(၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများအား  မေးမြန်း

(၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပလျက်ရှိသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများ၏ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု၊ မြန်မာ့မီဒီယာအခင်းအကျင်း၊ ရခိုင်မြောက်ပိုင်းအရေးနှင့် အစိုးရ၏မီဒီယာဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်အမြင်များအပေါ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Mr. Vasil Stefanov
Communications Executive
Education Department, Asia-Europe Foundation (ASEF)

mdn


အာရှနဲ့ဥရောပနိုင်ငံတွေက သတင်းသမားတွေအားလုံး တက်ရောက်နိုင်အောင် ဒီလိုပွဲမျိုးကျင်းပပေးနိုင်ခြင်းဟာ မြန်မာနိုင်ငံအတွက် ရတောင့်ရခဲတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်၊ ဒီနှီးနှောဖလှယ်ပွဲကနေ မီဒီယာနယ်ပယ်မှာ သာမက စီးပွားရေး၊ လူမှုရေးနဲ့နိုင်ငံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ နယ်ပယ်တွေမှာပါ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးက တက်ရောက်လာသူတွေရဲ့အမြင်နဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြမှာဖြစ်တဲ့အတွက် ပါဝင်တက်ရောက်သူတွေရော မြန်မာနိုင်ငံအနေနဲ့ပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီပွဲကနေ အပြန်အလှန်နားလည်မှုနဲ့ တက်ရောက်သူတွေအကြား ချိတ်ဆက်မှုတွေမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ပသတင်းသမား ၂၄ ဦးနဲ့ မြန်မာနိုင်ငံက သတင်းသမား ၁၂ ဦးတို့ အမြင်ချင်းဖလှယ်ကြရာမှာ မြန်မာနိုင်ငံက သတင်းသမားတွေက ၎င်းတို့အမြင်တွေကို ဆွေးနွေးကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိခဲ့တဲ့ သတင်းသမားတွေအတွက် အခွင့်အလမ်းတစ်ရပ် ရရှိလာမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အဖွဲ့ဝင် ၅၁ နိုင်ငံအတွက် အစိုးရအချင်းချင်းကြား ပေါင်းကူးပေးနိုင်ပါတယ်။ ဒါ့ပြင် အစိုးရ အဖွဲ့အစည်းတွေသာမက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ အတူတကွ တွေ့ဆုံဆွေးနွေးနိုင်အောင် ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Mr. Yermi Brenner
သတင်းစာဆရာ

mdn


ဒီပွဲကနေ ကျွန်တော့်ရဲ့လုပ်ငန်းသဘာဝကို ကျွန်တော်ရှင်းပြပြီးတော့ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နဲ့ ကျွန်တော့်အလုပ် ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ တင်ပြခဲ့ပါတယ်။ SDG ရဲ့ အဓိပ္ပာယ်ကတော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်က သတင်းစာဆရာ တစ်ဦးဖြစ်တဲ့အတွက် အစိုးရဌာနတွေမှာ လုပ်ဆောင်တာမဟုတ်ဘဲ ပြည်သူလူထုကြား ဖြစ်ပျက်မှုတွေကို ရေးသားဖော်ပြနေပါတယ်။ ဒီဖြစ်ပျက်မှုတွေကလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။ ဒီလို နိုင်ငံပေါင်းစုံက သတင်းစာဆရာတွေ နေရာတစ်နေရာမှာ လာရောက်တွေ့ဆုံပြီး အမြင်ချင်းဖလှယ်နိုင်ဖို့၊ ပွဲတစ်ပွဲကျင်းပနိုင်ဖို့က အလွန်ခက်ခဲတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ ဒီလိုဆွေးနွေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး လုပ်ငန်းအခြေအနေနဲ့ လုပ်ငန်းနယ်ပယ်တွေကို တစ်ဦးနဲ့တစ်ဦး သိရှိကြမှာ ဖြစ်ပါတယ်။ လာရောက်တဲ့ ပြည်ပသတင်းစာဆရာတွေကလည်း မြန်မာနိုင်ငံရဲ့အကြောင်း သိရှိခွင့်ရလာမှာ ဖြစ်ပါတယ်။

