(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့

 

ဆရာစန်း (မန်းမြို့သစ်)

 

(၁၀၂)နှစ်မြောက်ရောက်ခဲ့ပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက်  ကြာသပတေးနေ့သည် မြန်မာတိုင်းရင်းသားအားလုံး မြန်မာအမျိုးသားအားလုံး၏ “အမျိုးသား အောင်ပွဲနေ့” ဖြစ်သည်။ သို့ဖြစ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာဖြင့် တစ်နိုင်ငံလုံးကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေး ဦးတည်ချက်များ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။  

 

အမျိုးသားနေ့ဖြစ်ပေါ်လာပုံ

 

ရှေးဦးမြန်မာတိုင်းရင်းသားမျိုးနွယ်စုများသည် မြန်မာ့အထက်အညာ ပုံတောင်ပုံညာဒေသ တစ်ဝိုက်တွင် လွန်ခဲ့သည့်နှစ်ပေါင်း သန်း ၄၀ ခန့်မှစ၍ နေထိုင်ခဲ့ကြောင်း သုတေသီများက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် “မြန်မာတိုင်းရင်းသားတို့၏ အစမှာ မြန်မာနိုင်ငံ” ကပင်ဖြစ်ပေသည်။ ထို့အတူ မြန်မာတို့သည် သမိုင်းတင်နိုင်သော အထောက်အထားများအရ မြန်မာ့မြေတွင် မြန်မာတိုင်းရင်းသားများကို မြန်မာခေါင်းဆောင်များ၊ ဘုရင်မင်းများကသာ အုပ်ချုပ်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းကိုလည်း အထင်အရှားတွေ့ကြရသည်။

 

သို့သော် ကုန်းဘောင်ခေတ် ရောက်လာသောအခါ မင်းဆက် ၁၁ ဆက်အနက် ရှေးဦးမင်းများက တတိယမြန်မာနိုင်ငံတော်ကြီးကို ကြီးကျယ်ခမ်းနား စွာ တည်ဆောက်နိုင်ခဲ့သည်။ သို့သော် နှောင်းမင်း များ၏ အားနည်းမှုကြောင့် ဗြိတိသျှအင်္ဂလိပ်တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ် ၁၈၈၅ ခုနှစ်တို့တွင် စစ်ပွဲ သုံးကြိမ် မတရားစစ်မီးမွှေး၍ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ကာ ကျွန်ပြုခြင်းခံခဲ့ရသည်။ ဗြိတိသျှ အင်္ဂလိပ်တို့က ကျွန်ပြုသည်မှာ တိုက်ရိုက်ကျွန်ပြုအုပ်ချုပ်ခြင်း မဟုတ်ဘဲ ကျွန်သက်ရှည် အိန္ဒိယပြည်၏ လက်အောက် ကျွန်သားပေါက်အဖြစ် သတ်မှတ်၍ အုပ်ချုပ်ခံခဲ့ရသည်။

 

သို့သော် မြန်မာတို့၏ ပင်ရင်းစိတ်ထားသည်ကား သူ့ကျွန်မခံလိုသော အမျိုးသားစိတ်အရင်းခံသည့် “သခင်စိတ်ဓာတ်” ပင်ဖြစ်သဖြင့် ဗြိတိသျှတို့ကို ပြန်လည်တော်လှန်ခဲ့သည်။

 

ဗြိတိသျှအင်္ဂလိပ်တို့သည်မြန်မာနိုင်ငံကို ဗြိတိသျှနေမဝင်အင်ပါယာထဲသို့ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ကျွန်နိုင်ငံစာရင်း သွင်းခဲ့သော်လည်း မြေပြန့်နှင့် တောင်ပေါ်ဒေသမကျန် မြန်မာတိုင်းရင်းသားတို့သည် သူ့ကျွန်မခံလိုသောစိတ်ဖြင့် ဗြိတိသျှအင်္ဂလိပ်တို့ကို ၁၈၈၆ ခုနှစ်မှ ၁၉ဝဝပြည့်နှစ်အထိ ၁၅ နှစ်တိုင်တိုင် ရရာလက်နက် စွဲကိုင်၍ မျိုးချစ်စိတ်ဖြင့်တော်လှန်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများ အထင်အရှားရှိသည်။ အထူးသဖြင့် ၁၉၂ဝ ပြည့်နှစ်မှ၍ မြန်မာတို့၏ အမျိုးသား ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

 

ဗြိတိသျှအင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ရေရှည်သိမ်းပိုက်၍ သွေးစုပ်ခြယ်လှယ်နိုင်ရေးအတွက် ယခင်ကရှိခဲ့သော ဘုန်းကြီးကျောင်းပညာ ရေးစနစ်ကို အားနည်းအောင်ကြံဆောင်ကာ ယင်းတို့၏ နယ်ချဲ့စနစ်ကို အကောင်အထည်ဖော်နိုင်မည့် ခေတ်သစ်ပညာရေးစနစ်ကိုသာအားပေးသည်။ နောက်ဆုံး နိုင်ငံတစ်နိုင်ငံတွင်မရှိမဖြစ်သည့် တက္ကသိုလ်များတည်ထောင်ပေးရေး တက္ကသိုလ်တွင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် ပညာရပ်များ မသင်ပေးရေး နယ်ချဲ့အစိုးရကို အထောက်အပံ့ ဖြစ်စေမည့်ပညာကိုသာ သင်ကြားပေးရေးအတွက် ခရစ်ယာန်ဘာသာရေး စာသင်ကျောင်းများဖွင့်ကာ သင်ကြားစေခဲ့သည်။ ဤသို့ပညာရေးနိမ့်ကျစေရန် စီစဉ်နေသည်ကို ခေတ်မီတိုးတက်သောဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) နှင့် မြန်မာ အသင်းချုပ်ကြီး (GCBA) တို့ကသိသဖြင့် အရေးဆိုခဲ့ကြသည်။ မြန်မာတိုင်းရင်းသား လူမျိုးတို့အား အထက်တန်းပညာ၊ ကောလိပ်နှင့် သိပ္ပံ၊ တက္ကသိုလ်ပညာများ သင်ကြားပေးရေး၊ မြန်မာနိုင်ငံတွင် တက္ကသိုလ်များ ဖွင့်လှစ်ပေးရေး တောင်းဆိုခဲ့သည်။ ဗြိတိသျှအင်္ဂလိပ်အစိုးရက ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့ကိုသာ ဖွင့်ခွင့်ပေးခဲ့ပြီး တက္ကသိုလ်ပညာဘွဲ့ရရှိရေးကိုမူ အိန္ဒိယပြည်ကာလ ကတ္တားတက္ကသိုလ်သို့ သွားတက်ရန်သာ စီစဉ်ပေးခဲ့သည်။

 

ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေပြဋ္ဌာန်း

 

မြန်မာဘာသာရေးလူမှုရေးအဖွဲ့အစည်းများ၊ အသင်းများက တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရေး အဓိကထား တောင်းဆိုလာမှသာ “၁၉၂၀ ပြည့်နှစ် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေ” ပြဋ္ဌာန်းပေးကာ လူနည်းစုသာ တက္ကသိုလ်တက်နိုင်ရေး စီစဉ်ပေးခဲ့သည်။

 

ဤသို့ ဗြိတိသျှအင်္ဂလိပ်အစိုးရနှင့် ရန်ကုန် တက္ကသိုလ်အာဏာပိုင်တို့က မြန်မာတိုင်းရင်းသားများ၏ အထက်တန်းပညာ သင်ကြားခွင့် ပိတ်ပင်မှုကို နားလည်သဘောပေါက်သော ဘွဲ့ရခါနီးတက္ကသိုလ် ကျောင်းသားကြီး ၁၁ ဦးတို့သည် ထိုဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရန် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလပြည့်ကျော် ၈ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်) ရွှေတိဂုံစေတီတော်၏ ကုန်းတော်ပေါ်၌ စတင်ဆွေးနွေးညှိနှိုင်းကြသည်။ ထို့နောက် ထိုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့) တွင် ကောလိပ် ကျောင်းသားများသမဂ္ဂခေါင်းဆောင်များ၊ ကိုယ်စား လှယ်များပါဝင်သည့် အစည်းအဝေးထပ်မံပြုလုပ်ပြီး ကျောင်းသားကြီး ၁၁ ဦးကို ခေါင်းဆောင်တင်မြှောက်ကာ “ရန်ကုန်ယူနီဗာစီတီအက်ဥပဒေ” ကို သပိတ် မှောက်ပြီး ကျောင်းမတက်ရန် ဆုံးဖြတ်ဆောင်ရွက် ခဲ့ကြသည်။

 

ထိုအချိန်မှစ၍မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကောလိပ်ကျောင်းများ၊စာသင်ကျောင်းများပါ သပိတ်မှောက်ကာ အမျိုးသားစာသင်ကျောင်းများ စတင်ပေါ်ထွန်းလာခဲ့သည်။ ထိုအမျိုးသားကျောင်း များတည်ထောင်ဖွင့်လှစ်၍ အမျိုးသားရေးစာပေများ စတင်သင်ကြားခဲ့ရာမှ အမျိုးသားစိတ်များ နိုးကြားတက်ကြွလာခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ဆင့် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

