ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း

ကိုညို(ကမာရွတ်)

 

ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာကြိုးပမ်းကြရဦးမည် ဖြစ်သည်။


မြန်မာ့ရုပ်ရှင်လောကတွင် သရဲကားခေတ်ကောင်းလျှင် သရဲကားရိုက်၊ ဟာသကား ခေတ်ကောင်းလျှင် ဟာသကား၊ မင်းသားတွေ မိန်းမလိုဝတ်ပြီး မိန်းမလျာပုံလုပ်ကာ ခေတ်ကောင်းလျှင် ရှိသမျှမင်းသားအကုန် မိန်းမလျာလိုရိုက်၊ ထို့ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာနှင့် သရုပ်ဆောင်အရည်အသွေးတို့ လျော့နည်းလာခဲ့သည်။ ယင်းသို့ဖြင့် မြန်မာ့ရုပ်ရှင်အပေါ် ရုပ်ရှင်ချစ်သူပရိသတ်ကြီး၏ စိတ်ဝင်စားမှုလျော့ပါးခဲ့သည်။ ရုပ်ရှင်ဇာတ်ကားကို အနုပညာ မြောက်အောင် ရိုက်ကူးထုတ်လုပ်တင်ပြသော တန်းမြင့်ဇာတ်ကားများရှိသော်လည်း ရုပ်ရှင်လောကကြီး၏ အသိအမှတ်မပြု၊ မျက်ကွယ်ပြုခံရသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့ရသည်။


အဆိုပါအခြေအနေမှာ မြန်မာ့ရုပ်ရှင်လောကကြီးတွင် ရုပ်ရှင်ဝေဖန်ရေးကောင်း ကင်းမဲ့နေခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ယခုဆောင်းပါးမှနေပြီး မြန်မာ့ရုပ်ရှင်လောကတွင် ပြောင်မြောက်သော ရုပ်ရှင် ဝေဖန်ရေးများရှိခဲ့သည်ကို မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်ခရီးအထိမ်းအမှတ်အဖြစ် တစေ့တစောင်းရေးသား တင်ပြရခြင်းဖြစ်ပါသည်။


ဤတွင် ရုပ်ရှင်ဝေဖန်ရေးအကြောင်းပြောရလျှင် “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါခင်ဗျား” ခေါင်းစဉ်ဖြင့် ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာမှစပြီး ကြေးမုံခင်မောင်ရီ အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးကို  တစိုက်မတ်မတ်ရေးခဲ့သည့် သတင်းစာဆရာ စိန်ခင်မောင်ရီအကြောင်းကို ချန်လှပ်၍ မရနိုင်ပါ။ သူ၏ ရုပ်ရှင်ဝေဖန်ရေးများက ထက်မြက် ထိရောက်သလို သတင်းခေါင်းတပ်ရာတွင်လည်း လက်သံပြောင်သည့်အတွက် ဆရာဇဝနက ခင်မောင်ရီ၏ရှေ့တွင် စိန်တပ်ပေးခဲ့ခြင်းဖြစ်သည်။ (ယနေ့ခေတ် မီဒီယာသမားတချို့က စိန်ခင်မောင်ရီကို ဆိုင်းဆရာ ရွာစားလားဟု မေးခဲ့သည်ကို ကြားဖူးသည်)။


စိန်ခင်မောင်ရီ ကြေးမုံသတင်းစာတိုက် အယ်ဒီတာချုပ်တာဝန် ထမ်းဆောင်နေစဉ်က စာရေးဆရာအသင်း အတွင်းရေးမှူးအနေဖြင့် အင်္ဂလန်နှင့် ရုရှားနိုင်ငံတို့သို့ သွားခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင် အဖြစ်လည်း ပါခဲ့ဖူးသည်။ ရုပ်ရှင်ဝေဖန်ရေး ဆရာစိန်ခင်မောင်ရီသည် ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန် (သုတ) ဆု)ကို “အနာတဟန်” အမည်ရှိ စာအုပ်နှင့် ချီးမြှင့်ခံရပါသည်။ စိန်ခင်မောင်ရီသည် ရုပ်ရှင် ဝေဖန်ရေးများ ရေးနေသော်လည်း “အမွန်က တစ်ဖက်၊ သူတို့က တစ်ဖက်”နှင့် “ ရွှေလက်ဖြင့် ခေါ်လဲမလာ” ရုပ်ရှင်ဇာတ်ညွှန်း တို့ကိုလည်း ရေးခဲ့ဖူးသည်။ ထို့အပြင် စောင်းသိန်းဖေဆိုခဲ့သည့် “ငွေညှို့ပင်” မြန်မာ့အသံ ဓာတ်ပြားရသီချင်းသည် စိန်ခင်မောင်ရီ၏လက်ရာ ဖြစ်သည်။ ပြဇာတ်တွင်လည်း “မြေပိုင်ရှင် ဦးကံကောင်းနဲ့သမီးများ” ပြဇာတ်သည် သူ့လက်ရာဖြစ်သည်။


