စစ်ကိုင်း ၁၀ စက်တင်ဘာ
ဆားတောင်မြို့အနီးရှိ ကျေးရွာများဖြစ်သော စမွန်း၊ ကြခတ်၊ မုံညို၊ လင်းယာဉ်၊ မိုးသောက်စသည့် ကျေးရွာများတွင် မိရိုးဖလာ တောင်သူ စိုက်ပျိုးရေးလုပ်ငန်းအပြင် သိုး/ ဆိတ်များကို မွေးဖက်အဖြစ် မွေးမြူလာကြရာ မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ရရှိနေကြကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနယ်မြေတစ်ဝိုက်မှာတော့ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးကို ကိုယ်ပိုင် သော်လည်းကောင်း၊ မွေးဖက်အဖြစ်သော်လည်းကောင်း တစ်ပိုင်တစ်နိုင်ပေါ့ မွေးမြူလာကြတာ အဆင်ပြေကြပါတယ် သိုး/ ဆိတ်တွေက လွှတ်ကျောင်းရတာဖြစ်တဲ့အတွက် အစာရှာဖွေတော့ သိပ်မလိုပါဘူး ကျောင်းတဲ့လူတစ်ယောက်တော့လိုတာပေါ့ အခုအချိန်မှာဆို လွှတ်ကျောင်းရတာ စားကျက်ကျယ်တော့ အစားအစာလည်းပေါတယ် စိုက်ပျိုးရာသီချိန်မှာတော့ ခက်ခဲမှုရှိပါတယ် အဲဒီအချိန်မှာတော့ အထူးသတိထားပြီး သိုး/ ဆိတ်တွေကို သတိထားကျောင်းရတယ် ဆိတ်ကတော့ အသားအဖြစ်အသုံးပြုကြတယ်၊ သိုးကတော့ အမွှေးအသုံးပြုကြရပါတယ်" ဟု သိုး/ ဆိတ် မွေးမြူသူ တစ်ဦးက ပြောပြ၍သိရသည်။
ဆားတောင်မြို့အနီးရှိ အဆိုပါကျေးရွာများသည် ရာသီဥတု အခြေအနေပါ် မူတည်၍ စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်နေကြရသော်လည်း နှစ်စဉ် ခက်ခဲမှုများရှိခဲ့ပြီး ယခုအခါ တစ်ပိုင်တစ်နိုင် မွေးမြူရေး/ လက်မှုပညာစသည်တို့ကိုလည်း တွဲဘက်လုပ်ကိုင်လာနေကြကြောင်းသိရသည်။
ဇော်မြင့်နိုင်


