘဏ်အချို့၌အပ်နှံထားသော ငွေသားများအားလုံး ပြန်လည်ထုတ်ယူနေနိုင်ပြီဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်အရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုများမှရငွေများ အပြည့်အဝရရှိရေးသည် အဓိကကျသည့်အချက်ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူက ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ယင်း၏ဘဏ်စာရင်းသို့နိုင်ငံခြားသုံးငွေနှင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်း။

၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည်ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့်နေ့မှစပြီး ခြောက်လအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေနှင့် မပျက်မကွက်ပြန်လည်ထည့်သွင်းစေရန်အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များပူးပေါင်းပြီး Power Point ပါအတိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ (က) AD လိုင်စင်ရဘဏ်များမှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း (သုံးနှစ်ကြာ ကာလအတွင်း)၊ (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း (ရက်ပေါင်း ၆၀)၊(ဂ) သတင်းစာများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် စာရင်းရှင်းလင်းရန် ကြေညာခြင်း(ရက်ပေါင်း ၆၀)၊ (ဃ) စာရင်းရှင်းလင်းမှုမရှိသူများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်း(ရက်ပေါင်း ၃၀)၊(င) ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီမှဦးဆောင်ပြီး ပို့ကုန်တင်ပို့သူများနှင့် အစည်းအဝေးငါးကြိမ်ပြုလုပ်ကာရှင်းလင်းဆွေးနွေးခြင်း စသည်တို့ဖြစ်ကြောင်း။

ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ ဖြစ်သည့် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ” ဟုဖော်ပြထားရှိပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဆိုသည့်ပြဋ္ဌာန်း ချက်များကိုလိုက်နာရမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီများကို အထက်အပိုဒ်ပါ အတိုင်းအကြောင်း ကြားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ အစည်းအဝေးများပြုလုပ်ပြီး ဆွေးနွေးခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ပြီးသော်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိဆဲ ကုမ္ပဏီ ၁၅၈ ခုရှိပြီး အဆိုပါကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်နေပြီး ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကိုလည်းအမည်မည်းစာရင်းထည့်သွင်းကြောင်းနှင့် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန်ကျန် ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိသည်ဟုကြေညာထားပါကြောင်း။

ငွေကြေးကိစ္စတည်ငြိမ်အောင် ဆောင်ရွက်နေသကဲ့သို့ အစိုးရအနေဖြင့် မြန်မာနိုင်ငံတော်ရွှေလုပ်ငန်းရှင်များအသင်းအား ရွှေဆိုင်ပိုင်ရှင်မဟုတ်သည့် ရွှေပွဲစားအချို့သည်ရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းဝယ်ခြင်းမပြုဘဲလမ်းဘေးတွင် အမှန်တကယ်ဖြစ်သင့်သည့် ဈေးထက်ပို၍ ဈေးခေါ်ရောင်းချခဲ့သည့်အတွက် ရွှေဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွှေဈေးနှုန်းဆက်လက်မြင့်တက်မှုမရှိစေရေးနှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းအဆမတန်မြင့်တက်မှုမရှိစေရေး၊ ကမောက်ကမမဖြစ်စေရေးနှင့်ဖြစ်သင့်သည့် ဈေးထက်ပိုမိုရောင်းဝယ်မှုမရှိစေရေးတို့အတွက် ရွှေရောင်းဝယ်မှုကို ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင်သာ ရောင်းဝယ်ခြင်းပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ စည်းကမ်းချက်နှင့်မကိုက်ညီဘဲ လိုင်စင်မဲ့လုပ်ကိုင်နေသူ ခုနစ်ဦးကို လည်းခေါ်ယူစစ်ဆေးလျက်ရှိကြောင်းကို အသိပေးလိုပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ပြည်ပထွက်ခွာမှုမပြုရန် အစိုးရကလုပ်ဆောင်နေသည်ဆိုသော ကောလာဟလများ ထုတ်လွှင့်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ ယင်းသတင်းများသည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဘဏ်များနှင့်ပတ်သက်ပြီး အခက်အခဲများရှိခဲ့ပါကြောင်း၊ ဘဏ်ကြီးအချို့ကို ဆက်လက်ရပ်တည်နိုင်ရေး အစိုးရအနေဖြင့် ကူညီပေးခဲ့ရပါကြောင်း၊ ဖြစ်ရသည့်အကြောင်းရင်း ထဲမှအဓိကအချက်မှာ စည်းကမ်းနည်းလမ်းမကျစွာ လုပ်ဆောင်ခဲ့သူများ၏ အကျိုးဆက်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်များစည်းစနစ်တကျဖြစ်ရေးဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုအထိ လည်းလုပ်နေရဆဲဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အများစုသည် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်မှုရှိကြပါကြောင်း၊ အများစုသည် ဘဏ်လုပ်ငန်းပိုင်ရှင်များလည်းဖြစ်ကြပါကြောင်း၊ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံကြရခြင်းများ၊ ဆွေးနွေးရခြင်းများရှိပါကြောင်း၊ ယင်းကို မျိုးစုံကောလာဟလ ထုတ်လွှင့်နေခြင်းဖြစ်ပါကြောင်း၊ လက်တွေ့တွင်လည်း ၎င်းတို့အနေဖြင့် ပြည်ပခရီးသွားလာမှုများရှိပါကြောင်း၊ နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍ စည်းကမ်းနည်းလမ်းမကျစွာ ဆောင်ရွက်နေမှုများ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်နေမှုများကို အစိုးရအနေဖြင့်ပြန်လည် တည့်မတ်လမ်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေရခြင်းမှာ နိုင်ငံတော်နှင့်ပြည်သူလူထု၏ အနာဂတ်အတွက်သာ ဖြစ်ပါကြောင်း၊ ယင်းကဏ္ဍများ၌ စည်းစနစ်တကျ ခိုင်ခိုင်မာမာဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကားပါးလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင်ယခု သတင်းစာရှင်းလင်းပွဲတွင်ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ (က)ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ (ခ) အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ခဲ့ရာတွင် လုပ်ငန်းစဉ် (၁)ဖြစ်သည့် “မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီလွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန်” တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုက်ရိုက်သက်ဆိုင်ပြီးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်းစဉ် (၁)ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များကို စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့်ကိန်းဂဏန်းအချက်အလက်များနှင့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်၊ မဲမသမာမှု၊ ဥပဒေ၊ နည်းဥပဒေနှင့်မညီသည့်ဆောင်ရွက်မှုအသေးစိတ်များကို ယခင်သတင်းစာရှင်းလင်းပွဲများတွင် ရှင်းလင်းတင်ပြ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင်၎င်းတို့ကို သင်ခန်းစာယူသုံးသပ်ပြီး နောင်ကျင်းပမည့်ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်များကို အကျဉ်းချုပ်တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ(၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ်စသည်များနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမပြုဘဲရှိကောက်စနစ်နှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော်(မဲဆန္ဒရှင်ပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါတွင် ပြင်ဆင်ထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာတွင် ကော်မရှင်က သတ်မှတ်ထားသည့် လူဦးရေပုံစံဇယားနှင့်အညီ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုထား သည့်လူဦးရေစာရင်းနှင့် လဝကမြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းကိုအခြေခံ ပြီးရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းတွင်ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို သက်ဆိုင်ရာဌာနအသီးသီး တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ထို့အပြင် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းမပြုမီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်ထွေအုပ်၊မြို့နယ်လဝက၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်ရမည်ဖြစ်ကြောင်း၊ အလားတူ မဲစာရင်းတွင်တိုးလာမည့် အမည် စာရင်းနှင့် လျော့သွားမည့် အမည်စာရင်းများကို ပုံမှန်စိစစ်ပြုစုပြီး နောင်ရွေးကောက်ပွဲများတွင် အသုံးပြုနိုင်ရန် သက်ဆိုင်ရာဌာနများက ပုံမှန်ပေးပို့လုပ်ဆောင်ရမည့်ပြဋ္ဌာန်းချက်များကိုလည်းထည့်သွင်း တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်- ၁၉ ရောဂါအကြောင်းပြပြီး အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးခွင့်ပြုခဲ့သည့်အတွက် ကြိုတင်မဲအရေအတွက်ပေါင်း ၆ သန်းခန့် မဲပေးသူပေါင်း၏ ၂၁ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း၊ ကြိုတင်မဲပမာဏ လွန်စွာများပြားခဲ့ပြီး ဥပဒေနှင့်အညီ စနစ်တကျ မဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်မဲကောက်ခံခြင်း၊ ကြိုတင်မဲပေးခြင်းများတွင် မဲမသမာမှုဖြစ်စဉ်များစွာဖြစ်ပေါ်ခဲ့ရ ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ကြိုတင်ဆန္ဒမဲပေး ခွင့်ရှိသည့်မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များကို တိကျစွာဖော်ပြထားပြီး ကြိုတင်ဆန္ဒမဲပေးရမည့်နည်းလမ်းများကိုလည်းသတ်မှတ်ထားကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်အထွေထွေရွေး ကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကိုသာစိစစ်ပြီး မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကိုဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်ပြီး ယခင်က ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက်အခြားမဲဆန္ဒရှင်များနှင့်ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နည်းဥပဒေပြင်ဆင်ပြီး ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့ရောက်ရှိရာ မဲဆန္ဒနယ်မဲစာရင်းတွင်ပါဝင်ရန် ပုံစံ( ၃-က )ဖြင့် လျှောက်ထားပြီး ဆန္ဒမဲပေးခွင့်ရရှိသည့် ကိစ္စဖြစ်ကြောင်း၊ ထိုသို့ခွင့်ပြုခဲ့သည့်အတွက် မဲစာရင်းများရှုပ်ထွေးပြီး ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများကကန့်ကွက်ခြင်းများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရက်ပေါင်း ၉၀ မဲဆန္ဒနယ်ပြင်ပရောက်အခြား မဲဆန္ဒရှင်များကိုခွင့်မပြုဘဲ မဲဆန္ဒနယ်ပြင်ပရောက်အခြား မဲဆန္ဒရှင်များသည် မိမိရောက်ရာဒေသတွင် ဆန္ဒမဲပေးလိုပါက မဲစာရင်းထည့်သွင်းခြင်းနှင့် စပ်လျဉ်းပြီးပါရှိရမည့် အထောက်အထားပုံစံများနှင့်အတူ ရောက်ရှိရာဒေသ၏ အိမ်ထောင်စု လူဦးရေပုံစံ(၆၆/၆)တို့ ပူးတွဲ ပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားမှသာသက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းတွင်ထည့်သွင်းပေးမည်ဖြစ်ပြီး မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။        

ဆက်လက်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအသီးသီးတွင် စုဝေးဟောပြောခြင်း၊ နိုင်ငံရေးပါတီများ၏ မူဝါဒလုပ်ငန်းစဉ်များကို နိုင်ငံပိုင် မီဒီယာများမှ ဟောပြော၊ ထုတ်လွှင့်ဖော်ပြခြင်းများဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြရာတွင် အခွင့်အရေးမညီမျှမှု၊ကန့်ကွက် တိုင်ကြားမှုများအပါအဝင် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့သည်များကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့်နောင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကဏ္ဍကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်နည်းဥပဒေများတွင် အသစ်ထပ်တိုးပြီး ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည်များကို စိစစ်သည့်အခါတွင်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟုတ်/မဟုတ်နှင့် အသက် ၁၈ နှစ် ပြည့်/မပြည့် စိစစ်၍မရသည့် နိုင်ငံသားစိစစ်ရေးကတ်/ လက်မှတ် တစ်မျိုး မျိုးမရှိသည့် မဲဆန္ဒရှင် ၄ ဒသမ ၈ သန်းကျော် မဲစာရင်းတွင်ပါရှိပြီး မဲပေးခဲ့သည်များ၊ မဲဆန္ဒရှင် မည်သူ မည်ဝါဖြစ်ကြောင်း အတည်ပြု၍ မရသည့် Voter Slip များ ကိုင်ဆောင်ပြသမဲပေးခဲ့သည်များတွေ့ရှိရပြီး ဥပဒေနှင့်မညီသည့် မဲပေးမှုဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲရုံမှူး (သို့မဟုတ်) ယင်းက တာဝန်ပေးထားသည့် မဲရုံအဖွဲ့ဝင်သည် မဲလက်မှတ်မထုတ်ပေးမီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မှန်/မမှန်ကို မဲစာရင်းပါ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်၊ မဲစာရင်းအမှတ်တို့နှင့် စနစ်တကျ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ လက်မှတ်ရေးထိုးစေ၍ မဲလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံပြီးညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲ ဒီဇိုင်းအပါအဝင် မဲဆန္ဒနယ်သတ်မှတ်ရေးကိစ္စများကို အစုအဖွဲ့အလိုက်စာတမ်းဖတ်ကြားခြင်း များဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဟောသိကံလေလွင့်ဆုံးရှုံးသည့်မဲများသည့် FPTP စနစ် အစား ရရှိသည့်ထောက်ခံဆန္ဒမဲအချိုးအစားအတိုင်း ရွေးကောက်တင်မြှောက်ခံရမည့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏စာတတ်မြောက်မှုအပါအဝင် ရွေးကောက်ပွဲအတွေ့အကြုံ တို့အရ ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List PR)ကို ကျင့်သုံးရန်နိုင်ငံရေးပါတီများက သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက် ရမည့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များပိုင်းခြားသတ်မှတ်ခြင်းနှင့် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်း/ဒေသတို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် သတ်မှတ်ချက်နှင့်အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီတင်မြှောက်ရာတွင် FPTP စနစ်ကိုသာယခင်အတိုင်းကျင့်သုံးရန်သဘောတူညီခဲ့ကြ ကြောင်း။

PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားပါတီများ၊ လူနည်းစုကိုယ်စားပြုပါတီငယ်များ အနေဖြင့် မိမိနယ်မြေဒေသအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ်မူတည်၍ ရွေးချယ်ခံရ သည့်အခွင့်အရေ ပိုမိုရရှိပြီး လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာများ အချိုးကျ ရရှိကာမိမိတို့လူမျိုးစုများနှင့် ဒေသအကျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြု စနစ် (PR) ကျင့်သုံးဆောင်ရွက်နိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာများ အလွန်များပြားသည့်ကိစ္စ ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၁)အရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများ၊ မဲလက်မှတ်များ စစ်ဆေးခြင်းအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ်များကို စစ်ဆေးဖော်ထုတ်ချက် အရထပ်မံတွေ့ရှိသည့် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှု များကိုလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အလားတူမဖြစ်စေရန်အတွက် မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအပါအဝင် ရွေးကောက်ပွဲနှင့်ပတ်သက်သူအားလုံးကို မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် ပြည်သူလူထုအသိပညာပေးခြင်း( Voter and Civic Education )များကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီ များစစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့်စာရင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေစာရင်း တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး / ပြည်နယ် အသီးသီးရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့အထိ ဆောင်ရွက်ပြီး ၃၃ မြို့နယ်၊ ဆောင်ရွက်ဆဲ ၂၆၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၂၈ မြို့နယ်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းပြီး ဆက်လက်တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီ၏ စာရင်းများကို စစ်ဆေးလျက်ရှိရာ လက်ရှိစစ်ဆေးရန်ကျန် ၁၀ ပါတီဖြစ်ပါကြောင်း၊ ၎င်းပါတီများအနက် တချို့ပါတီများ၏ စာရင်းများကို စစ်ဆေးရန်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်သွယ်မရဘဲ၊ တိမ်းရှောင်နေ သည့်ပါတီအချို့လည်းရှိကြောင်း၊ စစ်ဆေးရန်ကျန်သည့် တချို့ပါတီများအနေဖြင့် နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာအခက်အခဲရှိသည်ကို သိရသည့်အတွက် ယင်းပါတီနှင့်ဆက်လက်ညှိနှိုင်းပြီးစစ်ဆေးရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (က)နှင့်အညီ စစ်ဆေးခံရန်ကာလသတ်မှတ်၍ ညွှန်ကြားခဲ့သော်လည်း ထပ်မံပျက် ကွက်သည့်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ၂၄ (ဂ) အရ ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို (၁) နှစ် ယာယီရပ်ဆိုင်းရန်နှင့် ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကော်မရှင်ကညွှန်ကြားထားသော ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းများရပ်ဆိုင်းထားရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဃ) အရညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များနှင့် စစ်ဆေးတွေ့ရှိသည့် ချို့ယွင်းအားနည်းချက်များကို သုံးသပ်၍လည်းကောင်း၊ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးတွေ့ရှိချက်များ အရလည်းကောင်း၊ မြန်မာနိုင်ငံနှင့်သင့်လျော်သော ရွေးကောက်ပွဲစနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်မှ လုပ်ငန်းစဉ်(၁) ပါ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁)ပါ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)