ကျွန်တော်က မြန်မာနိုင်ငံနဲ့ အတော်အနေဝေးတဲ့အပြင် ကျွန်တော့်ရဲ့ လုပ်ငန်းသဘာဝကလည်း ဒုက္ခသည်အရေးကိုသာ ဇောင်းပေးထားတဲ့အတွက် ရခိုင်အရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုတော့ ကျွန်တော် ဂဃနဏ မသိနိုင်ပါဘူး။ ကျွန်တော်ဒီနိုင်ငံကို မလာခင်တုန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာ ဖတ်ရှုထားတာတွေရှိတဲ့အတွက် ရခိုင်အရေးက တော်တော်အရေးကြီးတဲ့ အရေးကိစ္စတစ်ခုလို့တော့ နားလည်ထားပါတယ်။ ခင်ဗျားတို့ ကျွန်တော် တို့အပါအဝင် မည်သူတွေကမျှ ဒုက္ခသည်တော့မဖြစ်ချင်ပါဘူး။ မည်သူမဆို ကိုယ့်မိသားစုနဲ့အတူ ကိုယ့်အလုပ်နဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်လိုကြပါတယ်။ ဒါကြောင့် ရခိုင်အရေးက အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အစိုးရအနေနဲ့ ဒီပြဿနာကို ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာရမှာဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကတော့ မရှိမဖြစ်လိုအပ်တာပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့လို မီဒီယာသမားတွေအတွက် ပိုလို့တောင်လိုအပ်သေးတယ်။ မြန်မာအစိုးရကို ကျွန်တော်အကြံပြုချင်တာကတော့ ဘယ်သတင်းစာ ပညာရပ်ကိုမဆို မြှင့်တင်ပေးဖို့ပါပဲ။ လူတစ်ဦးကျန်းမာဖို့က ဆရာဝန်လိုအပ်သလို လူ့အဖွဲ့အစည်းတစ်ခု ခိုင်မာတောင့်တင်းဖို့က သတင်းစာပညာလိုအပ်ပါတယ်။ သတင်းစာပညာ ဖွံ့ဖြိုးမှုမရှိရင် လူ့အဖွဲ့အစည်းကလည်း ခိုင်မာတောင့် တင်းမှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သတင်းစာပညာ ဖွံ့ဖြိုးမှုက လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Mr. Karsten WARNECKE
Executive Director
Asia-Europe Foundation (ASEF)

mdn


စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ပြည့်မီရေး အတွေးအခေါ်နဲ့ ခံယူချက်များ ပြောင်းလဲပေးရေးဆိုတဲ့ ဒီနှီးနှောဖလှယ်ပွဲရဲ့ ရည်မှန်းချက်နဲ့အညီ ဥရောပနဲ့ အာရှနိုင်ငံများကလာရောက်တဲ့ သတင်းသမားတွေအနေနဲ့ ဒီရည်မှန်းချက်ပြည့်မီအောင် ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်ရမယ်ဆိုတာ ဆွေးနွေးမှုကနေတစ်ဆင့် အသိအမြင်နဲ့ အတွေ့အကြုံများ ဖလှယ်ကြမှာ ဖြစ်ပါတယ်။ ဒီလို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့က ပြည်သူလူထုကို အသိပညာ၊ ဗဟုသုတပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လည်း ဥရောပနဲ့ အာရှက သတင်းသမားတွေကို ဖိတ်ကြားပြီး ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်ဖို့အတွက် နိုင်ငံပေါင်းစုံက သတင်းသမားတွေကို ဖိတ်ကြားခဲ့ပါတယ်။ ဒီပြည်ပသတင်းသမားတွေက ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းသမားတွေအပါအဝင် မြန်မာနိုင်ငံက သတင်းသမားတွေနဲ့ ဆွေးနွေးပြီး ကောင်းမွန်တဲ့ အဖြေတစ်ခု ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ပြည်ပသတင်းထောက်တွေအနေနဲ့ ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုနဲ့အခက်အခဲတွေကို သိမြင်ပြီး ထိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ အမြင်ချင်းဖလှယ် ကြမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကျွန်တော်တို့က ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ကြမလဲဆိုတာ အဖြေရှာကြရမှာဖြစ်ပါတယ်။

ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်က ကုလသမဂ္ဂအဆင့်မြင့် အရာရှိတွေက ချမှတ်အကောင်အထည်ဖော်တဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ပါတယ်။ ဒီရည်မှန်းချက်က လာမည့်အနာဂတ်မှာ မဖြစ်မနေအောင်မြင်အောင် အကောင် အထည်ဖော်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ဒီလို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ပြည်သူလူထုအားလုံးကို အသိပညာပေးရမှာ ဖြစ်ပါတယ်။ ဒီလိုအသိပညာပေးရာမှာလည်း ကျွန်တော်တို့လုပ်ဆောင်ချက် ဘယ်အဆင့် ထိရောက်နေသလဲဆိုတာ အမြဲတစေ ဖော်ပြပေးဖို့လိုပါတယ်။ အခုလောလော ဆယ်မှာလည်း ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူအားလုံးရဲ့ လူနေထိုင်မှု အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့အတွက် ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်နေရခြင်း ဖြစ်ပါတယ်။

Ms. Sharmilla GANESAN
တစ်သီးပုဂ္ဂလသတင်းထောက်

mdn


ဒီလိုမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အစိုးရ၊ ပြည်သူနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအားလုံးမှာ သူ့ကဏ္ဍနဲ့သူ တာဝန်ကိုယ်စီရှိကြပါတယ်။ ဒီလိုဒီမိုကရေစီလုပ်ငန်းစဉ်မှာ အစိုးရအနေနဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေ အဟန့်အတားတွေ များစွာရှိနေတယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရာမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ မရှိမဖြစ် လိုအပ်တဲ့အတွက် ဒါကို နိုင်ငံရေးခံယူချက်ရှိရှိ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မီဒီယာအခင်းအကျင်းနဲ့ ပတ်သက်ပြီး ကျွန်မအနေနဲ့ မြန်မာနိုင်ငံက မီဒီယာလုပ်ငန်းတွေနဲ့ အလှမ်းဝေးနေတဲ့အတွက် မှတ်ချက်ပြုလို့မရပါဘူး။ ဒီပွဲကနေရရှိတဲ့ အတွေ့အကြုံအရတော့ မြန်မာသတင်း သမားတွေအပေါ်မှာ အထင်ကြီးလေးစားစိတ်တွေ ဖြစ်ပေါ်လာတာတော့ အမှန်ပါပဲ။ နိုင်ငံအသီးသီးက မတူညီတဲ့လူတွေဆီက ကွဲပြားတဲ့အမြင်တွေဟာ ဒီမိုကရေစီကို ချီတက်ရာမှာ အကောင်းဆုံးနည်းလမ်းပါပဲ။

ဦးသီဟစော
အတွင်းရေးမှူး
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ

mdn


ဒီနေ့ကSDGsဆိုတာSustainable Development Goals၊ ဟိုးအရင် တုန်းကတော့ Millinium Goals လို့ခေါ်တယ်။ Millennium Goals ဆိုတာ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်။ အခုကတော့အသစ် ၂ဝ၁၅ ခုနှစ်မှာ နိုင်ငံပေါင်း ၂ဝဝ ကျော် လက်မှတ်ထိုးထားတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) ၁၇ ခုရှိတယ်။ အဲဒီ ၁၇ ခုကို ဘယ်လိုသွားကြမလဲ။ ဘယ်လိုဆောင်ရွက် ကြမလဲဆိုတာတွေ ဆွေးနွေးကြတယ်။ ဒီနေ့မှာ SDGs ဆိုတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်တွေကိုသွားတဲ့အခါမှာ Journalists တွေက ဘယ်လိုအပေါင်း လက္ခဏာဆောင်မလဲဆိုတာတွေ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ရမှာ တော့အများကြီးပဲ၊ ဆင်းရဲမှုပပျောက်ရေးလည်းပါတယ်။ ကျန်းမာရေး၊ ပညာရေး စတဲ့ပန်းတိုင်တွေကိုလုပ်ဖို့ Journalists နေရာက ကြည့်မယ်ဆိုရင်တော့ ကိုယ်က သတင်းပညာကိုပိုပြီးတော့ ကျွမ်းကျင်ဖို့၊ တတ်မြောက်ဖို့ လိုမယ်လို့ထင်တယ်။ ကျွန်တော်တို့သတင်းပညာကို များများကျွမ်းကျင်လေ၊ တတ်မြောက်လေ လုပ်ရတဲ့အခါ ပိုပြီးတော့အဆင်ပြေလေဖြစ်မှာပါ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် တွေကိုမသွားခင်မှာ စတုတ္ထမဏ္ဍိုင်ကို ပိုပြီးတော့ ခိုင်အောင်လုပ်ထားဖို့ လိုတယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။

