တရားရေးဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ILAM ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်

တရားရေးဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(ILAM)၏ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း၏ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို မန္တလေးမြို့ Mercure Mandalay Hill Resort ဟိုတယ်တွင် အခုလ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

‘ဝန်ကြီးဌာနက ဖွဲ့စည်းဖို့ လိုတယ်။ အရင်ကလည်း ရှိခဲ့တယ်။ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းမှ တရားရေးဌာနကို အုပ်ချုပ်ရတာ ကိုင်တွယ်ရတာ ပိုကောင်းလာမယ်။ လက်ရှိတရားသူကြီးတွေက တရားစီရင်ရေးသက်သက်ပဲ တာဝန်ယူပြီးတော့ လုပ်သင့်တယ်’ ဟု  မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းနာယက ဦးလှကိုကပြောသည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အမျိုးသမီးနှင့် လူငယ်များပါဝင်မှုရာခိုင်နှုန်း၊ MOU အခန်းကဏ္ဍ၊ လွတ်လပ်မှုနှင့် နိုင်ငံတကာဆက်ဆံရေးအခန်းကဏ္ဍ၊ ဗဟိုကော်မတီနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ လျော့ချရေးကဏ္ဍများကို ဆွေးနွေးခဲ့ပြီး တရားရေးဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရန် ရှေ့နေတစ်ဦးမှ တင်ပြခဲ့သည်ကို တက်ရောက်လာသည့် ရှေ့နေများမှ ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

‘တရားရေးဝန်ကြီးဌာနဆောင်ရွက်ပေးဖို့ ဆွေးနွေးသွားတဲ့အခါ ရှေ့နေတွေအားလုံးက ထောက်ခံဆွေးနွေးတော့ ဒီညီလာခံကနေ ဆုံးဖြတ်ချက်တစ်ရပ်အနေနဲ့ တရားရေးဝန်ကြီးဌာနဖွဲ့စည်း ဖို့အတွက် တောင်းဆိုပါတယ်ဆိုတာ ပါလာတယ်’ဟု မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးကပြောသည်။

ယခင်ကတရားရေးဝန်ကြီးဌာနရှိခဲ့ပြီး ၁၉၆၀ နောက်ပိုင်းတွင် ဖျက်သိမ်းခံခဲ့ရကြောင်းသိရသည်။ လက်ရှိအချိန်တွင် တရားရေးဝန်ကြီးဌာန မရှိသည့်အတွက် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုတွင် အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်မှုတွင် အခက်ခဲရှိခြင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတွင် အခက်ခဲများရှိသည်ဟု ဆိုသည်။ ယခုအခါ တရားရေးဝန်ထမ်းတွေက တရားစီရင်ရေးတွင်သာမက ဝန်ထမ်းရေးရာ စီမံမှုများတွင်လည်း လုပ်ဆောင်နေရကြောင်း သိရသည်။

‘အခုဟာက တရားစီရင်တဲ့တရားသူကြီးကပဲ အောက်လက်ငယ်သားတွေ နေရာရွှေ့တာ၊ ရာထူးတိုးတာက အစအကုန်လုပ်နေရတယ်ဆိုတော့ အဆင်မပြေဘူး။ ဂိုဏ်းဖြစ်လာနိုင်တာပေါ့’ ဟု ဦးသိန်းသန်းဦးကပြောသည်။

တတိယအကြိမ် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

 

အိမို့မို့ခိုင်