အညာစာ. . . . မျှစ်ခြောက်

စံလွင်(ငါးဦးစီး)

မျှစ်ကိုဟင်းလျာအဖြစ် အမျိုးမျိုးအဖုံဖုံ ချက်ပြုတ် ကြော်လှော် စားသုံးကြသည်။ ကျေးလက်ဒေသများတွင် မိုးဦးကျ မျှစ်စို့များထွက်ချိန်၌ မျှစ်ချိုးထွက်လေ့ရှိကြ၏။ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆတ်အဖြစ်စားကြသလို အချဉ် တည်၍ မျှစ်ချဉ်အဖြစ်လည်း စားသုံးကြပါ၏။ မြန်မာနိုင်ငံ၌ ဝါးအမျိုးပေါင်း ရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကို စားကုန် အဖြစ် သာမက ရောင်းကုန်အဖြစ်ပါ စီးပွားဖြစ် လုပ်ကိုင်ကြ၏။

ပျဉ်းမနားနှင့် မိုးကုတ်ဒေသထွက် မျှစ်ချဉ်များမှာ နာမည်ကြီး မျှစ်ချဉ်များဖြစ်သည်။ တင်းဝါး၊ မျှင်ဝါး၊ ဝါးစိမ်း၊ ကြခတ်စသော ဝါးအမျိုးများထက် ဝါးဘိုးဝါးမျှစ်စို့ကို အချဉ်စိမ်၍ လုပ်ရသော ဝါးဘိုးမျှစ်ချဉ်ကို ပို၍ လူကြိုက်များကြ၏။

မျှစ်ကို မျှစ်စိမ်း၊ မျှစ်ချဉ်အပြင် အခြောက်လှန်း၍ လည်း မျှစ်ခြောက်အဖြစ် နှစ်ပေါက်ထားကာ စားသုံးကြ ပါသည်။ မြန်မာပြည်အလယ်ပိုင်း ရွှေစက်တော်ဘုရားပွဲ၌ မျှစ်ခြောက်များကို အညာကုန်အဖြစ် အများအပြား ရောင်းချကြသည်ကို တွေ့ဖူးသည်။ မျှစ်ခြောက်အချို့တွင် မျှစ်အရင့်များ ရောနှောပါလာတတ်၍ သတိပြုဝယ်ယူသင့် ပါသည်။

မျှစ်ခြောက်များတွင် ယောနှင့် ဆောနယ်ဘက်က ထွက်သည့် မျှစ်ခြောက်များမှာ နာမည်ကြီးသည်။ အကြောင်းရင်းမှာ မျှစ်အရင့်များမပါဘဲ နူးညံ့သော မျှစ်နုလေးများနှင့်သာ ပြုလုပ်ထားကြ၍ ဖြစ်သည်။ မျှစ်၏ ဂုဏ်ကို ဒဗ္ဗဂုဏ ပကာသနီဆေးကျမ်း၌ မျှစ်နုသည် ဖန်သောအရသာ၊ ချိုသော အရသာရှိ၏။ ပူ၏၊ သလိပ်ကို နိုင်၏ဟု ဆိုထားပါသည်။
မျှစ်ခြောက်ကို စားသုံးရာ၌ အရည်သောက်ထက် မျှစ်ကြော်အဖြစ် စားသုံးရန် အကြိုက်များသည်။ မျှစ်ခြောက်ကို မကြော်မီ ရေတစ်နာရီခန့် စိမ်ရသည်။ ရေစိမ်လိုက်ပါက ပွလာပြီး မျှစ်ဖတ်ကလေးများ နူးညံ့ လာသည်။ မျှစ်ကို သူ့ချည်းသက်သက် ကြော်စားနိုင်သလို အသားတစ်မျိုးမျိုးဖြင့်လည်း ကြော်စားကြသည်။ ရေစိမ်ပြီးသော မျှစ်ခြောက်ကို ကြော်ရန်ရေစစ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

အသင့်ဖြစ်က ဒယ်အိုးတွင် ကြက်သွန်နီဆီသတ်ပြီး မျှစ်ခြောက်များထည့်ကာ ကြော်နိုင်ပါသည်။ အသား တစ်မျိုးမျိုးနှင့် ကြော်မည်ဆိုက ကြက်သွန်နီဆီသတ်ပြီး အသားထည့်ကာ အသားနူးအောင် ရေထည့်ပြီး အဖုံးအုပ် တည်ပါ။ ဆီပြန်၍ အသားနူးလာပါက မျှစ်များထည့်ပြီး အချို၊ အငန် မြည်းပါ။ မျှစ်ခြောက်များအတွင်း ဆားပါပြီး ဖြစ်၍ သတိပြုရန် လိုပါသည်။ မျှစ်များနူးရန် ရေအနည်း ငယ်ထည့်ပါ။ ရေခန်း၍ ဆီပြန်လာက နူးနူးအိအိ မျှစ်ကြော် ပူပူနွေးနွေးစားသုံးနိုင်ပါပြီ။ ကြက်ဥ၊ ဘဲဥ ဖြင့်လည်းကောင်း၊ ပဲပြုတ်ဖြင့်လည်းကောင်း ရောနှောကြော်လှော်၍ စားသုံး ကြပါသည်။