(၁၅ ကြိမ်မြောက်) ဗုဒ္ဓဂယာမဟာကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များနှင့် သီလရှင်များအား အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပန္နရသမ အကြိမ် (၁၅ကြိမ်မြောက်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဂယာမြို့၊ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည်များ တက်ရောက်ကြပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ၊ ကုသိနာရုံမြို့၊ ကုသိနာရုံကျောင်းတိုက်မှ ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဉာဏိဿရနှင့် ဂယာမြို့၊ ဗုဒ္ဓဂယာမြန်မာ ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္တတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းသော အလှူငွေများကို ကျောင်းနေသံဃာတော်၊ သီလရှင်နှင့် ပညာသင်သံဃာတော်၊ သီလရှင် ၅၆၄ ပါးတို့အား သံဃာတော်တစ်ပါးလျှင် ရူပီး ၁၀၀၀ ၊ သီလရှင်တစ်ပါးလျှင် ရူပီး ၁၀၀၀ နှင့် ကိုရင်တစ်ပါးလျှင် ရူပီး ၅၀၀ နှုန်းဖြင့် စုစုပေါင်း ရူပီး ၅၁၆,၀၀၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်များနှင့် သီလရှင်တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ နိုဝင်ဘာ ၂၈ ရက်တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဉယျာဉ်ရှိ လုမ္ဗိနီမြန်မာရွှေကျောင်းတော်ကြီးသို့ သွားရောက်၍ နှစ်ထပ်တည်းခိုဆောင်၊ ဆွမ်းစားဆောင်၊ သုံးထပ်တည်းခိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး မြန်မာဘုရားဖူး ခရီးသည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ အစားအသောက်များသန့်ရှင်းရေး ဆွေးနွေးညှိနှိုင်း၍ လုမ္ဗိနီမြန်မာ ရွှေကျောင်းတော်ကြီးတွင် သာသနာပြု တာဝန်ထမ်းဆောင်နေသော ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဂယာမြို့မှ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်