အမျိုးသားနေ့သတ်မှတ်အတည်ပြုခြင်း

 

ဗြိတိသျှအင်္ဂလိပ်တို့က မြန်မာ့ပညာရေးကို ချိုးနှိမ်ပြီး “ထာဝရကျွန်ပြုနိုင်ရေး အထောက်အပံ့ ဖြစ်စေမည့်ပညာရေး” အကြောင်းကို ရှေးဦးဆုံးဖြတ် ဖော်ထုတ်သူမှာ ၁၉၂၁ ခုနှစ် ဇန်နဝါရီလထဲ၌ မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေညီလာခံကြီး တွင် ဒီပဲယင်းဝန်ဆောင် ဦးမြဲက စတင်၍ “ကျွန်ပညာ ရေးစနစ်” ဟု စတင်ပြောဆိုခဲ့ရာမှ စတင်ခဲ့ကြောင်း သိရှိရသည်။

 

ဗြိတိသျှအင်္ဂလိပ်အာဏာပိုင်တို့သည် မြန်မာတိုင်းရင်းသား အားလုံးတောင်းဆိုလာ၍သာ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို ပြဋ္ဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပေးပါသော်လည်း တက္ကသိုလ် စည်းကမ်းများမှာ ချုပ်ချယ်လွန်းလှသည်။ ထိုအက်ဥပဒေ၌ တစ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုသာထားရေး၊ ရန်ကုန်မြို့တော်မှာပင် အခြေစိုက်ရေး ကန့်သတ်ထားခြင်း၊ ကျောင်းသားဦးရေ ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစားသာ တက်ခွင့်ပြုခြင်း၊ အဆင့်အတန်း ခွဲခြားခြင်း၊ စာမေးပွဲတစ်ကြိမ်ကျလျှင် ကျောင်းထုတ်ခံရခြင်း၊ ငွေကြေးပြည့်စုံသူများသာ ကျောင်းထားနိုင်စေခြင်း စသည်ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာသင်ကြားခွင့် မရဖြစ်ခဲ့ရသည်။

 

ကျောင်းများအားလုံး သပိတ်မှောက်

 

သို့ဖြစ်၍ တစ်နိုင်ငံလုံးရှိ ကောလိပ်ကျောင်းများ၊ အခြေခံပညာကျောင်းများအားလုံး သပိတ်မှောက်ကာ မြို့တိုင်းတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည်။ အမျိုးသားကျောင်းများက မြန်မာတိုင်းရင်းသား တို့အား အမျိုးသားရေးစိတ်ဓာတ် ပြန်လည်နိုးကြားလာစေခဲ့သည်။ သို့ဖြစ်၍ နယ်ချဲ့ဗြိတိသျှ အင်္ဂလိပ်တို့၏ ကျွန်ပညာရေးကို စတင်တော်လှန် သပိတ်မှောက်ဆန့်ကျင်ရန် ဆုံးဖြတ်ဆောင်ရွက်သည့်နေ့ကို ထာဝရသတိရစေရေးအတွက် မြန်မာ့အမျိုးသားနေ့ (အမျိုးသားအောင်ပွဲနေ့) ဟုယနေ့ကာလအထိ သတ်မှတ်ကာ တစ်တိုင်းပြည်လုံးအခမ်းအနားများ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

 

၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့သော ဂျီစီဘီအေပြည်လုံးကျွတ် အစည်းအဝေးကြီးက ကောလိပ်ကျောင်းသားများ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သဘောတူလက်မှတ်ထိုးဆုံးဖြတ်ခဲ့သော ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့)ကို “အမျိုးသား အောင်ပွဲနေ့” အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

သို့ဖြစ်၍ ထိုအချိန်မှစ၍ ယနေ့ကာလအထိ မြန်မာ့ “အမျိုးသားအောင်ပွဲနေ့”ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တိုင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

 

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့

 

ယခုနှစ် (၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက် (၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ ရက်) ကြာသပတေးသည် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက အကြီးအမှူးပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စနစ်တကျ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

ယခုနှစ်အမျိုးသားနေ့၏ အမျိုးသားရေးဦးတည်ချက်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်ကို အထောက်အပံ့ဖြစ်စေမည်သာမက နိုင်ငံတော်၏ ရှေ့ဆက်လှမ်းကြ ရမည့် အမျိုးသားရေးလုပ်ငန်းများကိုပါ အထောက်အကူပြုမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။။