တစ်နာရီလျှင် မက်ထရ်စတန် ၇ တန် ကုန်ချောထုတ်ပေးနိုင်သည့် နှမ်းကုန်ချောထုတ်စက်ရုံ မကွေးမြို့နယ်၌ စတင်လည်ပတ်

မကွေး ၂၃ ဒီဇင်ဘာ 

 

မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာအနီး၊ ကန်ပြား-နေပြည်တော်လမ်းမပေါ်၌ တစ်နာရီလျှင် နှမ်းသန့်စင် ကုန်ချော မက်ထရစ်တန် (၇)တန်နှင့် အလုပ်ချိန် ၈ နာရီအတွင်း နှမ်းဆီသန့် ၆ တန် ထုတ်လုပ်ပေးနိုင်သည့် နှမ်းကုန်ချောစက်ရုံတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီး လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

 

မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်များရှိ ကျေးရွာ(၃၀)မှ စိုက်ပျိုးတောင်သူ ၆၀၀ ဦးတို့၏ ကောင်းမွန်သော စိုက်ပျိုးနည်း GAP စနစ်ဖြင့် ထုတ်လုပ်ထားသည့် နှမ်းများကို စက်ရုံ၌ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် GMP စနစ်များသုံး၍ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ပြည်ပသို့ သန့်စင်ပြီးအရည်အသွေးကောင်းနှမ်းမျိုးစေ့များ၊ နှမ်းထောပတ်နှင့် နှမ်းဟင်းခပ်မှုန့်များ တင်ပို့မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ “တောင်သူရတနာ” အမှတ်တံဆိပ်ဖြင့် နှမ်းဆီသန့်ရောင်းချရန် လုပ်ဆောင်မည် ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူထံမှ သိရသည်။

 

“ ဒီစက်ရုံရဲ့စတင်မှုက ၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာလုပ်ဆောင်ခဲ့တဲ့ အီတလီနိုင်ငံအခြေစိုက် PC Myan mar စီမံကိန်းကို အခြေပြုပါတယ်။ နှမ်းစိုက်တောင်သူများရဲ့ဘဝတွေ မြင့်မားလာရေး ကူညီဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့စီမံကိန်း ဖြစ်တာကြောင့် စီမံကိန်းပြီးဆုံးတော့မယ့်အချိန်မှာ စီမံကိန်းဝင်ကျေးရွာ(၃၀)က တောင်သူတွေ ဈေးကွက်အဆင်ပြေနိုင်ဖို့ နှမ်းစိုက်တောင်သူများအသင်းဖွဲ့စည်းပေးပြီး သူတို့ဆီကကုန်ကြမ်းတွေနဲ့ စက်ရုံတည်ဆောက်လည်ပတ်တာပါ ” ဟု စီမံကိန်း၏ စိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံ ဦးနိုင်ဝင်းလတ်က ပြောသည်။

 

၂၀၁၇ ခုနှစ်တွင် ဂွေးတောက်စမ်းကျေးရွာတောင်သူတစ်ဦးပိုင် ၁ ဒသမ ၀၂ ဧက အကျယ်မြေနေရာကို စီမံကိန်းမှ ဝယ်ယူခဲ့ပြီး စက်ရုံ၊ လျှပ်စစ်နှင့် ရေရရှိရေး လုပ်ငန်းများအတွက် ငွေကျပ် သိန်း ၁၈၀၀ ကျော်အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်ရုံတွင်း၌ နှမ်းသန့်စင်စက်၊ နှမ်းအရာင်ခွဲစက်၊ နှမ်းဝိတ်ချိန်စက်၊ ပါကင်ထုပ်ပိုးစက်၊ နှမ်းဆီထုတ်စက်၊ သိုလှောင်ကန်၊ ဓာတ်ခွဲခန်း၊ အီတလီနည်းပညာ ရေဆိုးသန့်စင်စနစ်များ ပါဝင်သည်။

 

“စက်ရုံနဲ့ချိတ်ဆက်တဲ့တောင်သူတွေက ဈေးကွက်ပိုခိုင်မယ်၊ ပွဲစားခ ကုန်ကျမှုမရှိဘူး၊ ကုန်ပစ္စည်းတွေများရင် လာသယ်ပေးတယ်။ အကျိုးအမြတ်ကလည်း ဥပမာပြောရရင် နှမ်းတစ်တင်းကို တစ်သောင်းမြတ်တယ်ဆိုလို့ရှိရင် ၅၀ ရာခိုင်နှုန်း က စက်ရုံရဲ့ရန်ပုံငွေ၊ ၃၀ ရာခိုင်နှုန်းကို စီမံကိန်းဝင်ကျေးရွာတွေရဲ့ ရန်ပုံငွေ၊ ၂၀ ရာခိုင်နှုန်းကို တောင်သူကိုတိုက်ရိုက်ပေးတဲ့ စနစ်တွေ လုပ်သွားမယ်လို့ သိရတယ် ” ဟု မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာမှ နှမ်းစိုက်တောင်သူများအသင်းဝင် ဦးစိန်အောင်မင်းက ပြောသည်။

 

ဇေယျတု(မကွေး)