နေပြည်တော် ၅ စက်တင်ဘာ
မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ပါ ဒေသအလိုက် ဦးစားပေးဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများ နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်ရေးရာ ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ အခွင့်အရေးများ၊ ရပ်တည် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်ရန် လမ်းပွင့်သွားပြီဖြစ်ပါကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် အတိတ်သမိုင်းကိုသိရှိပြီး ယခုမိမိတို့ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချကာ အနာဂတ်မှာဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် လွတ်လပ်စွာပြောဆို တီထွင်ဖန်တီး လုပ်ဆောင်ခွင့်များ ရရှိကြပြီဖြစ် သော်လည်း တည်ဆဲဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ကြရကြောင်း၊ ထိုဥပဒေများ သည် လူငယ်များ၏ ပါဝင်နိုင်မှုနှင့် သာတူညီမျှ အကျိုးခံစားခွင့်ကို လွတ်လပ်လုံခြုံစွာ ဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ခံစားရရှိနိုင်ရန် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီပြီး လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို အာမခံနိုင်သော စစ်မှန်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ကို ဖော်ဆောင်ရန် မိမိတို့ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေး လိုက်လျော ညီထွေရှိမည့် အခြေခံဥပဒေတစ်ရပ်လည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့တာဝန်ယူစဉ်ကာလတွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရ သည့် လူ့ဘဝစက်ဝန်းတစ်လျှောက် လူတစ်ဦးချင်းစီ၏အခွင့်အရေးကို အာမခံနိုင်သော မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုပေါ်ပေါက်ပြီးဖြစ်သည့် လူငယ်မူဝါဒသည် လူငယ်များ၏ အခွင့်အရေး များကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ ထိုမူဝါဒအပေါ် အခြေခံသောမဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် တာဝန်ရှိလာပြီဖြစ်ကြောင်း၊ ထိုတာဝန်ကို လူငယ်များနှင့်အတူ မူဝါဒပါပေါင်းစပ်ညှိနှိုင်းမှု ယန္တရားအရ အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းကြရန် ဖြစ်ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် အဟန့်အတားများရှိသော်လည်း လုပ်ငန်းယန္တရား ရပ်တန့် မသွား အောင် ကိုဗစ်-၁၉ နှင့်ယှဉ်တွဲပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် လူငယ်ဆိုင်ရာကဏ္ဍ (၁၆)ရပ်အနက် အားလုံးသဘောတူပြီး အမြန်ဆုံး အကောင်အထည်ဖော် နိုင်မည့် ဦးစားပေးလုပ်ငန်းစဉ်များကို ရွေးချယ်ပြီးဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများက မိမိတို့ဒေသအလိုက် လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်လူငယ်များက မဟာဗျူဟာအရ မိမိတို့ဒေသ အလိုက် ဦးစားပေးရွေးချယ်ထားသောကဏ္ဍများ၊ စတင်အကောင်အထည်ဖော် နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုများပါဝင်သော လုပ်ငန်းစီမံချက် (Costed Action Plan) ရေးဆွဲနိုင်ရေးနှင့် ဒေသအလိုက်အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြရာ လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားလုံးတစ်ပြိုင်တည်း စတင် အကောင်အထည်ဖော်နိုင်မည့်ကဏ္ဍများကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း နေပြည်တောင်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လူငယ်များပူးပေါင်းဆောင်ရွက်မှု အားကောင်း လာပါကြောင်း၊ Costed Action Plan နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်ကော်မတီများဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံး အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအား ညှိနှိုင်းအကြောင်းကြားထားပြီး ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာလတွင် ရင်ဆိုင်ရသောအခက်အခဲများကြားက အခွင့်အလမ်းကောင်းများ ပေါ်ပေါက်ခဲ့ ကြောင်း၊ လူငယ်အများစုပါဝင်သည့် စေတနာ့ဝန်ထမ်းများကို စုစည်းဆောင်ရွက်နိုင်မှုကြောင့် လူငယ် များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပိုမိုနီးစပ်စွာ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြင်း၊ အစိုးရဌာနဆိုင်ရာများနှင့် လူငယ်များအကြား အပြန် အလှန်ယုံကြည်မှု ပိုမိုလာခြင်းနှင့် အချို့သော အခက်အခဲရှိသည့် ပြည်နယ်များကို ပိုမို အားဖြည့် ကူညီပူးပေါင်းလာနိုင်ရန် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းတို့ဖြစ်ကြောင်း၊ မဟာဗျူဟာစီမံချက်ပါ အကောင်အထည်ဖော်မည့် ကဏ္ဍများတွင် ဘဏ္ဍာငွေလိုအပ်ချက်ကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ လျာထားဆောင်ရွက်မှုများကို ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ လူငယ် ကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်း များကလည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်