အခုအချိန်က ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့နိုင်ငံအပေါ် အမြင်တွေ၊ အပြောတွေက အပေါင်းလက္ခဏာ သိပ်မဆောင်ဘူး။ အဲဒီကနေ ရုန်းထွက်တဲ့အခါ ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ဒီလိုနေရာမျိုးတွေမှာ ပြောသင့်တယ်။ ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ မြန်မာနိုင်ငံကသတင်းသမားတွေ အနေနဲ့လည်း နိုင်ငံတကာကို ဒီလိုပုံစံမျိုးနဲ့ဝင်ဆံ့အောင် တိုးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။

ဦးကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး(၂)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

mdn


အာရှ-ဥရောပဖောင်ဒေးရှင်းက ဒီနေ့လုပ်တဲ့အခမ်းအနားမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(SDGs)ကို ဘယ်လိုချဉ်းကပ်မလဲဆိုတာကို အဓိကထား ဆွေးနွေးကြတယ်။ တစ်ခုကောင်းတာကတော့ အာရှကနေ ဥရောပမှာ Journalism မှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာတွေကို ပူးပေါင်းပြီးတော့ လေ့လာခွင့်ရတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်လဲ အခုဆို ပိုပြီးတော့ အခွင့်အရေးတွေရှိတယ်။ အခုဒီမှာ ဂျာမနီကနေပြီးတော့ သူတို့ရဲ့ Media ကို ဘယ်လို ဆောင်ရွက်နေလဲဆိုတဲ့ ပုံစံပြောသွားတယ်။ Media ကို ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာဖို့အတွက် နည်းလမ်းတွေကို သိလာတယ်။SDGs နဲ့ပတ်သက်ပြီး မြန်မာ့မီဒီယာလောကက ဘယ်လိုလဲဆိုရင် အခု ၂ဝဝ၇ ကနေ ၂ဝ၁ဝ နောက်ပိုင်းမှာ မြန်မာ့မီဒီယာလောက အနည်းငယ်ပြောင်းလဲလာတယ်။ ပုဂ္ဂလိကပိုင်းမှာ ဖွံ့ဖြိုးလာတယ်။ အခုဆိုရင် သတင်းမီဒီယာနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေလည်း ပေါ်လာတယ်။ ကောင်စီဆိုတာလဲ ပေါ်လာတယ်။ သတင်းမီဒီယာ အားကောင်းမှသာလျှင် ဒီမိုကရေစီအားကောင်းတဲ့ပုံစံမျိုး ဖြစ်လာမယ်။ အခု လက်ရှိမှာတော့ သတင်းမီဒီယာသည် ၁ဝဝ ရာခိုင်နှုန်း အားကောင်းတဲ့အခြေ အနေမရှိသေးဘူး။ SDGs အပိုင်းမှာ အများကြီးလုပ်ဖို့ လိုသေးတယ်၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတဲ့အခါမှာ Capacity က အားနည်းနေတာ တွေ့ရတယ်။ Capacity အပိုင်းက ပိုပြီး မြှင့်တင်ပြီးလုပ်ဆောင်မှသာ မြန်မာ့မီဒီယာက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာဖြစ်တယ်။ နောက်တစ်ခုက လက်တွေ့မှာ နိုင်ငံတကာမီဒီယာက အားကောင်းတဲ့အတွက် ရခိုင်ပြည်နယ်ကိစ္စမှာ သင်ခန်းစာယူဖို့ ကောင်းတယ်။ မြန်မာ့မီဒီယာအခန်းကဏ္ဍက မီဒီယာအားကောင်းမှ နိုင်ငံတကာကို မှန်ကန်တဲ့သတင်းတွေ၊ နိုင်ငံတကာက မသိသေးတဲ့အရင်းအမြစ်တွေကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်။

