သီရိလင်္ကာနိုင်ငံ၌ ခရီးသည်တင်ဘတ်စ်ကားပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး

အောက်တိုဘာ ၆

 

သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမြို့တွင် ဘတ်စ်ကားပေါ်သို့သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သဖြင့် ငါးဦးသေဆုံးကြောင်း ကိုလန်ဘိုအမျိုးသားဆေးရုံ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မီဒီယာကိုပြောကြားသည်။

 

အဆိုပါ ခရီးသည်တင်ဘတ်စ်ကားသည် ကိုလန်ဘိုမြို့မှ သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဒန်နီရာမြို့သို့ ဦးတည်သွားနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုမတော်တဆမှုကြောင့် ခရီးသည် ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး ကိုလန်ဘိုအမျိုးသားဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

မတော်တဆမှုဖြစ်ပွားသောလမ်းသည် ကိုလန်ဘိုမြို့၏ ယာဉ်အသွားအလာများသောလမ်းများအနက်တစ်ခုဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိုလမ်းကိုပိတ်ထားခဲ့ပြီး တာဝန်ရှိသူများက ယင်းလမ်းပေါ်ရှိ လဲကျနေသောသစ်ပင်နှင့် ပျက်စီးသွားသောဘတ်စ်ကားကိုဖယ်ရှားရန် လုပ်ဆောင်ပေးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို