(၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများ မေးမြန်း

ဦးမြင့်ကျော် (မြန်မာသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်)

ဒီနေ့ ဆွေးနွေးတဲ့ခေါင်းစဉ်က မီဒီယာဟာ ပညာပေးသူ၊ တစ်နည်းအားဖြင့် သင်ကြားပြသပေးသူပါ။ ဒါပေမယ့် ဆရာတော့မဟုတ်ပါဘူး၊ မူရင်းမီဒီယာရဲ့ တာဝန်ထဲမှာလည်း ပညာပေးရန်ဆိုတဲ့ အချက်တစ်ချက်ပါပါတယ်။ ပညာဘာလို့ပေးရ သလဲဆိုရင် တချို့သောကိစ္စတွေမှာ ပရိသတ်က ရှင်းရှင်းလင်းလင်း နားလည်အောင် တစ်ခါတလေသင်တဲ့ သဘောလေးပါတယ်။ တက္ကသိုလ်တွေ၊ ကျောင်းတွေက ဆရာ ဆရာမတွေလို သင်ကြားပို့ချတာ မဟုတ်ပေမယ့် ဥပမာ ကျန်းမာရေး၊ လူ့အခွင့်ရေးအပိုင်းတွေမှာ ပြည်သူတွေ နားလည်လာအောင် ပညာပေးရတဲ့ အပိုင်းလေးတွေ ပါလာပါတယ်။

ဒီလို အပိုင်းတွေဆို ပညာပေးသူ မီဒီယာကိုယ်တိုင်က ကိုယ်တိုင်နား လည်အောင်၊ အိမ်စာကျေအောင် လုပ်ရပါတယ်။ ပြီးတော့ပရိသတ်ကို ပြန်ပေးရတယ်၊ ဆရာလုပ်တာမျိုး မဖြစ်စေဘဲ ပရိသတ်က သိသင့်တဲ့ အတိုင်းတာကို ရှင်းပြတာမျိုး၊ နားလည်အောင်လုပ်ပေးရတဲ့ သဘောမျိုးပါ။ ဒါတွေကိုဆွေးနွေးကြတာပါ။ တချို့က မီဒီယာဆိုတာ ဖြစ်နေတာကို တင်ပြရုံ ပဲလို့ဆိုပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လိုစဉ်းစားပါ၊ ဘာတွေဖြစ်နေတယ်ဆိုတာ တင်ပြတယ်၊ ဘာတွေလုပ်ပါ ဆိုတာကတော့ မီဒီယာအလုပ် မဟုတ်ဘူး။ အားလုံးဒီလိုပဲ စဉ်းစားကြဆိုပြီး မီဒီယာက အဲဒီလိုမလုပ်သင့်ဘူး။ ဒါကိုအားလုံးကလည်း လက်ခံသဘော တူကြပါတယ်။ ဒါပေမယ့် ပြည်သူကိုတော့ အချက်လက်စုံပေးဖို့၊ ပညာပေးဖို့ အပိုင်းပါပါတယ်။

နိုင်ငံတကာက အကြောင်းအရာ အလိုက်ဖြစ်စေ၊ အတွေ့အကြုံအလိုက်ဖြစ်စေ ကောင်းတာရော ဆိုးတာပါ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာယူ လို့ရတယ်။ သူတို့တွေ ဘယ်နားရောက်နေပြီလဲ။ ကျွန်တော်တို့ ဘာတွေ လိုအပ်နေသေးလဲဆိုတာ စသဖြင့် လေ့လာခွင့်၊ သိရှိခွင့်ရတဲ့အတွက် အကျိုးအမြတ်ရှိတယ်လို့ မြင်ပါတယ်။ ပြီးတော့ သူတို့ဆီမှာ ဘယ်လိုမူဝါဒတွေ ဥပဒေတွေရှိတယ်၊ ဒါမျိုးတွေဖလှယ်ခွင့်ရတာ ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။

