ချောက် ၇ စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ Cash for Work  စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လတတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ချောက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကန်ရေကြီး(တောင်)၊ ကန်ရေကြီး(မြောက်)၊ ခပေါင်းစမ်း၊ ကြို့ပင်၊ တွင်းလပ်၊ ဘုံးဘွဲ၊ ဆူးရင်ကန်၊ ကုန်းရွာ၊ မြင်းကြိမ်လုံး၊ ကြံ့ကန်၊ နရွဲတော(အနောက်)၊ ကြပ်ကန်စသည့် ကျေးရွာ(၁၂)ရွာ၌ ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ကာ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း (၅)ခု၊ မြေသားမိုးရေ လှောင်ကန်ပြုပြင်ခြင်း(၃)ခု၊ မြေသားရေကန် ရေဝင်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၁)ခု၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ် တန်းခြင်းလုပ်ငန်း(၃)ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၂)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် Cash for Work စီမံကိန်းကို နိုင်ငံတော်၏ COVID-19 Economic Relif Plan (CERP)အရ ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါကာလအတွင်း လူမှုစီးပွားဘဝထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရှိစေဖို့ ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်နေတာပါ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာမှာရှိတဲ့ ပြည်သူတွေ COVID-19 ကာအတွင်း အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့တာ လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်တယ်” လို့ မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။

 

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်