သတင်းစာဆရာ၊ အမျိုးသားစာပေဆုရှင်၊ စာရေးဆရာ၊ သီချင်း၊ ဇာတ်ညွှန်း၊ ပြဇာတ်ရေးဆရာ၊ ဘာသာပြန်ဆရာ စသည့်စွယ်စုံရ စိန်ခင်မောင်ရီသည် မဟေသီမဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေး ပင်တိုင်ရေးသားရင်း ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။


ထို့ကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး နှစ်(၁၀၀) ပြည့်မြောက်ခရီးတွင် သတင်းစာဆရာ၊ ရုပ်ရှင်ဝေဖန်ရေး ဆရာ စိန်ခင်မောင်ရီဆိုသော ပြယုဂ်သည် ပျောက်ပျက်မှေးမှိန်သွား၍ မရနိုင်ပါ။ ရုပ်ရှင်လောကကြီးအတွက် ထင်ရှားပေါ်လွင်သော ရုပ်ရှင်ဝေဖန်ရေးအကြောင်းအရာ တစ်ရပ်ဖြစ်နေသည်။


ဆရာစိန်ခင်မောင်ရီ ကြေးမုံသတင်းစာတွင် အယ်ဒီတာလုပ်ပြီး ရုပ်ရှင်ဝေဖန်ရေးများရေးနေချိန်က ကြေးမုံ သတင်းစာတိုက်ပေါ်သို့ လူလေးငါးယောက် လောက်တက်လာပြီး ရန်ရှာခံရဖူးသည်။ သူတို့ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေး ရေးသဖြင့် မကျေနပ်သည့် အတွက် အုပ်စုဖွဲ့ပြီး ရန်လာရှာခြင်း ဖြစ်သည်။ ထို့အပြင် ချောင်းရိုက်မည်ဆိုပြီး နေအိမ်သို့လည်း ပစ်စာတွေ ရောက်ခဲ့သည်။


ဆရာစိန်ခင်မောင်ရီသည် နောက်ပိုင်းကာလများတွင် မဟေသီမဂ္ဂဇင်း၌ ပင်တိုင်ရုပ်ရှင်ဝေဖန်ရေးရေးခဲ့သည်။ ထူးခြားချက်မှာ မြေနီကုန်းရှိ ရွှေမန်း၊ ရတနာပုံ၊ တပင်ရွှေထီး ရုပ်ရှင်ရုံများတွင်တင်သည့် မြန်မာရုပ်ရှင် ဇာတ်ကား သုံးကားကို တစ်နေ့တည်းကြည့်ပြီး တစ်ညလုံး ရုပ်ရှင်ဝေဖန်ရေး ထိုင်ရေးခဲ့ခြင်းပင်ဖြစ်သည်။ (ရုပ်ရှင် ရုံကြီးကြပ်ရေးမှူးများက စိန်ခင်မောင်ရီမှန်းသိသည့် အချိန်မှစပြီး ရုပ်ရှင်ရုံဝင်ခ သက်သာခဲ့သည်။)


ယင်းသို့ ကြည့်သည့်အခါ ရုပ်ရှင်ကြည့်ပရိသတ်၏ ပြောသံဆိုသံတို့ကို နားထောင်ပြီးမှ ဝေဖန်ရေး ရေးခဲ့ သည်ဟု သိရသည်။ သူ့ကို ရုပ်ရှင်လောကသားတချို့က စိန်ခေါ်ဖူးသည်။ ရုပ်ရှင်ဇာတ်ကား မရိုက်တတ်ဘဲ ဝေဖန်ရေး ရေးသည်ဟုဆိုခြင်းကို ဆရာစိန်ခင်မောင်ရီက ထမင်းစားဝိုင်းနှင့် ဥပမာပေးချေပဖူးသည်။ ထမင်းစားသူသည် ထမင်းဝိုင်းမှာပါသည့် ဟင်းလျာတို့၏ အပေါ့၊ အငန်၊ အစပ်ရသာတို့ ပြောနိုင်ရန်အတွက် ဟင်းချက်တတ်ရန် မလိုဟူ၍ ပြန်တုံ့ပြန်ဖူးသည်ဟု သိရသည်။


မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ခရီးအထိမ်းအမှတ်အဖြစ် တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသည့် ရုပ်ရှင်ဝေဖန်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုပ်ရှင်ဝေဖန်ရေးဆရာ စိန်ခင်မောင်ရီ၏ အကြောင်းအရာ တစ်စိတ်တစ်ဒေသကို အမှတ်တရ ပြန်လည်တင်ပြလိုက်ပါသည်။    ။