(၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မီဒီယာအချို့၏ စကားသံများ

Ms. Samreen Khan Ghauri 
MultiMedia Journalist
ပါကစ္စတန်နိုင်ငံ

mdn

ဒီခရီးစဉ်ကတော့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်၊ တည်းတဲ့ ဟိုတယ်၊ အစည်းအဝေးကျင်းပတဲ့ နေရာတွေလောက်ပဲ ရောက်ဖြစ်တာ များပါတယ်၊ အခြားနေရာတွေကို လေ့လာဖို့ အချိန်ပိုကလည်း နည်းပါတယ်၊ ဒါပေမယ့် အမျိုးသားပြတိုက်နဲ့ အခြားနေရာအချို့ကို လေ့လာခွင့်ရခဲ့ပါတယ်၊ ကျွန်မလေ့လာရသလောက် First impression ကတော့ မြန်မာနိုင်ငံက လှတယ်၊ လူမျိုးတွေကလည်း ချစ်စရာကောင်းတယ်၊ ဒီ (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဂျာနယ်လစ်တွေကို ဒီထက်ပိုပြီး အခွင့်အရေးပေးသင့်တယ်လို့ မြင်တယ်၊ ကျွန်မတို့ ဂျာနယ်လစ်တွေ တကယ်သိချင်နေတာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပကတိအခြေအနေတွေပါ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရချင်နေတာပါ၊ တစ်ကမ္ဘာလုံးကလည်း အဲဒီအဖြေကို ရှာဖွေနေကြတာပါ၊ ဒါပေမယ့် ဒီအစည်းအဝေးမှာ အဲဒါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရတာ နည်းပါတယ်၊ ဒီနေ့ မီဒီယာတွေ့ဆုံပွဲမှာလည်း မေးခွန်းတွေ မေးဖို့ပေးတဲ့ အချိန်ကနည်းတယ်၊ ကျွန်မမှာ မေးခွန်းတွေရှိနေပေမယ့် မေးဖို့အခွင့်အရေးလည်း မရခဲ့ပါဘူး။

Ms.Sharada Balasubramanian
Independent Journalist (အိန္ဒိယနိုင်ငံ)

mdn

မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက လှပတယ်၊ လူမျိုးတွေကလည်း ဖော်ရွေပါတယ်၊ (၁၁)ကြိမ်မြောက် အာရှ - ဥရောပ ဂျာနယ်လစ် Seminor ကိုလည်း တက်ရောက်ဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်၊ အလုပ်ရုံဆွေးနွေးပွဲတွေလည်း တက်ရောက်ခွင့်ရခဲ့သလို မတူညီတဲ့ ကမ္ဘာ့နေရာတွေက ဂျာနယ်လစ်တွေ အများအပြားနဲ့လည်း တွေ့ဆုံ ခင်မင်ခွင့်ရခဲ့ပါတယ်၊ ကျွန်မအတွက် အခက်အခဲကို ပြောမယ်ဆိုရင်တော့ အင်္ဂလိပ်စကားမပြောတတ်တဲ့ အချို့လူတွေနဲ့ ဆက်ဆံရတာ အခက်အခဲရှိပါတယ်၊ ဒါက အဆင်မပြေပါဘူး။

Mr. Alberto Masegosa
Spain's International News Agency

mdn

ကျွန်တော့်အတွက်တော့ ဒါက မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်၊ မြန်မာလူမျိုးတွေက ရိုးသားပြီး ခင်မင်နှစ်လိုဖွယ် ကောင်းကြတယ်၊ အခု အစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီလို အစည်းအဝေးတစ်ခုကို ကျင်းပရတာ တကယ်တော့ မလွယ်ပါဘူး၊ တကယ် အားထုတ်ထားတာလည်း တွေ့ရပါတယ်၊ ဒီလို မလာခင်က ဗီဇာရဖို့ အခက်အခဲ အနည်းငယ် ရှိတာလွဲလို့ ကျန်တာ ကျွန်တော့်အတွက် အခက် အခဲမရှိပါဘူး။

Mr.Bent Skjaerstad 
Foreign Affairs Correspendent 
(နော်ဝေနိုင်ငံ)

mdn

ကျွန်တော့်အတွက်တော့ မြန်မာနိုင်ငံကိုရောက်တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး၊ ဒီတစ်ခါနဲ့ ဆိုရင်ဆယ်ကြိမ်ထက် မနည်းတော့ဘူး၊ လာရောက်တဲ့ အချိန်တိုင်းမှာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီး တွေ့မြင်လာရပါတယ်၊ ဒါဟာ ကောင်းပါတယ်၊ ဒီလို (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်တာ ဂုဏ်ယူစရာ ကောင်းပါတယ်။

တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့