၁၅ ပါးမြောက် သာသနာ့အာဇာနည်ပေါ်ထွန်းပြီ

ဇူလိုင် ၂၁

 

ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး၊ သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ် အာဂုံဆောင်ပုဂ္ဂိုလ်ထူး ဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက် သုံးရပ်ဖြင့် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီးကို သက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)မှ စတင်ကာ နှစ်စဉ်မပျက်ကျင်းပခဲ့ရာ ယခုအခါ (၇၂) ကြိမ်မြောက်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။ စတင်ကျင်းပခဲ့သည်မှ နှစ်ပေါင်း ၇၂ နှစ်အတွင်း ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သော သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာခဲ့ရာ ပထမဦးဆုံး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသမှသည် ယခုနှစ် စာမေးပွဲတွင် ပေါ်ထွန်း လာသည့် အရှင်ပညာဝံသာဘိဝံသ အထိ သာသနာ့အာဇာနည် ၁၅ ပါးအထိ ပေါ်ထွန်းခဲ့ပြီဖြစ်သည်။

 

ဗုဒ္ဓဘုရားရှင် ၄၅ ဝါပတ်လုံး ဟောကြားခဲ့သည့် တရားတော်များမှာ “တိပိဋက” ခေါ် “ပိဋကတ်သုံးပုံ” ဖြစ်ပြီး ထိုတရားတော်များအားလုံးကို နှုတ်ငုံဆောင် အလွတ်ရနေသည့် ထေရ်အရှင်များမှာ “တိပိဋကဓရ” ခေါ် ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်များပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး စတင်ကျင်းပခဲ့သည့် ၁၃၁ဝ ပြည့်နှစ်မှစတင်၍ ပိဋကသုံးပုံ နှုတ်ငုံဆောင် နိုင်သည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးကြီးများ ပေါ်ပေါက်ခဲ့ရာ (၁) မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ (၁၂၇၃-၁၃၅၄)၊ (၂) ပခုက္ကူ ဆရာတော် အရှင်နေမိန္ဒ (၁၂၈၉-၁၃၅၃)၊ (၃) ပြည် ဆရာတော်အရှင်ကောသလ္လ (၁၂၈၉-၁၃၅၇)၊ (၄) မဟာဂန္ဓာရုံ ဆရာတော်အရှင် သုမင်္ဂလာလင်္ကာရ (၁၃၀၈-၁၃၆၈)၊ (၅) ယော ဆရာတော် အရှင်သိရိန္ဒာဘိဝံသ (၁၃၀၄-)၊ (၆) ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသ (၁၃၁၆- )၊ (၇) မော်ကျွန်းဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ (၁၃၂၅- )၊ (၈) မြင်းမူဆရာတော် အရှင် ဝံသပါလာလင်္ကာရ (၁၃၂၇-)၊ (၉) မြင်းခြံဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ (၁၃၂၉-)၊ (၁၀) စွန်းလွန်းဆရာတော် အရှင်သုန္ဒရ (၁၃၁၇- )၊ (၁၁) ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ (၁၃၂၂-)။ (၁၂) စစ်ကိုင်းဆရာတော် အရှင်အဘိဇာတာဘိဝံသ (၁၃၃၀-)၊ (၁၃) ဘုတလင်ဆရာတော် အရှင်ဣန္ဒာစရိယ(၁၃၂၆-)၊ (၁၄) ကမ္ဘောဇ ဆရာတော်အရှင်ဝိရိယာနန္ဒနှင့် (၁၅) ကျောက်ပန်းတောင်း ဆရာတော် အရှင်ပညာဝံသာဘိဝံသတို့ ဖြစ်ကြသည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး ၁၅ ပါးမျှသာ ပေါ်ထွန်းခဲ့ခြင်းက ပိဋကသုံးပုံ တရားတော်တို့ကို နှုတ်ငုံဆောင်ကာ သဘောတရားတို့ကိုပါ နားလည်ကြေညက်ရန် ခက်ခဲလှခြင်းကြောင့် ဖြစ်သည်။

 

တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အာဂုံပြန်ဆိုခြင်း ၅ ဆင့်နှင့် သဘောရေးဖြေခြင်း ၅ ဆင့်တို့ကို ဖြေဆိုကြရာတွင် ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်ပေါင်း ၂၀ မှ စာမျက်နှာပေါင်း ၈၀၀၀ ကျော်ကို အာဂုံပြန်ဆိုကြရပြီး ယင်းကျမ်းများ၏ အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသည့်ကျမ်းစာအုပ် ၁ဝဝ ကျော်မှ သဘောရေးဖြေကြရခြင်းဖြစ်သည်။ စာမေးပွဲကာလမှာ အာဂုံပြန်ဆိုခြင်းနှင့် သဘောရေးဖြေခြင်းတို့ကို အောင်စာရင်းထုတ်ပြန်သည်အထိ ၃၃ ရက်ကြာမြင့်သည်။ ယင်းသို့ ခက်ခက်ခဲခဲဖြေဆိုရသည့် စာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်များ ပေါ်ထွန်းလာရခြင်းမှာ တွေ့ကြုံရခဲသည့် ဒုလ္လဘအာဇာနည်ထူးများကို ဖူးတွေ့ရခြင်းပင်ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသာသနာတော်အတွင်း သာသနာ့ဝန်ထမ်း ရဟန်းတော် အရှင်မြတ်တို့၏ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာသုံးရပ်ကို အဓွန့်ရှည်တည်တံ့ရေး ကြိုးပမ်းထမ်းဆောင်တော်မူကြသလို လူ့ဘောင်ဘဝမှ ဒါယကာ ဒါယိကာမ အပေါင်းတို့ကလည်း ချီးမြှောက်ပူဇော်ခြင်းအားဖြင့် သာသနာတော်ကြီး တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ ပေါ်ထွန်းနေခြင်းသည် ကြုံရခဲသည့် အဖြစ်ထူးပင် ဖြစ်သကဲ့သို့ ယင်းသို့သော သာသနာ့ အာဇာနည်ပုဂ္ဂိုလ်ထူးများ ပေါ်ထွန်းစေရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ရခြင်းသည်လည်း ပြုခွင့်ရခဲသည့် ဒုလ္လဘကုသိုလ်ထူးဟူ၍ ဝမ်းမြောက်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း