မောင်တော ၈ စက်တင်ဘာ
ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ MCCT-Case Manager ဦးကျော်အောင်စိန် ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတုတ္တသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၄ ရက်မှ စတင်၍ စက်တင်ဘာ ၃၀ ရက်အထိ မောင်တောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင် မိခင်များနှင့် နှစ် နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင် ခြောက်လစာကျပ် (၉၀ဝ၀ဝ)နှုန်းဖြင့် ထောက်ပံ့ ကြေးငွေများ ပေးအပ်ခဲ့ပြီး အစာအာဟာရနှင့် ဦးနှောက်စွမ်း ရည်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (ဧပြီ ၊ မေ ၊ ဇွန်၊ ဇူလိုင် ၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု(၈၂)စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၇၉၈)ဦး၊ အသက် နှစ်နှစ်အောက် ကလေးသူငယ် (၅၄၂၅)ဦး၊ အကျိုးခံစားခွင့်ရှိသူ (၇၂၂၃)ဦးအတွက် စုစုပေါင်း ငွေကျပ် (၆၀၇၄၅၅၀ဝ၀) ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင် မိခင်နှင့်နှစ်နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်မှုများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစသည့် ဒေသများတွင် ထောက်ပံ့ပေးအပ်လျက်ရှိကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အစီအစဉ် ရှစ်ရပ်ရေးဆွဲပြီး လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်တွင် ဘဝတစ်လျှောက်လုံး ကိုယ်ဝန်ဆောင် မိခင်ဘဝမှအစ သက်ကြီးရွယ်အိုအထိ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)