အာရှ-ဥရောပအဆင့်မှာ မြန်မာနိုင်ငံက နှစ်ပေါင်း ၁ဝဝ မှာ တစ်ခါသာ ကျင်းပခွင့်ရတယ်လို့ ပြောတယ်။ ကိုယ့်မြန်မာနိုင်ငံက ကျင်းပခွင့်ရတဲ့အတွက် ဒီအပေါ်ကနေ မီဒီယာဘက်က Capacity SDGs နဲ့ပတ်သက်ပြီး တစ်ထောင့်တစ်နေရာက ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အမြင်သစ်တွေကို ရရှိမယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာဇော်သန်း (သတင်းမီဒီယာကောင်စီဝင်)

ခု ဆွေးနွေးသွားတဲ့ Constructive journalism ဆိုတာ ဘက်လိုက်မှုကင်းပြီး နိုင်ငံနဲ့ ပြည်သူကိုအကျိုးပြုတဲ့ သတင်းစာပညာပါ။ အဲဒီသတင်းစာပညာနဲ့ ကုလသမဂ္ဂက ချမှတ်လိုက်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (SDGs)တွေကို ဘယ်လိုအထောက်ကူ ပြုနိုင်တယ်ဆိုတာကို ဆွေးနွေးကြတာပါ။ လက်ရှိမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အတော်လေးရနေပါပြီ။ မီဒီယာ သမားတစ်ယောက်မှာရှိသင့်တဲ့ ကျင့်ဝတ်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်နိုင်ငံနဲ့ လူမျိုးကိုထိခိုက်စေမယ့် တစ်ပါးသူကိုထိခိုက်မယ့် အရေးအသားတွေကို ဂရုစိုက်ဆင်ခြင်ပြီး အပြုသဘောနဲ့ ထောက်ပြဝေဖန်လို့ ရနေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက်တော့ ကျွန်တော်တို့ ကိုယ်ပိုင်ဂြိုဟ်တုလိုပါမယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့သတင်းတွေကို နိုင်ငံတကာသိအောင်ဖြန့်ဖို့ အဆင့်မြင့်နည်းပညာတွေလိုပါမယ်။ နိုင်ငံတကာက မီဒီယာတွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ဆောင်ရပါမယ်။ တခြားနိုင်ငံတွေက တစ်ဖက်သတ်ရေးလာတဲ့ သတင်းတွေကို တုံ့ပြန်တဲ့နေရာမှာ မြန်ဆန်ဖို့လဲ လိုပါမယ်။ ခု သတင်းမီဒီယာကောင်စီက ကြီးမှူးပြီး တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ မီဒီယာစောင့်ကြည့်ရေးကော်မတီကို စတင်ဖွဲ့စည်းဖို့ ပြင်ဆင်နေပါပြီ။ အထူးသဖြင့် Social media ပေါ့။ မီဒီယာမှာ မဟုတ်မမှန်သတင်းတွေ၊ သတင်းတုတွေလုပ်ပြီး ဖွနေတဲ့၊ အမုန်းတရားတွေပွားအောင် ဖန်တီးနေတဲ့သူတွေကို စောင့်ကြည့်သတိပေးဖို့ ထိန်းသိမ်းပြီး လျော့နည်းပပျောက်သွားအောင် ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

အခု ASEM အစည်းအဝေးက အာရှနဲ့ ဥရောပရဲ့ ဆက်သွယ်မှုတစ်ခုပါ။ ၅၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ လာကြတယ်။ ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ကုန်သွယ်ရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးဆက်သွယ်ရေး၊ ရာသီဥတုပြောင်းလဲခြင်း၊ လုံခြုံရေးနဲ့ပတ်သက်ဆက်စပ်တဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံ ရေးတွေ၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SUSTAINABLE DEVELOPMENT GOALS- SDGs)တွေကို ဆွေးနွေးကြပါမယ်။ ၂ဝဝ၄ ခုနှစ် ဟနွိုင်းမှာလုပ်ခဲ့တဲ့ ASEM အစည်း အဝေးမှာ မြန်မာနိုင်ငံက စတင်ပါဝင်လာတာ ဖြစ်ပါတယ်။ ASEMမှာ ဆွေးနွေးတာ အားလုံးက ဥပဒေနဲ့ ချည်နှောင်တာမပါဘဲ အလွတ်သဘောပါပဲ။

