လှည်းကူး ၂၆ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေပေးမြောင်း ဧရိယာအတွင်း ပါဝင်သွားသော လယ်မြေဧကများအတွက် မြေယာနစ်နာကြေး ထောက်ပံ့ငွပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လက်ပံကျေးရွာရှိ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်မှ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေပေးမြောင်း ဧရိယာအတွင်း ပါဝင်သွားသော လယ်မြေများနှင့်ပတ်သက်၍ ဒေသခံတောင်သူများအပေါ် နိုင်ငံတော်အစိုးရမှ နစ်နာကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တောင်သူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေပေးမြောင်း ဧရိယာအတွင်း ပါဝင်သွားသော လယ်မြေ (၁၅၃ ဒသမ ၄၇)ဧကအတွက် တောင်သူ(၅၃)ဦးနှင့် (၈ ဒသမ ၀၄)ဧကအတွက် တောင်သူ(၁)ဦး၊ စုစုပေါင်း လယ်မြေ (၁၆၁ ဒသမ ၅၁)ဧကမှ တောင်သူ(၅၄)ဦးတို့အတွက် တစ်ဧကလျှင် ငွေကျပ်သိန်း (၅၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၈၀၇၅၅၀၀၀၀ အား မြေယာနစ်နာကြေးအဖြစ် အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)