မြန်မာနိုင်ငံ မီဒီယာဖွံဖြိုးတိုးတက် ဖို့ဆိုရင် ကျွမ်းကျင်မှုအပိုင်းတွေ၊ သတင်းစာပညာ သင်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ လိုမယ်၊ ဒါတွေ အားနည်းနေသေးတယ်။ အခုရှိတဲ့ အရေအတွက်နဲ့ တကယ်လေ့လာသင်ယူချင်တဲ့သူတွေ လက်လှမ်းမီနိုင်ဖို့ သင်တန်းတွေနည်း နေသေးတယ်။ ဒါက တစ်ပိုင်း။ လွတ်လပ်တဲ့မီဒီယာပဲ ဆိုဆို၊ ပုဂ္ဂလိက မီဒီယာတွေ ရေရှည်ရပ်တည်နိုင်ဖို့ မူဝါဒဥပဒေတွေလိုတယ်။ ဈေးကွက် စီးပွားရေးအရ မြန်မာနိုင်ငံရဲ့ ကြော်ငြာပမာဏက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်အပုံတစ်ရာမှာ တစ်ပုံလောက်နည်းနေတော့ ဝင်ငွေအဆ များစွာကွာနေပါတယ်။ မီဒီယာက ဝင်ငွေနည်းတော့ ရုံးခွဲတွေ အားနည်း၊ ဝန်ထမ်းတွေ၊ သတင်းထောက်တွေ မခန့်နိုင်စတဲ့ ရပ်တည်ရေး ဒါတွေကတစ်ပိုင်း၊ ဒီလိုအားနည်း ချက်လေးတွေရှိတဲ့အတွက် အစိုးရအနေနဲ့ ထောက်ပံ့ပေးဖို့ တိုက်တွန်းချင် ပါတယ်။ သတင်းပညာကို တကယ်လေ့လာချင်တယ်ဆိုရင် ဆယ်လသင်တန်း၊ တစ်နှစ်သင်တန်း ဒါမျိုး လေးတွေ လုပ်ပေးစေချင်တယ်။

Ms.Samreen Khan Ghauri
Multimedia Journalist
ပါကစ္စတန်နိုင်ငံ

ဆွေးနွေးပွဲက ကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အာရှ-ဥရောပမှာရှိတဲ့ သတင်းစာဆရာတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ကို ရရှိခဲ့ပါတယ်။ Code of Conduct တွေ Freedom of Expression တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့ အာရှ-ဥရောပ သတင်းစာဆရာတွေဟာ ကိုယ့်အတွေ့အကြုံတွေကို ဆွေးနွေးပွဲမှာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါတယ်။ အာရှ-ဥရောပ Media Network အနေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံကို အခုမှ ပထမဆုံးရောက်ဖူးတာပါ။ အခုခရီးစဉ်မှာ မြန်မာတွေရဲ့ ရင်းနှီးနွေးထွေးမှုကို တွေ့ရပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာသတင်းစာဆရာတွေလည်း ပါဝင်ဆွေးနွေးကြတဲ့အတွက် မြန်မာမီဒီယာကဏ္ဍနဲ့ ပတ်သက်ပြီးလည်း သိရှိခဲ့ရပါတယ်။ ကျွန်မအမြင်ကတော့ မြန်မာမီဒီယာကဏ္ဍက တချို့နေရာတွေမှာ လိုအပ်ချက်တွေရှိနေပေမယ့် တိုးတက်မှုရှိတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကိုလည်း သိရှိရပါတယ်။ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်အရေးကိစ္စကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့လည်း ထင်မြင်မိပါတယ်။

Ms. SharadaBalasubramanian
Independent Environmental & Development Journalist 
အိန္ဒိယနိုင်ငံ

ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲကို လာရောက်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျွန်မ မြန်မာနိုင်ငံကို ခြေချတာနဲ့သိလိုက်ရတာက မြန်မာလူမျိုးတွေဟာအလွန်ကို ကြင်နာကြပြီးတော့ နွေးထွေးဖော်ရွေစွာနဲ့ ဂရုစိုက်ကြပါတယ်။ (၁၁)ကြိမ်မြောက် အာရှ-ဥရောပသတင်း စာဆရာများ နှီးနှောဖလှယ်ပွဲဟာ ကောင်းမွန်တဲ့ လမ်းစဉ်တစ်ခုလဲဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံက လူတွေအများကြီးနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး နိုင်ငံပေါင်းစုံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ် တွေကိုနားလည်ဖို့နဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးခွင့်ရတာဟာ တကယ်ကို ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနဲ့အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာနဲ့အညီ နှစ်နိုင်ငံဆက်ဆံရေးလည်း ကောင်းမွန်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေဟာ မကြာသေးမီကမှ မြန်မာနိုင်ငံကိုလာရောက်ပြီး တွေ့ဆုံဆွေး နွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ မြန်မာနဲ့အိန္ဒိယ နိုင်ငံဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှုရှိပြီးတော့ ကောင်းမွန်ခိုင်မြဲတဲ့ ဆက်ဆံရေးလို့ ပြောချင်ပါတယ်။

ကမ္ဘာ့အဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်တွေကို ဖော်ဆောင်နေတာနဲ့အညီ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုကတော့ ရှိပါတယ်။ ဒါပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှုတွေအပေါ် အခြေခံပြီးတော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေကို ဖော်ဆောင်တဲ့နေရာမှာ မြန်မာနဲ့ အိန္ဒိယနိုင်ငံ အပါအဝင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူညီနိုင်မယ်တော့ မထင်ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သူ့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့သူ အကောင်အထည် ဖော်နေတာတွေတော့ ရှိပါတယ်။ ဒီအကောင်အထည် ဖော်နေမှုအပေါ် ဘာမှတိုးတက်မှုမရှိဘူးလို့ ပြောလို့မရပါဘူး။ သူ့ဟာနဲ့သူကတော့ တိုးတက်မှုတွေရှိပါတယ်။ အစိုးရပိုင်းမှာလည်း သူ့ဟာနဲ့သူဦးစား ပေးလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေရှိပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်တဲ့ နေရာမှာ အိန္ဒိယနိုင်ငံမှာလည်း သူ့ပြဿနာနဲ့သူရှိသလို မြန်မာနိုင်ငံမှာလည်း သူ့ပြဿနာနဲ့သူရှိပါတယ်။ မီဒီယာတွေအတွက်တော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်လာပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ နှေးနှေးနဲ့မှန်မှန် ဖြစ်ပေါ်နေပါတယ်။ လာမယ့် ၂ဝ၃ဝ ပြည့်နှစ်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေ အကောင်အထည်ဖော်မှုဟာ အကျိုးဖြစ်ထွန်းလာမယ့် ရလဒ်တွေ ဆောင်ကြဉ်းလာမယ်ဆိုတာ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံ မီဒီယာကဏ္ဍဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိပေမယ့် လွန်ခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ သိလိုက်ရတာက မြန်မာနိုင်ငံက ဂျာနယ်လစ်တွေဟာ Proactive ဖြစ်လာကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ဟာစိတ်ဝင်စား ဖွယ်ကောင်းတဲ့ကိစ္စတွေမှာ အရေးကြီးတဲ့ မေးခွန်းတွေအမြောက်အမြား မေးမြန်းလာကြတာကို တွေ့ရပါတယ်။

ကျွန်မအနေနဲ့ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီးတော့ နောက်ခံ သမိုင်းကြောင်း အခြေအနေကိုမသိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Mr. AKM Moinddin
Special Correspondent ,UNB
ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ကျွန်တော့်အနေနဲ့ ရန်ကုန်ကိုတော့ အကြိမ်ပေါင်းများစွာရောက်ဖူးပေမယ့် နေပြည်တော်မှာကျင်းပတဲ့ (၁၁) ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာတာ ဒါဟာပထမဆုံး အကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အလွန်ကိုလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီနေရာကိုလာရတာအလွန် ဝမ်းသာပါတယ်။ နေပြည်တော်ကလည်း အလွန်ကိုသန့်ရှင်းပြီးတော့ ပြည်သူတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဟာအိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှုကိုလည်း သဘောကျပါတယ်။

အာရှ-ဥရောပက ဂျာနယ်လစ်တွေ လာရောက်ပြီးဆွေးနွေးတဲ့အတွက် ဒီအစည်းအဝေးဟာ အလွန်ကိုအရေး ကြီးပါတယ်။ အာရှ-ဥရောပ နိုင်ငံတွေက ဂျာနယ်လစ်တွေနဲ့ ကျွန်တော်တို့ အတူတကွလုပ်စရာတွေအများကြီး သိခဲ့ပါတယ်။ အခုလို ဂျာနယ်လစ်တွေ အတူတကွလာ ရောက်ဆွေးနွေးမှု ဖြစ်စဉ်က တိုးတက်မှုတွေကိုပိုမိုဖွံ့ဖြိုး အောင်လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီမူဝါဒလမ်းစဉ်တွေကိုအခြေခံပြီး အကျိုးကျေးဇူးတွေရရှိဖို့နဲ့ ရည်မှန်းရာ ပန်းတိုင်ကိုရောက်ဖို့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေအပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေက အတူတကွ ဖော်ဆောင်ရမှာဖြစ်ပါတယ်။

လူတွေကိုပညာပေးဖို့ မီဒီယာရဲ့ အခန်းကဏ္ဍဟာအလွန်ကို အရေးပါပါတယ်။ မှန်မှန်ကန်ကန်နဲ့ ဘက်လိုက်မှုမရှိဘဲ ကျင့်ဝတ်တွေနဲ့အညီ လူသားတွေအတွက် သတင်းတွေရေးသား ဖော်ပြရမှာပဲဖြစ်ပါတယ်။ သတင်းတွေကို မှန်မှန်ကန်ကန်ရေးသားပြီး ပြည်သူတွေကို စိတ်ဝင်စားစေရပါမယ်။ ခေါင်းဆောင်တွေရဲ့ အတွေး အမြင်တွေကို ပြည်သူကိုချပြပြီး ခေါင်းဆောင်နဲ့ ပြည်သူကြားပေါင်းကူးပေးရမှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း-ကိုမင်း၊ ခင်စုစုလှိုင်၊ ဟန်နီဝင်း၊ တင်လင်းအောင်၊ ဇင်ဦး
ဓာတ်ပုံ-ဇင်ဦး(မြန်မာ့အလင်း)