ဦးခိုင်မြတ်ကျော်(မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်)

ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ လက်ရှိမြေပြင်အနေထားမှာဖြစ်နေတဲ့ သတင်းအမှန်တွေနဲ့ နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်နေတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အမြင်ကို ပြောရရင် မြန်မာနိုင်ငံက သတင်းမီဒီယာတွေအနေနဲ့ အားနည်းတာတွေရှိတယ်။ နိုင်ငံတကာကတော့ သူတို့မှာက အင်နဲ့အားနဲ့လုပ်နိုင်တဲ့အတွက် အလွန်ကို အားသာချက်တွေရှိတယ်။ ကျွန်တော် တို့ သတင်းမီဒီယာအနေနဲ့ ပြင်ပကိုထိုးဖောက်ပြီးတော့ သိပ်မလုပ်နိုင်ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာကောင်စီက ပြင်ပကိုထိုးဖောက် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်က သတင်းအမှန်တွေကို အချိန်နဲ့တစ်ပြေးညီ နိုင်ငံတကာကို တင်ပြနိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာက သတင်းမီဒီယာတွေက လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ သတင်းအမှန်တွေကို အမှောင်ချ၊ မမှန်သတင်းတွေကို ထုတ်လွှင့်ပြီး ဘက်လိုက်မှုတွေရှိနေတာကို မြင်တွေ့ရတယ်။ အဲဒါကြောင့် နိုင်ငံတကာက သတင်းအမှားတွေ ကမ္ဘာကြီးမှာ ပျံ့နှံ့နေတာကို ကျွန်တော်တို့ သတင်းမီဒီယာတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်အမှန်တရားကို နိုင်ငံတကာကို တင်ပြနိုင်ဖို့ လိုပါတယ်။

စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းမှန်ချက်များ (SDGs)နဲ့ပတ်သက်ပြီး သတင်းသမားတွေအနေနဲ့ SDGs ကို ဘယ်လိုမြှင့်တင်နိုင်မလဲ ဆိုတာကို ဒီကနေ့မှာ ဆွေးနွေးကြပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်ကိုရောက်ရှိအောင် မြန်မာနိုင်ငံက သတင်းမီဒီယာတွေအပါအဝင် နိုင်ငံတကာက သတင်းမီဒီယာကဏ္ဍတွေအနေနဲ့ ဒီကနေ့ဆွေးနွေးပွဲကနေ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အခု (၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လက်ခံကျင်းပတယ်ဆိုတာ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက သတင်းမီဒီယာသမားတွေ အများကြီး လာတက်တာကို တွေ့ရတယ်။ ဒီကနေ့ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲမှာ သတင်းမီဒီယာသမားတွေအချင်းချင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခွင့်ရတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက သတင်းမီဒီယာ သမားတွေအတွက်လည်း နိုင်ငံတကာက သတင်းမီဒီယာသမားတွေရဲ့ အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ သတင်းသမားတွေရဲ့ အခြေအနေဟာ အရင်တုန်းက အခြေအနေနဲ့စာရင် သတင်းမီဒီယာလွတ်လပ်ခွင့် တိုးတက်မှုတွေရှိခဲ့ပြီး သတင်းစာ၊ ဂျာနယ်တွေ အများကြီး ပေါ်ထွက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကို နိုင်ငံတကာက မြင်နိုင်၊ သိနိုင်၊ ကြားနိုင်အောင် ပြန်ကြားပေးနိုင်ပြီး သတင်းအမှန်တွေကို သိသွားရင် ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ အခုလို အာရှ-ဥရောပ သတင်းမီဒီယာ နှီးနှောဖလှယ်ပွဲတွေမှာ အမြင်ချင်းဖလှယ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း - ကျော်သဲအိမ်၊ ကျော်ထိုက်စိုး၊ ဇင်ဦး၊ ထင်လင်းအောင်၊ ခင်စုစုလှိုင်၊ ကိုမင်း
ဓာတ်ပုံ - မင်းသန့်